Thursday, August 14, 2014

နိုင်ငံတော်တံဆိပ်ခေါင်းမှာ ထည့်သွင်းဖော်ပြသင့်တဲ့ ပုဂ္ဂိုလ်တွေဆိုတာ။

နိုင်ငံတော်တံဆိပ်ခေါင်းမှာ ထည့်သွင်းဖော်ပြသင့်တဲ့ ပုဂ္ဂိုလ်တွေဟာ ပြည်သူလူထုတစ်ရပ်လုံးက လက်ခံတဲ့၊ တိုင်းပြည်နဲ့  လူမျိုးအကျိုးကို အနစ်နာခံတဲ့ ကိုယ်ကျိုးစွန့် တဲ့ တကယ့်အစစ်အမှန် နိုင်ငံ့ခေါင်းဆောင် ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မြတ်ကြီးတွေဘဲ ဖြစ်သင့်ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ ကိုလိုနီခေတ်၊ လွတ်လပ်ရေးခေတ်ကစလို့  လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလတွေအထိ တရားဝင် နိုင်ငံတော်တံဆိပ်ခေါင်းတွေမှာ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့  ပုံနဲ့  ထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်းများ အများအပြား ရှိခဲ့ပါတယ်။ သို့ သော်လည်း အာဏာရှင်ကြီး သန်းရွှေလက်ထက်မှာ တံဆိပ်ခေါင်းတွေမှာ ဗိုလ်ချူပ်အောင်ဆန်း ပုံ လုံးဝ မပါရှိတော့ဘဲ၊ ဗိုလ်ချူပ်အောင်ဆန်းပုံပါ ငွေစက္ကူတွေကိုပါ မတရားသိမ်းဆည်းပြီး အစဖျောက်ခဲ့ပါတယ်။ ထို့ အတူ မြန်မာ့သမိုင်းဝင် တောင်သူလယ်သမားခေါင်းဆောင်ကြီး ဂဠုန်ဆရာစံနဲ့  အလုပ်သမားခေါင်းဆောင်ကြီး သခင်ဖိုးလှကြီးတို့  ပုံရိပ်ပါ တံဆိပ်ခေါင်းတွေ ငွေစက္ကူတွေကိုပါ ဖြောက်ဖျက်ပစ်ခဲ့ပါတယ်။

ပြည်ပမှာ တရားဝင် ထုတ်ဝေတာဆိုလို့  တံဆိပ်ခေါင်းတစ်ခုက ၁၉၈၃ ခုနှစ်မှာ တောင်ကိုရီးယားက ထုတ်ပြီး တစ်ရက်ဘဲ ရောင်းခဲ့ရတဲ့ တံဆိပ်ခေါင်းမှာ မြန်မာနိုင်ငံ သမ္မတဖြစ်ခဲ့သူ စန်းယုပုံနဲ့  တောင်ကိုရီးယားသမ္မတတို့  ပူးတွဲပုံပါ တံဆိပ်ခေါင်း ဖြစ်ပါတယ်။ စန်းယုဆိုတာကတော့ အာဏာရှင်ကြီးနေ၀င်းက မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ရဲ့  ဥက္ကဋ္ဌကြီးဖြစ်သွားချိန်မှာ သမ္မတအဖြစ် တင်မြှောက်ပေးခဲ့တဲ့ ညာလက်ရုံးကြီး စန်းယုပါ။ နေ၀င်းရဲ့  သေဆို ဆို ရှင်ဆို ရှင် သစ္စာခံကျွန်ကြီးပါ။

နောက်တံဆိပ်ခေါင်းတစ်ခုကတော့ ၁၉၉၁ ခုနှစ်မှာ နော်ဝေးနိုင်ငံက ထုတ်ဝေခဲ့တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အနေနဲ့  ထုတ်ဝေခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ပုံပါ တံဆိပ်ပါခေါင်း ဖြစ်ပါတယ်။

နောက်တံဆိပ်ခေါင်းကတော့ ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်နေ့ မှာ ကုလသမဂ္ဂက ထုတ်ဝေခဲ့တဲ့ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ဦးသန့်  (ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း) ကို ဂုဏ်ပြုတဲ့ ဦးသန့်  ပုံနဲ့  တံဆိပ်ခေါင်းပါ။

ဒီတော့ မြန်မာနိုင်ငံအတွင်းက ထုတ်ဝေခဲ့တဲ့ နိုင်ငံတော် တံဆိပ်ခေါင်းတွေမှာ လူပုဂ္ဂိုလ်နှင့် သက်ဆိုင်သည့်၊ ပြည်သူလူထုခေါင်းဆောင် နိုင်ငံ့ခေါင်းဆောင်အနေနှင့် သတ်မှတ်သည့် လွတ်လပ်ရေးဖခင်ကြီး အမျိုးသားခေါင်းဆောင်ကြီး တပ်မတော်ဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရဲ့  ပုံရိပ်ကိုသာလျှင် ထည့်သွင်းဖော်ပြ ထုတ်ဝေခဲ့တယ်။

ပြည်ပက ထုတ်ဝေခဲ့တဲ့ တံဆိပ်ခေါင်းနှစ်ခုဖြစ်တဲ့ ဦးသန့်  (ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးဟောင်း) ပုံပါ တံဆိပ်ခေါင်းနဲ့  ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရ ဒေါ်အောင်ဆန်းစုကြည် ပုံပါ တံဆိပ်ခေါင်းတွေဟာ တကယ့်ကို ဂုဏ်ပြုသင့်တဲ့ လေးစားထိုက်သူ အရည်အချင်းနဲ့  ပြည့်စုံသူ ကမ္ဘာ့ခေါင်းဆောင်အဆင့်ရှိသူတွေရဲ့  ပုံပါ တံဆိပ်ခေါင်းတွေ ဖြစ်လို့  အပြည့်အ၀ လက်ခံစရာပါ။

ဒါပေမယ့် အကယ်လို့ သာ မြန်မာနိုင်ငံမှာ တံဆိပ်ခေါင်းအသစ်ထုတ်လို့ များ အာဏာရှင်ကြီးတွေ ဖြစ်ကြတဲ့ နေ၀င်း သန်းရွှေ မောင်အေးတို့  ပုံတွေ၊ လက်ရှိ အာဏာရူးနေကြဆဲ ဖြစ်နေကြတဲ့ ဗိုလ်ချူပ်ကြီးဟောင်းသစ်များရဲ့  ပုံတွေနဲ့ တံဆိပ်ခေါင်းတွေ ထုတ်လို့ ကတော့ ပြည်သူလူထုအပေါ် အကြီးမားဆုံး စော်ကားရိုင်းပြမှု တစ်ခု ဖြစ်ပါလိမ့်မယ်။


No comments: