Saturday, August 30, 2014

ပြည်သူလူထုအပေါ် အကြမ်းဘက်နိုင်အောင် အကြမ်းဘက်နည်းတွေ သင်ယူနေကြတဲ့ သင်ပေးနေကြတဲ့ လုပ်ရပ်များ။

ပြည်သူလူထုအပေါ် အကြမ်းဘက်နိုင်အောင် အကြမ်းဘက်နည်းတွေ သင်ယူနေကြတဲ့ သင်ပေးနေကြတဲ့ လုပ်ရပ်များ။

အမျိုးသမီးတွေပါ မရှောင်၊ လူကြီးသူမတွေကိုပါ အရိုအသေမထား၊ တောသူတောင်သား လယ်သမားတွေအပေါ်မှာပါ သနားညှာတာမှု မရှိသည်အထိ ရမ်းကားနေသော ရဲတပ်ဖွဲ့ ဝင် တွေဟာ ရဲစစ်စစ်တွေရော ဟုတ်ပါရဲ့ လားဆိုတာ သံသယရှိစရာပါဘဲ။

ရဲစစ်စစ်ဆိုတာ တည်ရှိဆဲ ဥပဒေတွေကို ကိုယ်တိုင်က ထိန်းသိမ်းလိုက်နာရမယ့်အပြင် ပြည်သူလူထုကိုလည်း ဥပဒေစည်းမျဉ်းစည်းကမ်းတွေနဲ့ အတူ ကာကွယ်စောင့်ရှောက်ပေးရမှာပါ။ ပြစ်မှုကျူးလွန်သူတွေကို ဥပဒေဘောင်အတွင်းကနေ သတ်မှတ်ထားတဲ့ လုပ်ပိုင်ခွင့်ကို မကျော်လွန်ဘဲ တရားနည်းလမ်းကျကျနဲ့  အရေးယူဆောင်ရွက်မှု လုပ်ရမှာပါ။ ဒီလိုမျိုး လိုက်နာဆောင်ရွက်သူကိုမှသာလျှင် စစ်မှန်တဲ့ ရဲလို့  သတ်မှတ်ရမှာပါ။

အခုတော့ တရားဥပဒေနဲ့ အညီ လိုက်နာဆောင်ရါက်ရမယ့်သူတွေ ကိုယ်တိုင်က ဥပဒေစည်းမျဉ်းစည်းကမ်းတွေကို ချိုးဖောက်ပြီး၊ ရိုင်းစိုင်းရမ်းကားစွာ အကြမ်းဘက်မှုတွေ စတင်ပြုလုပ်တယ်ဆိုတော့ စောစောက ပြောတဲ့ ရဲစစ်စစ်မှ ဟုတ်ပါရဲ့ လားဆိုတဲ့ မေးခွန်းအဖြေက ရှင်းနေပါတယ်။

စစ်မှန်တဲ့ ရဲ တစ်နည်းပြောရရင် ရဲအစစ်တွေ မဟုတ်ဖူးလို့  ဖြေရပါလိမ့်မယ်။ ဒါဆိုရင် ပြောစရာရှိပါလိမ့်ဦးမယ်၊ ရဲတပ်ဖွဲ့ ယူနီဖောင်းတွေ ၀တ်ထားတာဘဲဆိုတာ။ ယူနီဖောင်းအ၀တ်အစား ရာထူးတံဆိပ် ၀တ်စားဆင်ယင် တပ်ဆင်ထားပေမယ့် စစ်မှန်တဲ့ ရဲတစ်ဦး လိုက်နာစောင့်ထိမ်းရမယ့် စည်းမျဉ်းစည်းကမ်းနဲ့  စောင့်ထိန်းရမယ့် အကျင့်သိက္ခာတရားတွေကို မလိုက်နာဖူးဆိုရင် ရမ်းကားသူလို့ ဘဲ ဆိုရမှာပါ။ ထို့ အတူ ယနေ့  ယခုအချိန်လေးမှာ ယူနီဖောင်း ကောက်ဝတ် ရာထူးတံဆိပ်ချိတ်ပြလိုက်ရုံနဲ့  ရဲတစ်ယောက်လို့  မြင်တွေ့ နိုင် ထင်မှတ်နိုင်တာဘဲ။ ရုပ်ရှင်ထဲက ရဲလည်း ယူနီဖောင်းဝတ် ရာထူးတံဆိပ်တပ်ထားတာဘဲ။ ဒါပေမယ့် အဲ့ဒါ ရဲအတုပါ။ ဒီလို ရဲအတုတွေပါ။

ဒါဆိုရင် စစ်မှန်တဲ့ ရဲမဟုတ်တဲ့ ရဲအတုအယောင်တွေ ရှိနေလို့ လား။ ရှိတာပေါ့ အများကြီးကို ရှိတာပါ။ စစ်တပ်ကနေ အကြောင်းအမျိုးမျိုးနဲ့  ရဲတပ်ဖွဲ့ ထဲကို ပြောင်းရွှေ့ ခိုင်းပြီး ရဲလုပ်ခိုင်းခဲ့တာတွေ အာဏာရှင်ကြီး နေ၀င်းလက်ထက်မှာကတည်းက စခဲ့တာပါ။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်း ရဟန်းရှင်လူပြည်သူလူထုကို အကြမ်းဘက်နှိမ်နင်းဖို့ ၊ နိုင်ငံတကာမှာ အပြောလွတ်အောင် နိုင်ငံတကာဥပဒေလွတ်အောင်ဆိုပြီး အရပ်ဘက် အကြမ်းဘက်နှိမ်နင်းရေးပုံစံသာ သက်ရောက်အောင် စစ်တပ်ဘက်ကသူတွေကို ရဲ လုံခြုံရေးယူနီဖောင်းတွေ ပေးဝတ်ပြီး အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့ ဝင်တွေအဖြစ် အသုံးချခဲ့တာတွေ ရှိခဲ့တာပေါ့။ အဲ့ဒါ ရဲအတုတွေလို့  ဆိုရမှာပါ။

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလမှာ ဆိုရင်လည်း သံဃာတော်ရှင်သူမြတ်တွေကို ရိုက်ပုတ်ဖမ်းဆီး အကြမ်းဘက်ဖို့  မလုပ်ရဲကြတဲ့အနေအထား မလုပ်ရဲကြတဲ့အခြေအနေတွေမှာ မြို့ နယ်ရပ်ကွက်တွေမှာ ဆိုးသွမ်းမိုက်ရိုင်းနေသူတွေနဲ့  ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့လို့  ထောင်သွင်းအကျဉ်းချထားခဲ့တဲ့ ထောင်ကျလူဆိုးလူမိုက်များကို ထောင်တွင်းကနေ လွှတ်ပေးကာ အရက်သေစာတိုက် စိတ်ကြွအောင် ဖန်တီးပေးပြီးနောက် ရဲ လုံခြုံရေးတပ်ဖွဲ့ ယူနီဖောင်းတွေ ပေးဝတ်ကာ အမိန့် ပေး ခိုင်းစေခဲ့ရုံမက အများပြည်သူအမြင်နဲ့ နိုင်ငံတကာအမြင်ကို လှည့်ဖြားဖို့  စွမ်းအားရှင်ဆိုပြီး လုပ်ခဲ့တာ အဲ့ဒီ ရဲအတုတွေပါ အပါအ၀င်ပေါ့။

ဒါဆိုရင် ပြည်သူလူထုရဲ့  အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးဖို့ ဝေးစွ၊ ရဟန်းရှင်လူ ပြည်သူ့ လူထုကို ရမ်းကားဖို့  အကြမ်းဘက်ဖို့  လက်သပ်မွေးထားတဲ့ အကြမ်းဘက်သမားတွေသာ ဖြစ်တယ်ဆိုတာ ထင်ရှားနေတာဘဲ။

အဲ့ဒီ ရဲအတု အကြမ်းဘက်ရမ်းကားသူတွေကို အကြမ်းဘက်နှိမ်နင်းရေး သင်တန်းတွေ ပေးခဲ့ကြတာ အဆိပ်ပင်ရေလောင်းရုံမက၊ အားပေးအားမြှောက်ပြုလုပ်ကာ သွယ်ဝိုက်ပြီး အကြမ်းဘက်လုပ်ရပ်တွေ ဖြစ်မြောက်အောင် လုပ်ပေးနေသလို ဖြစ်နေတယ်ဆိုတာ နိုင်ငံတကာကနေ မြန်မာပြည်တွင်း သွားရောက်ပြီး အကြမ်းဘက်နှိမ်နင်းရေး သင်တန်းပေးခဲ့ကြတဲ့ ပေးနေကြတဲ့ ပေးကြမယ့် ပုဂ္ဂိုလ်တစ်ဦးချင်းစီမှာရော အစုအဖွဲ့ တွေမှာရော တာဝန်မကင်း ပါဝင်ပတ်သက်မှု ရှိနေတယ်ဆိုတာ သတိပေးပြောကြားချင်သလို၊ လက်ရှိ သိန်းစိန်ဦးဆောင်သော အာဏာရူးအုပ်စုရဲ့  ကြိုတင်စီမံကာ ယုတ်မာမှုတွေလုပ်ဖို့  လုပ်နေတဲ့ လုပ်ရပ်ဆိုတာ ပြောလိုပါတယ်။

ယနေ့  ယခု ဖြစ်ပျက်နေတဲ့ အနေအထားတွေကို ကြည့်ရင် သက်သေတွေပါ။ သံဃာတော်ရှင်သူမြတ်တွေကို မီးလောင်ဗုန်းနဲ့  ပစ်ခဲ့တာ၊ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ပြသနေသူတွေကို ဖမ်းဆီးဆဲ ထောင်ချဆဲ ပြုလုပ်နေတာ၊ တောင်သူလယ်သမားတွေကို အကြမ်းဘက်နေတာတွေ ကြည့်ရင် ဒီရဲအတုအယောင် အကြမ်းဘက်သမားတွေရဲ့  ရမ်းကားမှုတွေ ပေါ်လွင်နေတာဘဲ။

သတင်းအချက်အလက်ရရှိမှုတွေအရ နိုင်ငံခြားကို ရောက်ရှိနေထိုင်နေကြတဲ့သူတွထဲက မြန်မာပြည်တွင်း သွားရောက်ပြီး အကြမ်းဘက်နှိမ်နင်းရေးသင်တန်း သွားပေးနေသူတွေ ရှိနေပါတယ်။ ဒီလိုမျိုး အဆိပ်ပင်ရေလောင်း ပြည်သူလူထုအပေါ်ကို ညှင်းပမ်းအကြမ်းဘက်မှုတွေကို အားပေးအားမြှောက် ဖြစ်မြောက်အောင် ကူညီလုပ်ဆောင်နေတာတွေကို ရပ်တန့် ပါလို့  ကြိုတင်သတိပေးလိုပါတယ်။

ထို့ အတူ နိုင်ငံရပ်ခြားမှာ နေနေကြတဲ့ မျိုးချစ်မြန်မာပြည်သူများအနေနဲ့ လည်း ဒီလိုမျိုးအနေအထားတွေကို သိရှိကြရင် ၀ိုင်းဝန်းတားမြစ်ပေးဖို့  ရှုတ်ချဖို့  ကန့် ကွက်ဆန္ဒပြဖို့  မေတ္တာရပ်ခံလိုပါတယ်။ ပြည်သူလူထု အသက်အိုးအိမ်စည်းစိမ် မပျက်ပြား မထိခိုက် မနာကျင်အောင် မိမိတို့  တတ်နိုင်တဲ့နေရာ တတ်နိုင်တဲ့ အနေအထားကနေ ၀ိုင်းဝန်းကူညီဆောင်ရွက်ပေးကြပါ။

ပြည်သူလူထုအပေါ် အကြမ်းဘက်နေသူတွေကို ပိုမိုအကြမ်းဘက်နိုင်အောင် အကြမ်းဘက်နှိမ်နင်းရေးနည်းလမ်းတွေ သင်တန်းသွားပေးနေတဲ့၊ ဆက်လက်ပြီး သင်တန်းပေးဦးမယ့် လုပ်ရပ်တစ်ခုကို အသိပေးရင်း ဆက်လက်မဖြစ်ဖို့  ၀ိုင်းဝန်းတားဆီးပေးကြစေချင်ပါတယ်။

လွန်ခဲ့တဲ့ ဖေဖေါ်ဝါရီလက ရန်ကုန်မှာ စောစောက ပြောခဲ့တဲ့ ရဲတုတွေ အကြမ်းဘက်ရမ်းကားသူတွေကို ဥရောပယူနီယံက သင်တန်းဆရာတွေ လွှတ်ပြီး အကြမ်းဘက်နှိမ်နင်းရေး နည်းတွေ ပို့ ချသင်ကြားပေးခဲ့ပါတယ်။ ဒီလုပ်ရပ်ဟာ ပြည်သူလူထုအတါက် အင်မတန် ထိခိုက်စေနိုင်တဲ့ အန္တရာယ်ရှိစေတဲ့ အဆိပ်ပင်ရေလောင်းလုပ်ရုံမက အစွယ်တဖွေးဖွးနဲ့  သားစားဘီလူးလက်ထဲ လူသတ်လက်နက်ထည့်ပေးလိုက်သလိုပါ။ အဲ့ဒီ အကြမ်းဘက်နှိမ်နင်းရေးနည်းတွေကို သင်ကြားရရှိခဲ့တဲ့ ရဲတု စုစုပေါင်း ၁၄၀၀ ကျော်ဟာ ယခု မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ပြည်သူလူထုအပေါ် ရမ်းကားနှိပ်စက် ညှင်းပမ်းရိုင်းစိုင်းမှုတွေ လုပ်နေပြီလို့  ယခုတစ်လော ပေါ်ပေါက်နေတဲ့ အကြမ်းဘက်မှုတွေက သက်သေပြလာနေပါပြီ။

ယခုနှစ် ဖေဖော်ဝါရီလမှာ အဲ့ဒီ ရဲတုပေါင်း ၁၄၀၀ ကျော်ကို သင်ကြားပို့ ချပေးလို့  ပြီးစီးသွားဦးမှာ မဟုတ်ဘဲ၊ လာမည့်နှစ် ၂၀၁၅ ခုနှစ် မတ်လမှာ ရဲတု ၄၀၀၀ ကျော်ကို အပြီးသတ် အကြမ်းဘက်နှိမ်နင်းမှုနည်းလမ်းတွေ သင်တန်းဆက်ပေးဖို့  လုပ်နေကြပါတယ်။ ပေါင်စတာလင် ဆယ်သန်းအကုန်အကျခံပြီး လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ ယခုဆိုရင် လှို့ ဝှက်ပြီး စနေလောက်ပါပြီ။ စုံစမ်းဖော်ထုတ် တားဆီးကြဖို့  လိုပါတယ်။

လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအကြိုကာလနဲ့  ရွေးကောက်ပွဲအချိန်တွေမှာ ယုတ်မာရိုင်းစိုင်းစွာနဲ့  ပြည်သူလူထုအပေါ် နှိမ်နင်းမှုတွေ ပြုလုပ်ဖို့  သိန်းစိန်တို့  အာဏာရူးအုပ်စုဟာ နိုင်ငံတကာအစိုးရနဲ့  အဖွဲ့ အစည်းတွေကို ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလမ်း လျှောက်လှမ်းဖို့  လိုအပ်တဲ့ လုံခြုံရေးရာကာကွယ်တားဆီး အရေးယူဆောင်ရွက်ဖို့  ဆိုပြီး လိမ်ညာအကြောင်းပြကာ၊ ၄င်းတို့ လက်သပ်မွေး စုဖွဲ့ ထားတဲ့ အကြမ်းဘက်သမား ရဲတုတွေ လူဆိုးလူမိုက် လူရမ်းကားတွေကို ယခုလို အကြမ်းဘက်နည်းတွေ ရယူတတ်မြောက်အောင် လုပ်နေတာ ဖြစ်ပါတယ်။

ပြည်သူလူထုအနေနဲ့  ယခုလို အာဏာရူး သိန်းစိန်တို့  အုပ်စုရဲ့ ယုတ်မာမှုအပေါင်းနဲ့  ရိုင်းစိုင်းသော ရမ်းကားသော အကြမ်းဘက် လက်နက်ကိုင်အင်အားစုတွေရဲ့  လုပ်ရပ်တွေကို ကြိုတင်သိရှိကြပြီး၊ သတိရှိရှိ သတ္တိရှိရှိ စုစုစည်းစည်း ညီညာမှုနဲ့  ကြိုတင်ပြင်ဆင်ထားကာ မိမိတို့  အသက်အိုးအိမ်စည်းစိမ်အတွက် ကာကွယ်စောင့်ရှောက် တွန်းလှန်တိုက်ဖျက်နိုင်ရန် ဆောင်ရွက်ကြဖို့  ဖော်ပြလိုက်ရပါတယ်။

ထို့ အတူ ပြည်သူလူထုဘက်ကို သစ္စာစောင့်သိလိုကြတဲ့ စစ်မှန်သော တပ်မတော်သားများနဲ့  မှန်ကန်သော ပြည်သူ့ ရဲများအနေနဲ့ လည်း မိမိတို့ ကဲ့သို့  အယောင်ဆောင်နေကြသော အာဏာရှင်လက်ပါးစေများကို ပြည်သူလူထုနှင့်အတူ ၀ိုင်းဝန်းဖော်ထုတ် တိုက်ဖျက်ပေးဖို့  မေတ္တာရပ်ခံအပ်ပါတယ်။





No comments: