Thursday, December 11, 2014

နေ၀င်း အနွယ် အကျန်တွေက အကြံပေးနေတော့။

အကျန်တွေက အကြံပေးနေတာ ဒုက္ခဘဲ။ 

သမ္မတ သိန်းစိန်ရဲ့  ပညာရေးအကြံပေး ဒေါက်တာ ဒေါ်ရင်ရင်နွယ်ဆိုတာ ဆေးဘက်ဆိုင်ရာ ဆရာဝန် မဟုတ်ပါဖူး။ ဘူမိဗေဒပညာရပ်ရဲ့  ဘာသာခွဲတစ်ခုဖြစ်တဲ့ Mineralogy ဘာသာရပ်နဲ့  Ph.D ရရှိခဲ့သူပါ။ ဒေါက်တာ ဒေါ်ရင်ရင်နွယ်ဟာ အာဏာရှင်ကြီး နေ၀င်းရဲ့  သား ဖြစ်သူ ဖြိုးေ၀၀င်းရဲ့  ဇနီးဟောင်းဖြစ်ပြီး သားဖြစ်သူ တိုးနေ၀င်း ထွန်းကားခဲ့ပါတယ်။ ဖြိုးေ၀၀င်းဟာ ဂျာမန်အမျိုးသမီးတစ်ယောက်နဲ့  အကြောင်းပါသွားလို့  အိမ်ထောင်ကွဲကာ ဒေါ်ရင်ရင်နွယ်ဟာ ဂျာမဏီကနေ အမေရိကန်နိုင်ငံကို ပြောင်းရွှေ့ ခဲ့တယ်။
 
အာဏာရှင်ကြီးနေ၀င်းရဲ့  ချွေးမဆိုတဲ့ အရှိန်အ၀ါနဲ့  အလုပ်အကိုင်ကောင်းကောင်း ရခဲ့တယ်။ ကုလသမဂ္ဂ (UN) ယူနီဆက်မှာ လုပ်ကိုင်ခဲ့လို့  နိုင်ငံအတော်များများ ရောက်ရှိခဲ့တယ်။ နောက်ဆုံး ၂၀၁၁ ခုနှစ်ထိ တရုတ်ပြည်ဆိုင်ရာဌာနေကိုယ်စားလှယ်အဖြစ် လုပ်ခဲ့ပြီးနောက် သိန်းစိန်ရဲ့  အကြံပေးအဖွဲ့ ထဲ ပါရှိလာခဲ့တယ်။
 
သိန်းစိန်ရဲ့  ပညာရေးအကြံပေးဆိုတဲ့ အနေအထားကို ကျော်လွန်ပြီး မိမိနဲ့  မသက်ဆိုင်တဲ့ ကျန်းမာရေးပိုင်းဆိုင်ရာ ဆေးပညာနယ်ပယ်မှာ ၀င်ရောက်ပြောတဲ့အပြင် ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေကိုပါ စော်ကားပြောဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ ကျေးလက်ဒေသမှာ အခြေခံပြည်သူလူထုအတွက် ဆေးဘက်ဆိုင်ရာ ဆရာဝန်တွေ များစွာ လိုအပ်နေပါတယ်။ တစ်ရွာကို ဆရာဝန်တစ်ယောက် ထားရှိပါလို့ လည်း မည်သူမည်ဝါမှ မတောင်းဆိုပေမယ့်၊ နီးစပ်ရွာ ရွာကြီးရွာငယ်တွေအတွက် ကျန်းမာရေးပိုင်းဆိုင်ရာ ဆရာဝန်တွေ ရှိသင့်တာ အမှန်ပါ။ ဒါကို လူတော်တော်များများ စွဲနေတာက တစ်ရွာကို ဆရာဝန်တစ်ယောက်ထားသင့်တယ်ဆိုတာ ဒါ ဖြစ်လည်း မဖြစ်သင့်ပါဖူးလို့  ပြောလိုက်ခြင်းပါ။ ကျေးလက်ဒေသ ဝေးလံခေါင်းပါးတဲ့ နေရာဒေသ ကျေးလက်တောရွာတွေမှာ ဆရာဝန်တွေ ရှိရင် ပိုမကောင်းဖူးလား။ တိုင်းပြည်မှာ ဒီလိုအခြေအနေမျိုးရောက်အောင် ၀ိုင်းဝန်းကြိုးပမ်းဆောင်ရွက်နိုင်ကြရင် မကောင်းဖူးလား။
 
ဒီအပြင် ထပ်မံစော်ကားပြောဆိုတဲ့စကားကတော့ လေ့ကျင့်မှုမရှိတဲ့ ဆရာဝန်တွေ ဆေးထိုးရင် သေလိမ့်မယ်၊ ဆရာဝန်တွေက မလိုအပ်ဘဲ ဆေးသိပ်ထိုးချင်ကြတယ်ဟု ပြောဆိုလိုက်ခြင်းပါ။ ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေကို ၀ါးလုံးရှည်နဲ့  သိမ်းကြုံးရိုက်သလို စော်ကားလိုက်တာပါ။ ဒီလို ဒေါ်ရင်ရင်နွယ် ဘာလို့  စော်ကားပြောဆိုရတာပါလည်းဆိုတာ လေ့လာကြည့်တဲ့အခါမှာ ဒေါ်ရင်ရင်နွယ်ဟာ ကျန်းမာရေးဝန်ထမ်းဆရာဝန်တွေအပေါ် အထင်သေးနှိမ်ချဆက်ဆံချင်တဲ့ စိတ် အခြေခံရှိနေတာကြောင့်လို့ ဆိုတာ ဒေါ်ရင်ရင်နွယ် ပြောဆိုခဲ့ဖူးတဲ့ - ဆင်းရဲတဲ့နိုင်ငံတွေမှာ လုပ်ခဲ့ရလို့ လူတွေရဲ့ တကယ့်ဆင်းရဲမွဲတေမှုတွေ၊ တိုးတက်ဖွံ့ဖြိုးဖို့ လိုအပ်တာတွေ၊ ရောဂါမျိုးစုံတွေကို တွေ့ခဲ့ရတယ်။ ဒီလိုဆင်းရဲသားတွေ၊ ရောဂါတွေကို ကိုယ်တိုင်ကြုံတွေ့မြင်ခဲ့ရတဲ့အတွက် နောက်ပိုင်းမှာ ကိုယ်က ဆရာဝန် မဟုတ်သော်လည်းဘဲ ဆရာဝန်တွေကိုပါ အုပ်ချုပ်လာနိုင်ခဲ့တယ် - လို့ ဆိုတဲ့ စကားအရ ယူနီဆက်မှာ တာဝန်အရ ဆရာဝန်တွေအပေါ် အုပ်ချူပ်ခဲ့တဲ့ မာန်မာနကြောင့်ဘဲ ဖြစ်ပါတယ်။
 
ဒီလို စကားကို လက်လွယ်စပယ်ပြော၊ မိမိနဲ့  မသက်ဆိုင်တဲ့ ကိစ္စရပ်မှာ ၀င်ရောက်ချယ်လှယ်ပြောဆို၊ ခန့် ထားတာက သိန်းစိန်ကို အကြံပေးဖို့  ပြောနေလုပ်နေတာက ပြည်သူလူထုအပေါ် အကြံတုံး ဥာဏ်တုံးတွေနဲ့  ဆရာမကြီးသဏ္ဍန် လုပ်၊ ယခုထိ သြဇာအာဏာအရှိန်အ၀ါ မပျောက်သေးဘဲ လွမ်းမိုးမှုတွေ လုပ်ချင်နေသေးတဲ့ ဒေါ်ရင်ရင်နွယ်တို့ လို လူစားမျိုးတွေကို အကြံပေးဆိုပြီး ခန့် အပ်ထားလေတော့ အမိနိုင်ငံနဲ့  ပြည်သူလူထု မျိုးဆက်သစ်တွေဘ၀အတွက်ကတော့ ရင်လေးစရာပါဘဲ။ 

ဒေါ်ရင်ရင်နွယ်ရယ် ကိုယ့်မှာ ရှိတဲ့ အကျန် ကိုယ့်ဖာသာဘဲ သုံးစွဲလိုက်ပါတော့၊ ပြည်သူလူထုကို ဒုက္ခမပေးပါနဲ့ ။
 
 
 

No comments: