Saturday, February 21, 2015

အာဏာရှင်နဲ့  လက်ပါးစေတွေရဲ့  ခေတ်အဆက်ဆက်က ရမ်းကားပစ်သတ်ခဲ့လို့  ထိခိုက်ဒဏ်ရာရခဲ့ကြ သေခဲ့ကြတဲ့ ကြက်ခြေနီတွေ သူနာပြုတွေ ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း အော်ပေးကြပါဦး။

လောက်ကိုင်မှာ ကြက်ခြေနီကို ပစ်လို့ ဆိုပြီး ဆတ်ဆတ်ခါအောင် နာနေကြ၊ ဂျီနီဖာကွန်ဗန်းရှင်းကြီးကို ချိုးဖောက်တယ်ဆိုပြီး ပြောကြ၊ နိုင်ငံတကာဥပဒေကို ကျူးလွန်တယ်ဆိုပြီး ပြောကြနဲ့  အရင်တုန်းက ကြက်ခြေနီဆိုရင် ဖုတ်လေတဲ့ ငပိရှိတယ်လို့ တောင် မထင် မသိ မပြောကြတဲ့သူတွေ အခုတော့ အသံကောင်းထွက်ပြနေကြတာ နားတောင် ခါးရဲ့ ။

ဟိုတစ်လောတုန်းက ကြက်ခြေနီတပ်ခွဲမှုးဝတ်စုံကြီးနဲ့  အာဇာနည်နေ့ မှာ လုံခြုံရေးတာဝန်ယူခဲ့တဲ့ ရုပ်ရှင်မင်းသား ဝေဠုကျော်ကို ဝေဖန်ကြတော့ ဖာကြထေးကြနဲ့ ။ ကြက်ခြေနီနဲ့  လုံခြုံရေးတာဝန် ဘာဆိုင်လို့ တုနုး။ ယခုအသံထွက် ပြောဆိုနေကြသူတွေ ပြောပါဦး။

၁၉၈၈ ခုနှစ်က ရန်ကုန်ဆေးရုံကြီးရှေ့  ဆေးရုံကြီးအဆောက်အဦးကို တည့်တည့် ပစ်ခတ်ခဲ့လို့  လူနာတွေ ဆရာဝန်တွေ သူနာပြုတွေ ဆေးရုံဝန်ထမ်းတွေထဲက ထိခိုက်ဒဏ်ရာရရှိခဲ့ကြသူတွေ၊ သေဆုံးခဲ့ကြရသူတွေရဲ့  အဖြစ်အပျက်တွေကို ရှစ်လေးလုံးနှစ်ပါတ်လည်နေ့ တွေနဲ့  ရှစ်လေးလုံးသမိုင်းကြောင်းတွေ ပြောကြတော့ ဂျီနီဖာကွန်ဗန်းရှင်းကြီးကို ချိုးဖောက်တယ်၊ နိုင်ငံတကာဥပဒေကို ကျူးလွန်တယ်ဆိုပြီး အသံထွက်ကြရဲ့ လား။ ယခုအသံထွက် ပြောဆိုနေကြသူတွေ ပြောပါဦး။

ရှေ့ တန်းစစ်မြေပြင်မှာ ကျန်းမာရေးဆေးခန်းတွေ မီးရှို့ ဖျက်ဆီးခဲ့ကြတာတွေ၊ ကျန်းမာရေးကူညီကုသပေးနေကြတဲ့ ဒေသခံကျန်းမာရေးဝန်ထမ်းတွေ ဆေးမှူးတွေကိုပါ မညှာမတာ သတ်ဖြတ်ပစ်ခဲ့ကြတာတွေကြတော့ ဖျက်ဆီးခဲ့ကြသူတွေ သတ်ဖြတ်ခဲ့ကြသူတွေကို အပြစ်တင်ပြောဆိုကြတာ ရှိခဲ့ကြသလား။ ယခုအသံထွက် ပြောဆိုနေကြသူတွေ ပြောပါဦး။

မြန်မာနိုင်ငံကြက်ခြေနီအသင်းအကြောင်းရော ဘယ်လောက် သိကြလို့ လည်း။ ကြက်ခြေနီအသင်းရဲ့  ရည်ရွယ်ချက်တွေ လုပ်ငန်းဆောင်တာတွေကိုရော မူလစစ်စစ် ပြဌာန်းချက်တွေ သိကြရဲ့ လား။ မြို့ နယ် တပ်ခွဲကစလို့  ကြက်ခြေနီဌာနချုပ် မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး ထိပ်ပိုင်းအထိ နေရာတွေမှာ စစ်တပ်က တပ်ကြပ်ကြီးအဆင့်ထိကသူတွေကို မြို့ နယ်တပ်ခွဲမှုးနေရာတွေ ပေး၊ မြို့ နယ်ကြက်ခြေနီ ဥက္ကဌ အတွင်းရေးမှူးဆိုရင် ယခင် နေ၀င်းလက်ထက်ကတည်းက ပါတီကေဒါတွေ အဖားကောင်း အကပ်ကောင်းသူတွေကို နေရာတာဝန်ပေးနဲ့ ။ ကြက်ခြေနီထဲ ကြွက်ချေးနီတွေ နေရာဝင်ယူ အခွင့်ကောင်း ၀င်ယူနေကြတာ။ နိုင်ငံတကာက ကူညီပေးလာတဲ့ ရေဘေး လေဘေး မီးဘေး ကူညီမှု ထောက်ပံ့မှုတွေ ငွေတွေ အစားအသောက် အသုံးအဆောင်ပစ္စည်းတွေ မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးရဲ့  ဗဟိုဦးဆောင်သူတွေ ဘုံးကြသုံးကြနဲ့ ။ နာဂစ်လေဘေးတုန်းက ရရှိခဲ့ကြတဲ့ နိုင်ငံတကာကူညီထောက်ပံ့ကူညီမှု ပစ္စည်းတွေကိုလည်း စစ်ဗိုလ်ချုပ်ကြီးတွေက ကိုယ်ပိုင်လှူသလိုနဲ့  အမည်တွေ ရေးသားဖော်ပြ၊ အလှူပစ္စည်းတွေပေါ်မှာ ကြက်ခြေနီတံဆိပ်တွေ ဟန်ပြကပ်ပြီး အသုံးချ ခုတုံးလုပ်ကြတာ သိရှိကြမှာပါ။

ကြက်ခြေနီအသင်းရဲ့  ရှေးဦးသူနာပြု အသက်ဘေးအန္တရာယ် အရေးပေါ်ကယ်တင်ရေးတွေ လုပ်ရဖို့ ထက် အာဏာရှင်စနစ်အောက်က မှိုင်းတိုက်ဝါဒဖြန့် ချီရေးလုပ်ငန်းတွေမှာ လုပ်အားတွေဝင်ပေးလိုက်ရ။ မဲပေးပွဲတွေဆိုရင် ရှေးဦးသူနာပြုလုပ်ရမယ့်အစား ၀ါဒဖြန့် စည်းရုံရေးတွေ ပြောရလုပ်ရ၊ မဲရုံတွေဆိုရင်လည်း အစောင့်လုပ်ရ၊ နိုင်ငံရေးပွဲတွေဆိုရင်လည်း ဖြည့်စီးပေးရ၊ အခုဆိုရင် အကြမ်းဘက်ဖြိုခွင်းရေးအင်အားစုတွေထဲမှာ အမည်မခံ အကြမ်းဖြိုခွင်းရေးအရံတပ်ဖွဲ့ လို ဖြစ်နေရပြီ။

ကြက်ခြေနီအသင်းဟာ ရှေးဦးသူနာပြုနဲ့  အသက်ဘေးအန္တရာယ်ကျရောက်စေတဲ့ သဘာဝဘေးတွေဖြစ်ကြတဲ့ ရေဘေး မီးဘေး လေဘေး အစရှိတာတွေမှာ ကယ်ဆယ်ရေးတာဝန်နဲ့  ပြုစုကုသရေးတွေကို တာဝန်ယူပြီး ဆောင်ရွက်ရတဲ့ ပရဟိတအဖွဲ့ ပါ။ ပြည်သူလူထုရဲ့  အခြေခံကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို အားဖြည့် ကူညီဆောင်ရွက်ပေးရတဲ့ အဖွဲ့ ပါ။ ဒါပေမယ့် အာဏာရှင်လက်အောက်မှာ ၀ါဒဖြန့် ချီရေးအတွက် ခိုင်းဖတ်သဖွယ် ဖြစ်နေခဲ့ရတာ ကြာပါပြီ။ ကြက်ခြေနီအသင်းရဲ့  ဖြူစင်မှုတွေကို အကျီးတန်စေအောင် အရောင်ဆိုးခဲ့တာ တဖြေးဖြေးနဲ့  ပိုဆိုးနေပါပြီ။

မကြာခင်မှာ ဖြစ်ခဲ့တဲ့ လောက်ကိုင်မှာ ကြက်ခြေနီတွေကို ပစ်ခတ်ခဲ့တယ်ဆိုတဲ့ သတင်းအဖြစ်အပျက်နဲ့  ပတ်သက်ပြီး အမှန်ဖြစ်ပျက်မှုကို ရေးသားဖော်ပြထားတဲ့ ယမုံနာရဲ့  ဖော်ပြချက်ကိုလည်း ဖတ်ကြည့်ကြပါဦး။

ဟိုနေ့က လောက်ကိုင်မှာ ကြက်ခြေနီနဲ့ အရပ်သားကားကို တိုက်ခိုက်တဲ့ ရုပ်သံကို ကြည့်ဖြစ်တယ်။ တချို့တွေကလည်း အမျိုးမျိုးစွပ်စွဲနေကြတယ်။ တချို့မီဒီယာတွေကလည်း အပစ်ခံရသူတချို့ကို ကွန်ဖန်းလုပ်ပြီး ကိုးကန့်လို့ အတိအကျ ကြေညာတာမျိုးလဲ ရှိတယ်။

ရုပ်သံမှာ ကားတန်းကို ဘယ်လိုဘယ်ပုံ တိုက်ခိုက်တာမျိုးလဲဆိုတာ ကြည့်နေရင်း တခုတော့ သတိထားမိတယ်။ ဘယ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းမဆို အစိုးရစစ်ကားတန်းလို့ သေချာသတင်းရထားပြီ ဆုံးဖြတ်ပြီးလို့ တကယ်တန်းတိုက်ခိုက်ပြီဆိုရင် (စစ်သားတွေ ဘာကားပဲစီးစီး) ဘယ်တော့မှ လက်နက်ငယ်နဲ့ အရင်းဆုံးစမပစ်ဘူး၊ RPG လို တန်းထိုးပစ်တဲ့ လက်နက်ကြီးလိုဟာမျိုးနဲ့ အဦးဆုံးအပိုင်ပစ်၊ စိစိညက်ညက်ကြေအောင်ပစ်၊ စိတ်ရှိလက်ရှိပစ်ပြီးတော့မှ ချေမှုန်းရေး လုပ်တာမျိုး ဖြစ်တယ်။ ကားမိုင်းဆွဲပြီး စတိုက်ခိုက်တာမျိုးလည်း ရှိတယ်။ (ကချင်နဲ့ချတဲ့ပွဲ ပြန်ကြည့်တာပဲဖြစ်ဖြစ်၊ အတွေ့အကြုံရှိတဲ့ တိုင်းရင်းသားစစ်ရေးခေါင်းဆောင်တွေကို မေးကြည့်ရင်ပဲဖြစ်ဖြစ် သိနိုင်ပါတယ်။)

အခုဟာက ကြက်ခြေနီနဲ့ မီဒီယာတချို့ပါတဲ့ကားကို လက်နက်ငယ်နဲ့ “ပလောက်တောက်” “ပလောက်တောက်” “ဖန်း” “ဖန်း” လုပ်သွားတာကတော့ စဉ်းစားစရာပဲ။ ဒါလဲ နောက်လက်မဲကြီးက ပရိုပဂန်းနားအတွက် ဇာတ်နာအောင် လုပ်တာလားဆိုတာ သို့လော သို့လော တွေးစရာတွေပါ။

ရုပ်သံမူရင်းကို သေချာပြန်ကြည့်ကြပါ ဗမာလိုဆဲသံတွေပါတယ်၊ အဲဒီကောင်ကို ပစ် ဆိုတဲ့ ဗမာလို အော်ပြောသံတွေ ပါတယ်။ သေချာနားထောင်ကြည့်ပါ။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက ဒီကေဘီအေနဲ့ ကျိုက်မရောဒေသမှာ စစ်ရေးတင်းမာမှုတွေ ဖြစ်နေတဲ့အချိန် သာမညအနီး၊ ကော့ကရိတ်အနီး၊ အိန္ဒု ၊ သင်္ကန်းညီနောင်တံတားကျိုး၊ အလယ်ဗိုလ်တဲ နေရာတွေမှာ အမည်မသိအဖွဲ့ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်ပြီး၊ ပြည်သူလူထု ထိုခိုက် သေဆုံးတာတွေ ထိခိုက်ဒဏ်ရ ရတာတွေ ဖြစ်ခဲ့တယ်။

အဲဒီဖြစ်စဉ်တွေမှာလည်း အာဏာပိုင်တွေဘက်က ယေဘုယျဆန်ဆန် လူပြိန်းအကြိုက် ကောက်ချက်တွေချပြီး ဒီကေဘီအေ အဖွဲ့ကိုပဲ လက်ညှိုးထိုးခဲ့တယ်။ ဒီလုပ်ဟန်တွေဟာ လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေနဲ့ ပြည်သူလူထုကြား စည်းရုံးရေးပျက်အောင် လုပ်တဲ့နည်းတခုအဖြစ် စစ်အုပ်စု အဆက်ဆက်က ကျင့်သုံးလာခဲ့ကြတယ်။

ယမုံနာ ရေးသားဖော်ပြတဲ့ အချက်တွေအရရော၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအဖွဲ့ ကို အာဏာရှင်တွေက အသုံးချ ခုတုံးလုပ်နေတဲ့ အကြောင်းအရာတွေအရရော .. ကြက်ခြေနီအသင်းအဖွဲ့ အတွင်းမှာ ပရဟတိအကျိုး လူမှုရေးအကျိုးတွေကို ရိုးသားဖြူစင်စွာ ၀င်ရောက်နေကြတဲ့ သာမန်ကြက်ခြေနီအသင်းဝင်တွေ ရှိကြပေမယ့် အများစုကတော့ အာဏာရှင်တွေရဲ့  ခိုင်းဖတ်တွေ၊ အာဏာရှင်အလိုကျ လုပ်ဆောင်နေသူတွေနဲ့ အာဏာရှင်ကနေ တာဝန်ပေးခိုင်းစေထားသူတွေ အများစုဖြစ်နေတာမို့  မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီးဟာ အာဏာရှင်ရဲ့  လက်ကိုင်တုတ်အရံတပ်ဖွဲ့ တစ်ဖွဲ့ သာ ဖြစ်လို့ နေပါတော့တယ်။

ကြက်ခြေနီကို ပစ်လို့  အော်ကြတဲ့သူတွေ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို အာဏာရှင်တွေက ကြီးစိုးထားပုံကို သိရှိရအောင်ပါ။ နောက်ပြီး ကြက်ခြေနီ ထိလို့  သူနာပြုတွေထိလို့  အော်ကြတယ်ဆိုရင်လည်း အာဏာရှင်နဲ့  လက်ပါးစေတွေရဲ့  ခေတ်အဆက်ဆက်က ရမ်းကားပစ်သတ်ခဲ့လို့  ထိခိုက်ဒဏ်ရာရခဲ့ကြ သေခဲ့ကြတဲ့ ကြက်ခြေနီတွေ သူနာပြုတွေ ကျန်းမာရေးဝန်ထမ်းတွေအတွက်လည်း အော်ပေးကြပါဦး။




No comments: