Wednesday, February 25, 2015

ဤရေးသားချက်ကို အစမှ အဆုံးဖတ်ကြည့်လျှင် သဘောပေါက်ပါလိမ့်မယ်။

အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးလှုပ်ရှားမှုအပေါ် အမျိုးမျိုး စွပ်စွဲ သွေးထိုး လိမ်ညာပြောဆိုနေကြမှုများ သိသာမြင်သာစေရန်အတွက် ဤရေးသားချက်ကို အစမှ အဆုံးဖတ်ကြည့်လျှင် သဘောပေါက်ပါလိမ့်မယ်။

(ကိုယ့်နိုင်ငံရဲ့ ပညာရေးအနာဂတ်တိုးတက်လာဖို့ အရေးကြီးဆုံးဖြစ်တဲ့ ပညာရေးဥပဒေကို ဘာသာရေးနဲ့ သက်ဆိုင်သယောင်ယောင် ရောထွေးအောင် ဖန်တီးပြီး ဒီပညာရေးဥပဒေကြမ်း အတည်မဖြစ်အောင်၊ တစ်နည်းအားဖြင့် နိုင်ငံရဲ့ ပညာရေး အခုလိုပဲ နိမ့်မြဲ နိမ့်ကျနေအောင်၊ အာဏာရှင်တွေအလိုကျ ပညာတတ်တွေ ပေါ်ထွန်းမလာအောင် အောက်လမ်းနည်းတွေသုံးပြီး ကန့်ကွက်နေကြတဲ့၊ ဆန္ဒပြဖို့ စီစဉ်နေကြတဲ့ အာဏာရှင်လက်ကိုင်တုတ်တွေ၊ ဥပဒေကိုတောင် သေချာမဖတ်ဘူးတဲ့ မျက်ကန်းမျိုးချစ်တွေလည်း သေသေချာချာ ဒီစာကို ဖတ်ပါ)။

မဘသနှင့် အမျိုးသားရေးဆိုသူများသည် အမျိုး၊ ဘာသာ၊ သာသနာ မကွယ်ပျောက်အောင် မွတ်စလင်ကုလားများနှင့် မြန်မာအမျိုးသမီးများ လက်ထပ်ခြင်းကို တားဆီး ပိတ်ပင်သင့်ကြောင်း လှုံ့ဆော်ခဲ့သည်။ လူမျိုးခြားကို ယူသော် မျိုးပွါးလျှင် တနိုင်ငံလုံး ကုလားပြည် ဖြစ်လိမ့်မည် ဟူ၍၎င်း၊ ကုလားမယားဟု ပုတ်ခတ်၍၎င်း ဟောပြောကြသည်။ မြန်မာအမျိုးသမီးကို ယူလိုသော ဘာသာခြား (ကုလား) ကို ဗုဒ္ဓဘာသာဝင်အဖြစ် ကူးပြောင်းစေမည့်၊ ဗုဒ္ဓဘာသာဝင် အချင်းချင်း လက်ထပ်ခြင်းကိုသာ ခွင့်ပြုမည့် မျိုးစောင့်ဥပဒေကို တောင်းဆိုသော လက်မှတ်ထိုးရန် လူအများကို လှည့်လည် စည်းရုံးခဲ့သည်။ မထောက်ခံသူများကို အမျိုးသားသစ္စာဖောက်အဖြစ် ကြေညာချက်များ ထုတ်ပြန်ကာ အပုဎ်ချ တိုက်ခိုက်ခဲ့သည်။

ဦးသိန်းစိန်အစိုးရသည် ဘာသာခြား (ကုလား) က ဘာသာကူးပြောင်းရန် မလိုပဲ လက်ထပ်ခွင့် ရှိသော ဥပဒေကို ရေးဆွဲပြီး လွှတ်တော်သို့ တင်ပြအခါ ကန့်ကွက်ရမည့်အစား ရေငုံနှုတ်ပိတ်ခဲ့သည်။ လက်မှတ်ထိုးသော ပြည်သူ ၁. ၃ သန်းကျော် မျက်နှာကို မထောက်ညှာပဲ အစိုးရ၏ လိမ်လည်မှုကို အလိုတူ အလိုပါ လက်ခံခဲ့သည်။ ဤသို့ အမျိုးသားရေး အရေခြုံကာ အမျိုးသားသစ္စာဖောက်ခဲ့လေသည်။ ထို့ကြောင့် မဘသ အမျိုးသားရေးဆိုသူ အရေခြုံများကို မယုံကြည်သင့်ပြီ။ ပြည်သူများအကြား စိတ်ဝမ်းကွဲအောင် မှောက်ချည် လှန်ချည် အမျိုးမျိုး အဖုံဖုံ သွေးထိုးနေခြင်းသာ ဖြစ်သည်။

“လေးပွင့်ဆိုင်ရေးဆွဲသော အမျိုးသားပညာရေးပြင်ဆင်သည့် ဥပဒေကြမ်း အပေါ် ဝေဖန်မှုများကို သုံးသပ်ခြင်း”

လောကမှာ သစ္စာတရား ခေါင်းပါးပြီး မုသားဝါဒီတွေ ကြီးစိုးနေတာ လက်ပိုက်ကြည့်နေရင် လူမပီသဘူးလို့ ခံစားမိတယ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် ဗုဒ္ဓရှင်တော် အလောင်းတော်ဘဝ ၄ သင်္ချေနဲ့ ကမ္ဘာတစ်သိန်း ပါရီမီ ဖြည့်ဆည်းရာမှာ အမှန်စကားကိုသာ အမြဲဆိုတယ်။ အဲဒီပါရမီဟာ အမှန်တရားဖြစ်သော သစ္စာလေးပါးကို ထိုးထွင်းသိမြင်စေတာပဲ။ ဒီတော့ လိမ်ညာစကားဆိုခြင်းဟာ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တံခါး ပိတ်စေမှာ ဖြစ်ပါတယ်။ လိမ်ပြောသူ နိဗ္ဗာန် မရ။ အမှန်တရားကို ဖော်ထုတ်သူတွေဟာ ပါရမီဖြည့်တာပဲ။ အမှန်ပြောသူဟာ သစ္စာတရားသို့ လားရာမျဉ်းတဖြောင့်တည်းမှာ ရှိပါတယ်။

လောကမှာ ပညာဟာ အမြတ်ဆုံးပါ။ သီလ၊ သမာဓိ၊ ပညာဆိုပြီး ပညာဟာ အထွဋ်အထိပ် ဖြစ်သလို အသိပညာ၊ အတတ်ပညာရပ်တွေ သင်ကြားဆည်းပူးမှုဟာ ရွှေအိုးထက် တန်ဖိုးရှိပါတယ်။ ပညာရွှေအိုး လူမခိုးဆိုသလို ဘူဒိုဇာနဲ့ ဖြိုလို့မရတဲ့ တိုင်းပြည်ရဲ့ ရတနာတွင်းတွေပါ။ ဒီကနေ့ မြင်တွေ့နေရတာတော့ အင်မတန် နှလုံးနာစရာ ကောင်းပါတယ်။ အနှစ် ၅၀ ကျော် (ရာစုတဝက်) တိုင် နိမ့်ကျပျက်စီးနေတဲ့ တိုင်းပြည်ရဲ့ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲဖို့ ကျောင်းသားကျောင်းသူတွေရဲ့ သက်စွန့်ကြိုးပမ်းမှုကြီးကို မုသားဝါဒီတွေက မြင့်မြတ်တဲ့ ဘာသာရေးအမည်နာမကို အသုံးချပြီး ဖျက်ဆီးနေကြပါတယ်။

နိုင်ငံရေးရည်ရွယ်ချက်ရှိရှိနဲ့ ကျောင်းသားတွေရဲ့ ဒေါသကို ဆွပေးနေတာ ဖြစ်ပါတယ်။ ထိုလိမ်ညာမှုတွေကို ကျောင်းသားများက မခံမရပ်နိုင်ဖြစ်ရင်း အငြင်းပွါးရာက ကျောင်းသားနဲ့ ဘုရားသား ရန်မီးပွါးမယ့် အကွက်ပါ။ လွှတ်တော်က အချိန်ဆွဲ ကလိမ်ကကျစ်လုပ်ရင် ရန်ကုန်ကို ချီတတ်လာမယ့် ကျောင်းသားထုကို သံဃာထုနဲ့ တားဖို့ အစီအမံပါ။ ဒီလို လှုံ့ဆော်သွေးထိုးဖို့ သပိတ်ရပ်တန့်နေစေဖို့ အချိန်ကာလတခုကို အကြောင်းအမျိုးမျိုးပြပြီး ဝယ်ယူခဲ့ပါတယ်။

တချို့ ခပ်ကြောင်ကြောင်သမားတွေက မူလအမျိုးသားပညာရေးဥပဒေကို လွှတ်ပစ်လိုက်ပြီလို့ ဝါဒဖြန့်ပါတယ်။ ပြင်ဆင်မှု amendent ဆိုတာ မူလ original ဥပဒေကြီးကို အမှိုက်ဘုံးထဲ ပစ်ထည့်လိုက်တာ မဟုတ်ပါဘူး။ အိမ်ပြင်တာ အိမ်ဖြိုချတာ မဟုတ်ပါဘူး။ အဲဒီလောက် တုံးနေသူတွေ ရှိနေလို့ ပညာရေးပြုပြင်သင့်ပြီလို့ တောင်းဆိုတာ လွန်အံ့မထင်၊ ပြောရရင် အနှစ်၂၀လောက် နောက်ကျနေပါသေးတယ်။

အစိုးရနဲ့ ၄ ပွင့်ဆိုင် ဆွေးနွေးပွဲမှာ တချက်ချင်း အကြေအလည် ညှိနှိုင်းပြီးမှ ဥပဒေပြင်ဆင်မှုကို အတူတကွ ရေးဆွဲခဲ့ကြတာပါ။ ကျောင်းသားချည်း ရေးဆွဲတဲ့ ဥပဒေကြမ်း၊ NNER ရေးဆွဲတဲ့ ဥပဒေကြမ်းလို့ အစိုးရရဲ့ ရေးသားချက်တွေဟာ တာဝန်မဲ့ စကားပါ။ ကိုယ်စားပြုခြင်း၊ တွေ့ဆုံဆွေးနွေး အဖြေရှာခြင်း၊ အားလုံးသဘောတူမှုကို ရယူခြင်းဆိုတဲ့ စားပွဲဝိုင်းယဉ်ကျေးမှုကို သူတို့ကိုယ်၌က အလေးအနက်ထားခြင်း မရှိတာ တွေ့နိုင်ပါတယ်။

ဒီအပြင် ဥပဒေကြောင်းအရ အခြေခံဥပဒေ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီမှုရှိမရှိ "ပြည်ထောင်စု ရှေ့နေချုပ်ရုံး" မှာ စိစစ်ခံဖို့ ပေးပို့ခဲ့ပါတယ်။ ကျောင်းဆရာ ဆရာမတွေကို နိုင်ငံရေးလွတ်လပ်ခွင့်ပေးဖို့က ကျန်ဝန်ထမ်းစည်းမျဉ်းကို အရင် ပြင်သင့်တယ်၊ လွှတ်တော်က ဥပဒေကြမ်းကို သမတလက်မှတ်ထိုးရန် မလိုပဲ အတည်ဖြစ်တယ် .. ဆိုတာလောက်ပဲ အကြံပြုထားပြီး ကျန်အချက်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ တည်ဆဲဥပဒေတွေနဲ့ ကိုက်ညီတယ်လို့ မှတ်ချက်ပြန်လာပါပြီ။ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ဖေ့ဘုတ်မှာ အဆိုပါ "ပြည်ထောင်စု ရှေ့နေချုပ်ရုံး" မှတ်ချက်များကို တင်ခဲ့ပြီး နာရီပိုင်းအတွင်း ဖြုတ်ချသွားပါတယ်။

ကျောင်းသားများက အချက် (၁၁) ပါ ဆန္ဒသဘောထားက အမှတ်စဉ် (၇) မှာ "တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကား အခြေပြု ဘာသာစကားစုံ ပညာရေးစနစ်ကို အမျိုးသားပညာရေး ဥပဒေတွင် ထည့်သွင်းပြဌာန်းရန်" ဟု အတိအကျ ဖော်ပြထားပါတယ်။ "တိုင်းရင်းသားမျိုးနွယ်စုများ" ဆိုတဲ့ စကားရပ်ဟာ အလိုလို ဖြေရှင်းပြီး ဖြစ်ပါတယ်။ (မုသားဝါဒီတို့က ကုလားကို တိုင်းရင်းသား သတ်မှတ်နေကြသလော?)

အဆိုပါ တိုင်းရင်းသားတွေအတွက် ရည်ရွယ်တဲ့ တောင်းဆိုချက် အမှတ်စဉ် (၇) နှင့် အညီ လေးပွင့်ဆိုင်က ရေးဆွဲထားသော ပြဒါန်းထားတဲ အခန်း (၄ - င ) မိခင်ဘာသာစကား "အသုံးပြု" သင်ကြားခွင့်ဆိုတာ ထပ်မံရှင်းအောင် ပြောချင်ပါတယ်။

မိခင်ဘာသာစကားကို အတင်းအကြပ် သင်ပေးဖို့ မဟုတ်ပါဘူး။ သက်ဆိုင်ရာ တိုင်းရင်းသားစကား လွှမ်းမိုးတဲ့ ဒေသ၊ မြို့နယ်တွေမှာ ကလေးတွေဟာ သူတို့တိုင်းရင်းဘာသာစကားကို "အသုံးပြု" ပြီး သင်ကြားမှ နားလည်နိုင်မှာပါ။

ကျနော်တို့ ကိုယ်ချင်းစာကြည့်ပါ။ အထက်တန်း Science သမားတွေ ပိုသိမှာပေါ့။ ဆေးကျောင်း၊ စက်မှုကျောင်းမှာ အင်္ဂလိပ်လို ပြောဆိုပြီး သင်ကြားသလား? စာအုပ်ထဲမှာ အင်္ဂလိပ်လို အကြောင်းအရာကို မြန်မာလို ပြောပြီး သင်နေတာ မဟုတ်လား။ ဒီတော့ အင်္ဂလိပ်စာ အားနည်းချက်ကြောင့် ဒီစာတွေကို ကျက်မှတ်ရတာ ခက်ခဲပါတယ်။ English ဝါကျအတိုင်း ၏သည်မလွဲ ကျက်နေကြတော့ စာထဲက သဘောတရားကို ထိထိမိမိ စဉ်းစားတွေးခေါ်မှု ကျဆင်းလာပါတယ်။ အလွတ်ကျက်ပညာရေးစနစ် ဖြစ်သွားခဲ့ပါတယ်။ တိုင်းရင်းသားတွေမှာ ကျနော်တို့ထက် ပိုပြီး ခက်ခဲမှာပါ။ ဒီခက်ခဲမှုဟာ တိုင်းရင်းသား ဖွံ့ဖြိုးတိုးတက်ရေးကို များစွာထိခိုက်ပါတယ်။ မုသားဝါဒီတို့က တိုင်းရင်းသားတွေက သူတို့နားလည်တဲ့ မိခင်ဘာသာစကားနဲ့ ဘာသာပြန်ပြီး သင်မယ်ဆိုတာ ဘာလို့ အလိုမကျ ဖြစ်နေတာလဲ။

ပီးတော့ ဒီဥပဒေက အခြေခံ မူတွေပါ။ အခြေခံ မူတွေကို အကောင်အထည်ဖော်ဖို့ နောက်ထပ် "နည်းဥပဒေတွေ" ရေးဆွဲရပါဦးမယ်။ အဲဒီအချိန်မှာ ဆရာ၊ ဆရာမ လိုအပ်ချက်၊ အကောင်အထည်ဖော်မှု လုပ်ငန်းအဆင့်ဆင့် စတဲ့ အချက်တွေကို ရေးဆွဲရဦးမှာပါ။ ဒါကြီးကို နေ့ချင်းညချင်း ရာနှုန်းပြည့် အကောင်အထည်ဖော်ဖို့ မဟုတ်ပါဘူး။ ဒါဟာ တိုင်းပြည်ရဲ့ Resource အနေအထားအရ နှစ်ရှည်ဆောင်ရွက်ရမယ့် Master Plan ပါ။ ပညာရေးစနစ်တခုဟာ အနည်းဆုံး အနှစ် ၂၀ ကြာရှည်ပါတယ်။

မုသားဝါဒီတို့က ဒီအချက်ကို ဖုံးကွယ်ပြီး လက်ရှိ Resource ကို ထောက်ပြပြီး မဖြစ်နိုင်လို့ ဘူးခံနေကြတာပါ။ လက်ရှိ Resource အနေအထားနဲ့ နေ့ချင်းညချင်း ဘာမှ လုပ်လို့ မရဘူး။ အဆင့်မြင့်ဆရာတွေ ရေးတဲ့ စာမေးပွဲမေးခွန်းတွေ၊ ကျောင်းစာအုပ်တွေမှာတောင် အမှားမှားအယွင်းယွင်းနဲ့ပါ။ ဘာသားစကားကျွမ်းကျင်တဲ့ ဒေသခံ အရည်အချင်းပြည့်ဝတဲ့ ဆရာဆရာမတွေကို နေ့ချင်းညချင်း မွေးထုတ်ပေးနိုင်ခဲ့လို့လား? ။

ပြီးတော့ မြန်မာစာကို လုံးဝ အမှိုက်ဘုံးထဲ ပစ်ထည့်လိုက်တာ မဟုတ်ပါဘူး။ ပုဒ်မ င-ခခ မှာ မြန်မာနဲ့ အင်္ဂလိပ်ကို သင်ကို သင်ရမယ် လို့ ပြဌါန်းထားပါတယ်။

နောက်တချက်က ကျောင်းအုပ်ချုပ်ရေးပိုင်း လွတ်လပ်စွာ စီမံ ခန့်ခွဲခွင့်။ ဒီကျောင်းမှာ ဒီလိုသင်တာ မကြိုက်ရင် မတက်ပဲ တခြားကျောင်းမှာ တက်ပေါ့။ ကျောင်းအုပ်ချုပ်ရေးအဖွဲ့ကလဲ သူ့ကျောင်းဟောင်းလောင်း ဖြစ်မှာ ဘယ်တော့မှ မဖြစ်မခံဘူး။ ဒေသဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် လုပ်မှ ကျောင်းသားရှိမှာပေါ့။

ရန်ကုန်ကို ပြုံတိုးမှာပေါ့ ဆိုတာလဲ လူဖျင်းတွေး တွေးတာပါ။ ဘာကြောင့် ရန်ကုန်ကို ကျောင်းသားရော၊ ဆရာရော ပြုံတိုးနေကြသလဲ Root Cause ဆန်းစစ်ပြီး ပြုပြင်ရမှာပါ။ ဝင်ပေါက်ပိတ်ထားတာ ပြသနာ ဖြေရှင်းနည်း မဟုတ်ပါဘူး။

တက္ကသိုလ်မှာလဲ ဆရာ၊ ကျောင်းသားကို စိစစ်ရွေးချယ်ခွင့်ရှိသလို၊ ဆရာ၊ ကျောင်းသားကလဲ ကြိုက်နှစ်သက်ရာ ကျောင်းကို လျှောက်ထားခွင့် ရှိရမှာပါ။ ကျနော်တို့တုံးက ဆိုရင် ကျောင်းသားက သတ်မှတ်ထားတဲ့ တိုင်းဒေသ/ပြည်နယ်ရှိ ကျောင်းကလွဲရင် တခြားတက္ကသိုလ်ကို လျှောက်ထားခွင့် မရှိပါဘူး။ အိမ်ထောင်စုဇယားပြောင်းဦး ဘာဦးနဲ့ အလွန်ခက်ခဲပါတယ်။ တက္ကသိုလ်တက်ဖူးသူတိုင်း ဒီအချက်ကို သိမှာပါ။ ရွေးချယ်မှုက နှစ်ဦး နှစ်ဘက်လိုအပ်ချက်အပေါ် မူတည်ပါတယ်။ အခုက မုသားဝါဒီတွေက လျှောက်ထားခြင်းနဲ့ လက်ခံ/ခန့်အပ်ခြင်းကို ဗလုံးဗထွေးနဲ့ လှည့်စားပြောဆိုနေတာပါ။

“ဘာသာရေးနဲ့ သွေးထိုးနေကြတဲ့ ပုဒ်မခွဲ (ည) ကို ရှင်းလိုပါတယ်”

"အမျိုးသားပညာရေးဥပဒေပုဒ်မ ၃၄ (ဈ) နောက်တွင် ပုဒ်မခွဲ (ည)ကို အောက်ပါအတိုင်း ဖြည့်စွတ်မည် -

(ည) အခြားဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများ "

ပညာရေးကျောင်းများ = ဆိုသည်မှာ သူငယ်တန်း၊ ပထမတန်း စတဲ့ ကျောင်းစာသင်ပေးတဲ့ ကျောင်းပါ။ ခရစ်ယာန်အဖွဲ့အစည်း၊ ဟိန္ဒူအဖွဲ့အစည်း၊ အစ္စလမ်အဖွဲ့အစည်းက ဖွင့်လှစ်ထားသော ပထဝီ၊ သိပ္ပံစတဲ့ ဘာသာရပ်သင်ကြားသော ကျောင်းအမျိုးအစား ဖြစ်ပါတယ်။ ကျောင်းပညာရပ်ဘာသာတွေကို သင်တာကို ပြောတာပါ၊ ခရစ်ယာန်ဘာသာတရား၊ အစ္စလာမ်ဘာသာတရားကို သင်တာကို ပြောတာ မဟုတ်ပါဖူး။ မုသာဝါဒီ တိုက်ခိုက်လိုသူတွေက ဘာသာဆိုတာနဲ့  ပညာရပ်ဘာသာနဲ့  ဘာသာတရားကို ထင်ယောင်ထင်မှားဖြစ်အောင် လုပ်ပြီး ဘာသာရေးပဋိပက္ခအဖြစ် ဖန်တီးဖို့  ပြောဆိုနေတာပါ။

ဘာသာရေးလွမ်းမိုးမှု မရှိစေရေးကို ပြင်ဆင် ပုဒ်မ (ဍ) မှာ " ပညာရေးသည် ဘာသာရေး အဖွဲ့အစည်း၊ နိုင်ငံရေးအဖွဲ့အစည်းတို့၏ လွှမ်းမိုးမှု ကင်းလွတ်ရမည် ၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ နိုင်ငံရေးယုံကြည်ခွင့်နှင့် လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားရမည်" လို့ အတိအလင်း ဖော်ပြထားပါတယ်။

ဒီအပြင် အခန်း (၄ - ဂ ) မှာ အမျိုးသား သင်ရိုးညွန်းတမ်းရေးဆွဲရေး ကော်မတီ ဖွဲ့စည်းရန် ပါရှိပါတယ်။ အမျိုးသား သင်ရိုးညွန်းတမ်းစံ သတ်မှတ်ချက်ကို ကျော်လွန်ပြီး သင်ကြားခွင့် မရှိပါဘူး။ စည်းလွတ်ဘောင်လွတ် မရှိပါဘူး။ စည်းနဲ့ ဘောင်နဲ့ အလွန်စနစ်ကျပါတယ်။

ပုဒ်မ - ၆၇ မှာ လွတ်လပ်ရေးရပြီးထဲက ဦးသိန်းစိန်အစိုးရအထိ တည်ရှိနေတဲ့ ပညာရေးဆိုင်ရာ ဥပဒေတွေကို ဤဥပဒေနဲ့ မဆန့်ကျင့်လျှင် "ဆက်လက်" ကျင့်သုံးဖို့ ပြထားပါတယ်။

ပုဒ်မ ၆၈ (က)။ ဘာသာရေးကိုသာ သီးသန့်သင်ကြားသော ကျောင်းများသည် ဤဥပဒေနှင့် သက်ဆိုင်ခြင်း မရှိရ - ဆိုရာမှာ ဥပဒေဝေါဟာရကို နားမလည်ချင်ယောင်ဆောင်ပြီး သွေးခွဲနေတာပါ။

ပုဒ်မ၃၄ (ည) မှာ ပညာရေးကျောင်းများ လို့ တိတိပပ ဖော်ပြထားပြီး ပုဒ်မ ၆၈ (က) ဟာ ဘာသာရေးကျောင်းကို ရည်ညွန်းတာပါ။ "ဘာသာရေးကျောင်း" နဲ့ "ပညာရေးကျောင်း" ဝေါဟာရ နှစ်ခု လုံးဝခွဲခြားထားပါတယ်။

ကဲ! ရှင်းပါတယ်နော်။ မုသားဝါဒီတွေ လာပြီး သံယောဇဉ်မကပ်ပါနဲ့။

တရုတ်ဘုရားကျောင်းမှာ တရုတ်စာသင်တာ၊ ဗလီမှာ ကုလားစာသင်တာတွေက ဦးသိန်းစိန် အစိုးရအထိ ခွင့်ပြုထားတာပဲ။ ဘာမဆိုင် ညာမဆိုင် ဗလီမှာ ဘာသာရေးစာသင်တာနဲ့ ဆွဲကပ်ပြီး စောဒကတတ်တာ လုံးဝ မရိုးသားဘူးပဲ ဆိုချင်တယ်။ အဲဒါက သာသနာရေးအောက်မှာ အကျုံးဝင်သွားပြီ။ ပြောချင်ရင် ဦးသိန်းစိန်ရဲ့ သာသနာရေးဝန်ကြီးဌာန စည်းမျဉ်းကို ပြင်ပေးဖို့ သွားပြောလှည့်။ မပြောရဲရင် ကိုယ့်လက်မ ကိုယ်စုပ်ပြီး ဘေးမှာ အသာနေစမ်းပါ (မျိုးစောင့်ဥပဒေဆိုပြီး ဦးသိန်းစိန်က ဘာသာခြား ( ကုလား ) နဲ့ တရားဝင်လက်ထပ်ခွင့်ဥပဒေကို နွားမရွှံပိတ် ထုတ်ပြန်လိုက်တုံးက ဇက်ကလေးပု၊ လျှာလေးတစ်လစ်ဖြစ်သွားတာ မှတ်မိနေဆဲပဲနော် ... ဟင်း ... ဟင်း )

အခု အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်တဲ့ဥပဒေကြမ်းမှာ ပုဒ်မ ၃၆ရဲ့ ပုဒ်မခွဲတစ်ခုအနေနဲ့ (ည) အခြားဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများ ဆိုပြီး အသစ်ထည့်သွင်းလိုက်ပါတယ်။ ဒါကိုပဲ အချို့လူတွေနဲ့ ဘာသာရေးအစွန်းရောက်တွေက ဘာသာရေးကျောင်းမှာ လွတ်လပ်စွာ ဖွင့်လှစ်ခွင့် ရသွားသလိုမျိုး ယူဆပြီး အာရဗီကျောင်းတွေ မှိုလိုပေါက်လာလိမ့်မယ်ဆိုပြီး စွပ်စွဲထားတာကိုတွေ့ရပါတယ်။ ဥပဒေကို သေချာကျကျနန မဖတ်တဲ့သူတွေကလည်း ထပ်ဆင့်ဖြန့်ဝေကြတာကို တွေ့ရပါတယ်။

ရှင်းပါ့မယ်။

(၁) တခြားဘာသာရေးအဖွဲ့အစည်းများမှ ဖွင့်လှစ်ထားသော ပညာရေးကျောင်းများဆိုတာက ဘာသာရေးအဖွဲ့အစည်းတစ်ခုခုက ကမကထပြုပြီး ဖွင့်လှစ်ထားတဲ့ ပညာရေးကျောင်းကို ဆိုလိုပါတယ်။ ပညာရေးကျောင်းဆိုတာက ပညာရေးကို သင်ကြားပို့ချတဲ့ကျောင်းကို ဆိုလိုခြင်းသာ ဖြစ်ပါတယ်။ ပြီးတော့ အမျိုးသားပညာရေးဥပဒေရဲ့ အခန်း(၁၄) ပုဒ်မ (၆၈) (က)နဲ့ (ခ)မှာ ဘာသာရေးကိုသာ သီးသန့်သင်ကြားပေးသောကျောင်းများသည် ဤဥပဒေနဲ့ သက်ဆိုင်ခြင်း မရှိစေရ။ ပြည်တွင်းရှိ လူမှုရေး၊ ဘာသာရေးအသင်းအဖွဲ့များက ပုဒ်မ ၃၄၊ ပုဒ်မခွဲ (ဈ) တွင် အကျုံးဝင်သောကျောင်းများကို ဖွင့်လှစ်လိုလျှင် ၀န်ကြီးဌာနနှင့် သက်ဆိုင်ရာဝန်ကြီးဌာနတို့က ထုတ်ပြန်သည့် နည်းဥပဒေ၊ စည်းမျဉ်း၊ အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဆိုတာ ပါပြီးသားဖြစ်ပါတယ်။ ဒါ့ကြောင့် ဘာသာရေးအဖွဲ့အစည်းတစ်ခုခုက ပညာရေးကျောင်း ဖွင့်လှစ်တဲ့အခါမှာ ခွင့်ပြုချက်မပါဘဲ လုံးဝဖွင့်လှစ်လို့ မရပါဘူး။

(၂) နောက်တစ်ချက် စွပ်စွဲထားတာက ပုဒ်မ ၆၅ (ခ) ကိုပါ။ သက်ဆိုင်ရာကျောင်း သို့မဟုတ် ပညာရေးအဖွဲ့အစည်းသည် ပြည်တွင်းပြည်ပ ပုဂ္ဂိုလ် သို့မဟုတ် တရားဝင် အဖွဲ့အစည်းများ၏ ထောက်ပံ့လှူဒါန်းငွေ သို့မဟုတ် ပစ္စည်းများကို စိစစ်လက်ခံနိုင်သည် ဆိုတဲ့ အချက်ကို ကြည့်ပြီး OIC က လာထောက်ပံ့ရင် ဘယ်လိုလုပ်မလဲဆိုပြီး မေးခွန်းထုတ်ထားတာ တွေ့ပါတယ်။ ဟုတ်ကဲ့ အဲဒီအချက်သာ မပါခဲ့ရင် မြန်မာနိုင်ငံက ကျောင်းတွေဟာ ဘီလ်ဂိတ်က လာပြီး လှူလည်း လက်ခံခွင့်မရှိ၊ ကုလသမဂ္ဂက လာလှူလည်း လက်ခံခွင့်မရှိ ဖြစ်သွားပါလိမ့်မယ်။ OIC တစ်ခုတည်းကို စိုးရိမ်ကြောက်လန့်နေတာနဲ့ပဲ ကိုယ့်နိုင်ငံက ကျောင်းတွေ နိုင်ငံတကာအကူအညီ ထောက်ပံ့မှု ရယူနိုင်ခွင့်ကို ပိတ်ပင်သလို ဖြစ်သွားပါလိမ့်မယ်။ ပြီးတော့ ဥပဒေမှာ တရားဝင်အဖွဲ့အစည်းလို့ ရေးသားထားတာ ဖြစ်တဲ့အတွက် တကယ်လို့ အဖွဲ့အစည်းတစ်ခုခုဟာ ကျွန်တော်တို့နိုင်ငံရဲ့ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားအောင် ၀င်လုပ်နေပြီဆိုရင် အချိန်မရွေး တရားမ၀င်အဖြစ် ကြေငြာလို့ ရပါတယ်။ စိတ်ပူစရာမလိုပါ။

(၃) နောက်တစ်ခု စွပ်စွဲထားတာက ဒေသခံဘာသာစကားနဲ့ သင်ကြားခွင့်ပြုလိုက်ရင် ရခိုင်ပြည်နယ်လိုမျိုးဆို ဘင်္ဂါလီဘာသာစကားနဲ့ သင်ကြားခွင့်ရသွားလိမ့်မယ်ဆိုပြီး သေချာနားမလည်ဘဲ စွပ်စွဲထားတာပါ။ အမျိုးသားပညာရေးဥပဒေထဲမှာ ဒေသခံဘာသာစကားဆိုတာ လုံးဝမပါပါဘူး။ မိခင်ဘာသာစကားဆိုပြီးတော့ပဲ ပါပါတယ်။

မိခင်ဘာသာစကားဆိုတာ အားလုံး နားလည်ထားတဲ့အတိုင်း တိုင်းရင်းသားလူမျိုးတစ်ခုခုရဲ့ သူတို့ရဲ့ဘာသာစကားကိုပဲ ဆိုလိုတာ ဖြစ်ပါတယ်။ ဘင်္ဂါလီဟာ တိုင်းရင်းသားမဟုတ်တဲ့အတွက် ဘင်္ဂါလီဘာသာစကားနဲ့ သင်ကြားခွင့်ဆိုတာ ဖြစ်လာနိုင်စရာအကြောင်း မရှိပါဘူး။ ပိုပြီးတော့ စိတ်ချရချင်ရင် ဥပဒေထဲမှာ မိခင်ဘာသာစကားဆိုသည်မှာ..ဆိုတဲ့ ဖွင့်ဆိုချက်မျိုး ထည့်သွင်းပေးဖို့ လွှတ်တော်ဆီ အကြံပေးသင့်ပါတယ်။ (လက်ရှိ မူကြမ်းထဲမှာ အဲဒီလို အဓိပ္ပာယ်ဖွင့်ဆိုချက် မပါသေးပါ)။ အချို့က မိခင်ဘာသာစကားနဲ့ သင်ကြားခွင့်ပြုမယ်ဆိုရင် အဆင်ပြေမှာ မဟုတ်လောက်ဘူးဆိုပြီး ဝေဖန်တာမျိုးလည်း တွေ့ပါတယ်။ ဒါအတွက် ပုဒ်မ ၂၂(င)(ကက) မှာ ပါပြီးသားပါ။ "မိခင်ဘာသာစကားကို ရွေးချယ်အသုံးပြုရန်အတွက် ကျောင်းအလိုက် ကျောင်းအုပ်ချုပ်ရေးအဖွဲ့မှ ဆုံးဖြတ်ခွင့်ရှိသည်" ဆိုပြီး ဥပဒေကြမ်းမှာ ရေးထားပါတယ်။ သူတို့မှာ မိခင်ဘာသာစကားနဲ့ သင်ရိုးမရှိရင် ကျောင်းအုပ်ချုပ်ရေးအဖွဲ့အနေနဲ့ဆုံးဖြတ်မှာ မဟုတ်ပါဘူး။

(၄) နောက် ပုဒ်မ ၁၈ပါ။ "ပညာရေးသည် ဘာသာရေးအဖွဲ့အစည်း နိုင်ငံရေး အဖွဲ့အစည်းတို့၏ လွှမ်းမိုးမှုမှ ကင်းလွတ်ရမည်။ လွတ်လပ်စွာကိုးကွယ်ခွင့်နှင့် နိုင်ငံရေးယုံကြည်ခွင့်နှင့် လူ့ဂုဏ်သိက္ခာကို တန်ဖိုးထားရမည်။" ဆိုပြီး ဥပဒေမှာ ရေးထားပါတယ်။

ဒီလောက်ကောင်းတဲ့အချက်ကို လွတ်လပ်စွာကိုးကွယ်ခွင့်လေး မြင်လိုက်တာနဲ့ အစွန်းရောက်တွေက အတော်လေး ကြောက်သွားပုံရပါတယ်။ ဟုတ်ကဲ့ လွတ်လပ်စွာကိုးကွယ်ခွင့်က ဒီပညာရေးဥပေဒကြမ်းကြောင့် မဟုတ်ပါ။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေမှာကတည်းက လွတ်လပ်စွာ ကိုးကွယ်ခွင့်ပေးထားပြီးသားဖြစ်ပါတယ်။ လွတ်လပ်စွာကိုးကွယ်ခွင့်ကို ပိတ်ပင်တားဆီးတာဟာ အစွန်းရောက်နိုင်ငံတွေပဲ ပိတ်ပင်တားဆီးလေ့ ရှိပါတယ်။

နိဂုံးချုပ်အနေနဲ့ ကိုယ့်နိုင်ငံရဲ့ ပညာရေးအနာဂတ်တိုးတက်လာဖို့ အရေးကြီးဆုံးဖြစ်တဲ့ ပညာရေးဥပဒေကို ဘာသာရေးနဲ့ သက်ဆိုင်သယောင်ယောင် ရောထွေးအောင် ဖန်တီးပြီး ဒီပညာရေးဥပဒေကြမ်း အတည်မဖြစ်အောင်၊ တစ်နည်းအားဖြင့် နိုင်ငံရဲ့ ပညာရေး အခုလိုပဲ နိမ့်မြဲ နိမ့်ကျနေအောင်၊ အာဏာရှင်တွေအလိုကျ ပညာတတ်တွေ ပေါ်ထွန်းမလာအောင် အောက်လမ်းနည်းတွေသုံးပြီး ကန့်ကွက်နေကြတဲ့၊ ဆန္ဒပြဖို့ စီစဉ်နေကြတဲ့ အာဏာရှင်လက်ကိုင်တုတ်တွေ၊ ဥပဒေကိုတောင် သေချာမဖတ်ဘူးတဲ့ မျက်ကန်းမျိုးချစ်တွေ ရပ်တန့်က ရပ်ဖို့ သင့်ပြီဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။

(ရေးသားသူ - အဲ မွန် ဒယား)။

No comments: