Thursday, September 25, 2014

တစ်ပွင့်ထဲကို အဓိက တိုက်ဖို့ ထက် သုံးပွင့်တွေ လေးပွင့်တွေနဲ့  အချိန်ကုန်နေကြလို့ ။

တစ်ပွင့်ထဲကို အဓိက တိုက်ဖို့ ထက် သုံးပွင့်တွေ လေးပွင့်တွေနဲ့  အချိန်ကုန်နေကြလို့ ။

သုံးပွင့်ဆိုင် လေးပွင့်ဆိုင်တွေ ပြောနေကြ ဆိုနေကြတာ အာဏာရှင်စနစ်ဆန့် ကျင်ရေးလည်း နှစ်ပေါင်း ၅၀ ကျော်နေပြီ။ အပွင့်တွေ ဆိုင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးနေကြတာ မပြီးနိုင်တော့ဖူး။ တော်လှန်ရေးကြီးလည်း အဓွန့် ရှည်ပါစေ ဆုတောင်းပေးရမလို ဖြစ်နေပြီ။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားပြည်သူလူထုအားလုံးကို နှစ်ပေါင်းများစွာ ဆက်တိုက်ဒုက္ခပေးနေတဲ့ ပန်းတစ်ပန်းထဲကို အရင်ပြိုလဲကျအောင် အမြစ်ကို လှန်နိုင်အောင် တူးဆွခြေဖျက်နိုင်အောင် အဓိကအသားပေးပြီး လုပ်ကြဖို့  ပိုအရေးမကြီးဖူးလား။ အဲ့ဒီပန်းက သုံးပွင့်လည်း မဟုတ်ဖူး လေးပွင့်လည်း မဟုတ်ဖူး။ တစ်ပွင့်တည်းနဲ့ ဘဲ ဒုက္ခပေးနေတာ။ အဲ့ဒါ အဆိပ်ပန်းပွင့်ဘဲ။ အဲ့ဒီ အဆိပ်ပန်းပွင့်က ကျန်တဲ့ အားလုံးသော ပန်းတွေ အပွင့်တွေအတွက် သေမင်းဘဲ။

အဲ့ဒီ တစ်ပွင့် အဆိပ်ပန်းပွင့်က “အာဏာရှင်အဆိပ်ပန်းပွင့်” ဘဲ။ ဒီတစ်ပွင့်ထဲ ပန်းကို ဦးတည်ပြီး ကိုယ့်ဘက်ကလည်း တစ်ပွင့်ထဲသော ပန်းနဲ့  အလေးထား တိုက်ကြပါလား။ ကိုယ့်ဘက်က တစ်ပွင့်ထဲဘဲ ဖြစ်သင့်တဲ့ ပန်းက “ညီညွှတ်စွာ လက်တွဲမှု” ဆိုတဲ့ ပန်းတစ်ပွင့်ဘဲ။

အာဏာရှင် အဆိပ်ပန်းပွင့်ရှိနေသ၍ ငြိမ်းချမ်းရေးဆိုတာလည်း ဟန်ပြဘဲ ဖြစ်မယ်။ ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးဟာလည်း အဲ့ဒီ အာဏာရှင်အဆိပ်ပန်းပွင့်က သူဆက်လက်ရှင်သန် ကြီးထွားဖို့  ငြိမ်းချမ်းရေးဆိုတဲ့ ဓါတုမြေသြဇာကို ဖန်တီးဖြည့်သိပ်ထည့်တာဘဲ။ ဒါကို သုံးပွင့်ဆိုင် လေးပွင့်ဆိုင် ပွင့်ဖို့  ပိုအရေးကြီးသလို ဖြစ်နေကြပြီး အဆိပ်ပင် ပိုအားကောင်းအောင် ရေထပ်လောင်းပေးနေကြရဲ့ ။

အမိမြေမှာ အဲ့ဒီ့အဆိပ်ပန်းသေပြီးမှ ငြိမ်းချမ်းသာယာမှ သုံးပွင့် လေးပွင့်ဆိုင်မကဖူး အပွင့်ပေါင်းများစွာ အလှပြိုင်ပြီး ပွင့်ကြစမ်းပါ။ အခုတော့ သုံးပွင့်တွေ လေးပွင့်တွေနဲ့  မပြီးဆုံးသော အိမ်မက်လို မက်နေကြတာထက် ယခုလာမယ့် ၂၀၁၅ ခုနှစ်မှာ ဘာဆက်လုပ်မှာလည်းဆိုတာ လက်တွေ့ ကျကျ ဓမ္မဓိဋ္ဌာန်ကျကျ လုပ်ကြဖို့  လိုတယ်။
ငြိမ်းချမ်းရေးတို့  တွေ့ ဆုံဆွေးနွေးပွဲတို့ ဆိုတာ လက်တွေ့ အလုပ်ရော ဖြစ်ကြရဲ့ လားဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်က သမိုင်းတွေ၊ မှတ်တမ်းမှတ်ရာတွေ ပြန်လေ့လာသုံးသပ်ကြဦး။ ဒါမှမဟုတ် အသက်စွန့် လွှတ်သွားခဲ့ကြတဲ့ သက်ဆိုင်ရာ ခေါင်းဆောင်ကြီးတွေကို ပြန်ခေါ်မေးကြဦး။

အာဏာရှင်စနစ်နဲ့  အာဏာရှင်အုပ်စု ရှိနေသေးသ၍ ဘာငြိမ်းချမ်းရေးမှ ရမှာ မဟုတ်ဖူး။ တွေ့ ဆုံဆွေးနွေးပွဲဆိုတာလည်း ဘယ်တော့မှ မပြီးနိုင်တဲ့ လုပ်ဇာတ်ပွဲတွေဘဲ ဖြစ်နေလိမ့်မယ်။

တစ်ခုတည်းသော နည်းလမ်းဘဲ ရှိတယ်။ ပြည်သူလူထုတိုက်ပွဲနဲ့  အာဏာရှင်စနစ်နဲ့  အာဏာရှင်တွေကို ဖြူတ်ချဖို့ သာလျှင် လက်တွေ့ အကျဆုံး ဖြစ်မယ်။ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဒေသ ကိုယ့်မျိုးဆက်အတွက် တကယ်စစ်မှန်သော ငြိမ်းချမ်းသော အာမ ခံသော အနေအထားမျိုး ဖော်ဆောင်ပေးချင်တယ်ဆိုလျှင် အာဏာရှင်အဆိပ်ပန်းတစ်ပွင့်ကို ၀ိုင်းဝန်းတိုက်ကြ၊ ပြည်သူလူထုတိုက်ပွဲ ရအောင် အဓိက ဖော်ဆောင်ကြ။

အာဏာရှင်လက်အောက်က လွတ်မြောက်စေချင်ရင် ငြိမ်းချမ်းရေး၊ တွေ့ ဆုံဆွေးနွေးရေး၊ သုံးပွင့်ဆိုင် လေးပွင့်ဆိုင်တွေ နောက်မှာ ထားထားဦး …. အရင်လုပ်ရမှာ အာဏာရှင်ကို လွှင့်အောင်တိုက် … ။



No comments: