Tuesday, February 24, 2015

သမိုင်းကြောင်းလေးလည်း သိပါစေ၊ လက်ရှိအခြေအနေကိုလည်း သုံးသပ်နိုင်ကြပါစေ။

လောက်ကိုင်မြို့ကို ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်၏ MNDAA က ဝင်ရောက်တိုက်ခိုက်လိုက်ပြီး အရာရှိ တပ်သား (၅၀) ကျော် ကျဆုံးခဲ့သဖြင့် တန်ပြန်စစ်ပွဲများ ဆင်နွှဲလာခဲ့သည်။ ပြည်သူများအတွင်း တရုတ်များ ကျုးကျော်လာကြောင်း သတင်းများကို အစိုးရမှ တိုက်ရိုက်မဖြန့်သော်လည်း စစ်တပ်အသိုင်းအဝိုင်းမှ ဆိုက်ဘာ စစ်ဆင်ရေးဖြင့် တပ်မတော်သားများသည် အသက်ကို ပဓာနမထားဘဲ တိုင်းပြည်အတွက် ပြည်ပကျုးကျော်ရန်ကို တွန်းလှန်နေကြောင်း အင်တာနက်များတွင် ရေးသား၍ တရုတ်မုန်းတီးရေးကို အင်တိုက်အားတိုက် လှုံဆော် လာသည်ကို တွေ့နေရသည်။ ရည်ရွယ်ချက်မှာ ရှင်းသည်။ ပြည်သူများ တပ်မတော်ကို ရွံရှာမုန်းတီးနေခြင်းကို လျော့ချရန်အတွက် လူမျိုးရေးကို ရှေ့တန်းတင်၍ တပ်မတော်၏ဂုဏ်သိက္ခာကို မြှင့်တင်ရန် ကြိုးစားအားထုတ် နေခြင်းပင် ဖြစ်သည်။

မြန်မာပြည်တွင် စစ်အစိုးရအဆက်ဆက် အကျပ်အတည်းပေါ်လာလျှင် လူမျိုးရေးပဋိပက္ခကို ဖန်တီးတတ်သည်။ ၁၉၆၇ ခုနှစ် စစ်တွေဆန်အရေးအခင်းဖြစ်ပြီး ဆန်ထွက်သောတိုင်းပြည်တွင် ဆန်ပြတ်လတ်မှုနှင့် ကြုံတွေ့ရသည့်အခါ စိုးရိမ်ဒေါသထွက်နေသော လူထုကြီး၏ ဒေါသကို တရုတ်ဘက် ရောက်သွားစေရန် ဝှာကြုံးနှင့် နန်ယန် တရုတ် အထက်တန်းကျောင်းများတွင် တက်ရောက်နေသည့် တရုတ်ကျောင်းသားများ မော်စီတုံးရင်ထိုး ထိုးကြသည်ကို အကြောင်းပြု၍ တားဆီးခြင်းမှ ကျောင်းသားများက ဆန္ဒပြကြရာ တရုတ်တို့က မြန်မာနိုင်ငံရေးတွင် ဝင်ရောက် စွက်ဖက်နေကြောင်း နိုင်ငံပိုင်သတင်းစာများမှ အစိုးရက ဖွပေးလိုက်သည့်အခါ ဆန်ပြတ်နေသော လူထုကြီး၏ ဒေါသသည် တရုတ်ကျောင်းသားများဖက်သို့ ရောက်သွားပြီး တရုတ်ကျောင်းသားများစွာ သတ်ဖြတ်ခံရခြင်း၊ တရုတ် နေအိမ်များ၊ တရုတ်ဆိုင်များ မီးရှို့ဖျက်စီးခြင်း ခံခဲ့ရသည်။

အကျိုးဆက်အားဖြင့် တရုတ်ကွန်မြူနစ်အစိုးရက ညီနောင်ပါတီဖြစ်သော ဗမာပြည်ကွန်မြူနစ်ပါတီကို လူသူ လက်နက် ပုံအောပေး၍ မြန်မာပြည်ကို တိုက်ခိုက်စေခဲ့သည့်အတွက် တပ်မတော်သားများ ထောင်နှင့်ချီ၍ ကျဆုံးခဲ့ရသည့်သာဓက ရှိခဲ့သည်။ ကြူကုတ်တိုက်ပွဲသည် နှစ်ဖက်လုံး အကျအဆုံး ထောင်နှင့်ချီ၍ ရှိခဲ့သည်။ မြန်မာစစ်အစိုးရသည်လည်း တရုတ်-ဗမာ အရေးအခင်းကို ဖန်တီးခဲ့ခြင်းကြောင့် မိမိဖက်မှ တပ်မတော်သားများ၏ အသက်ထောင်းပေါင်းများစွာ ပေးဆပ်ခဲ့ရသည်ကို သင်ခန်းစာ ကောင်းကောင်း ရသွားခဲ့ပြီး တရုတ်နှင့် ပြဿသနာအဖြစ်မခံတော့ဘဲ လိုက်လျောပေါင်းသင်းသည့် အနေအထားကို ယနေ့ထက်တိုင် ကျင့်သုံးလာခဲ့သည်။ နောင် တရုတ်ပြည်တွင် တိန့်ရှောက်ပင်း (Deng Xiaoping) တက်လာပြီးနောက် တရုတ်ပြည်၏ စီးပွားရေး ပြုပြင် ပြောင်းလဲမှုကို အကြီးအကျယ် ပြုလုပ်ခဲ့သည်။ ညီနောင်ပါတီဖြစ်သည့် ဗကပကို ထောက်ပံ့မှုများ ရပ်ဆိုင်းခဲ့ပြီး မြန်မာစစ်ခေါင်းဆောင်များကို အရေးပေးဆက်ဆံလာခဲ့သည်။

နဝတ/နအဖလက်ထက်တွင် လူ့အခွင့်အရေးချိုးဖေါက်မှုအရ အနောက်နိုင်ငံများမှ စီးပွါးရေးပိတ်ဆို့လာသည့်အခါ၊ အိမ်နီးချင်းနိုင်ငံများကို တံခါးဖွင့်စီးပွားရေးစနစ်ဖြင့် တိုင်းပြည်လိုအပ်နေသော နိုင်ငံခြားငွေရရှိရန် လက်ယပ်ခေါ်ခဲ့သည်။ ထိုအခါ အိမ်နီးချင်းနိုင်ငံများအတွက် အခွင့်ကောင်းနှင့် ကြုံရတော့သည်။ တရုတ်နှင့် ထိုင်းတို့မှ မြန်မာပြည်မှ သစ်များခုတ်ယူခွင့်၊ သတ္တုများတူးဖေါ်ခွင့်၊ ရေနံနှင့် ဓါတ်ငွေ့ပိုက်လိုင်းများသွယ်ခွင့်၊ ရေကာတာများဆောက်လုပ်ခွင့်စသည်တို့ကို အောက်ကြေးနှင့်ရရှိပြီး အပြန်အလှန်အားဖြင့် မြန်မာ စစ်ခေါင်းဆောင်များကို သန်းချီ၍ ဝေစုပေးခဲ့ကြသည့်အတွက် စစ်ဗိုလ်ချုပ်များ ချမ်းသာလာပြီး တိုင်းပြည် သံယံဇာတများလည်း လျင်မြန်စွာ ပြုန်းတီးလာခဲ့သည်။ အရေးကြီးဆုံး အချက်တစ်ခုမှာ ကုလသမဂ္ဂလုံခြုံရေး ကောင်စီတွင် မြန်မာစစ်အစိုးရကို အရေးယူရန် အဆိုပြုတိုင်း တရုတ်တို့က မြန်မာစစ်အစိုးရဘက်မှ မားမားရပ်၍ ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ခြင်းဖြင့် ညီလေးမောင်မြန်မာကို အကိုကြီးတရုတ်က အကာအကွယ်ပေးခဲ့သည်။

မြန်မာနှင့် တရုတ်ကုမ္ပဏီတို့ချုပ်ဆိုသောစာချုပ်တွင် သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး၊ ဒေသခံပြည်သူများ ထိခိုက်မှု နည်းပါးရေး၊တို့ကို ထည့်သွင်းမစဉ်းစားဘဲ မြန်မာစစ်ခေါင်းဆောင်တို့က မိမိဝေစုအတွက်သာ ကြည့်ပြီး ချုပ်ဆိုခဲ့သဖြင့် လက်ပံတောင်းတောင်ဒေသရှိပြည်သူများ အထိနာခဲ့ရသည်။ ပြည်သူများကန့်ကွက်မှုများကြောင့် ဝမ်ပေါင်ကုမ္ပဏီမှ ပွင့်လင်းလာသောခေတ်တွင် စာချုပ်ကို ပြန်လည်ချုပ်ဆိုပေးရခြင်းသည် မည်မျှ ပစ်စလက်ခတ်နိုင်စွာ သဘောတူထားခဲ့ကြောင်း သက်သေပြနေခဲ့သည်။

လောက်ကိုင်တိုက်ပွဲဖြစ်သည့်အတွက် ပြည်သူ ၃သောင်းခန့် တရုတ်ပြည်ထဲသို့ ထွက်ပြေးလာခဲ့ပြီး တရုတ်အစိုးရက နေရာထိုင်ခင်းအစားအစာဆေးဝါးများပေး၍ ထောက်ပံ့ထားသည်။ တရုတ်အစိုးရက မြန်မာစစ်အစိုးရကို သူတို့ထောက်ခံအားပေးရခြင်းမှာ စစ်အစိုးရသည် ဒေသတွင်းတည်ငြိမ်ရေးကို ထိန်းထား နိုင်သောကြောင့် ဖြစ်သည်ဟု ဆိုသည်။ တရုတ်တို့က နယ်ခြားဒေသ တည်ငြိမ်ရေးကို အမှန်တကယ် လိုလားနေခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် သူတို့နိုင်ငံအတွက် သဘာဝဓါတ်ငွေ့၊ ရေနံပိုက်လိုင်းတို့ကို ရခိုင်ပြည်မှတဆင့် သယ်ယူနေရသည့်အတွက်ဖြစ်သလို ကျောက်ဖြူရေနက်ဆိပ်ကမ်းကို တရုတ်တို့က လက်ဝါးကြီးအုပ်၍ မြန်မာ ပြည်တွင်းမှတဆင့် ယူနန်နယ်သို့ ကုန်ပစ္စည်းများတင်ပို့ရန် တရုတ်သဘောင်္ကြီးများ ဆိုက်ကပ်ရေးအတွက် ခြေကုပ် တခုကိုလည်း မြင်ထားသည့်အတွက် ဖြစ်သည်။ တိုင်းပြည်တည်ငြိမ်ရေးကို မြန်မာအစိုးရက ထိန်းထားနိုင်သဖြင့် မိမိတို့က ထောက်ခံပါသည်ဆိုသောတရုတ်အစိုးရသည် လောက်ကိုင်အရေးကြောင့် အကြပ်ရိုက်သွားခဲ့ရသည်။ တရုတ်ပြည်ဖက်သို့ထွက်ပြေးလာသူ ၃ သောင်းအတွက် အစားအစာဆေးဝါးတို့အတွက် ကုန်ကျစရိတ်သည် မသေးလှချေ။

ဖြစ်နိုင်ချေရှိသည်မှာ မြစ်ဆုံစီမံကိန်းရပ်ဆိုင်းထားလိုက်ခြင်းနှင့် သစ်ခိုးထုတ်သူ တရုတ် ၁၅၀ ကျော်နှင့် သစ်တင်ကား ၄၀၀ ခန့်ကို မြန်မာအစိုးရက ဖမ်းဆီးထားသည့်အတွက် တရုတ်စီးပွားရေးကုမ္ပဏီကြီးများက သူတို့အကျိုးစီးပွါးများစွာ နစ်နာနေခဲ့သည်ကို တန်ပြန်သည့်အနေနှင့် ဖုန်ကြားရှင်ကို အကူအညီပေးခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ပင်ဖြစ်စေ ဝန်ကြီးဦးအောင်မင်းပြောသကဲ့သို့ ကိုးကန့်အရေးတွင် တရုတ်အစိုးရမပါရှိသော်လည်း တရုတ်စီးပွါးရေးသမားများနှင့် ပတ်သက်နေနိုင်ပေသည်။

ထို့အတွက် တရုတ်မှဗြောင်ကျူးကျော်လာမည်ကို စိုးရိမ်စရာဟုမမြင်ချေ။ ဧရာဝတီမြစ်ဆုံရပ်ဆိုင်းလိုက်ခြင်းကိုလည်း တရုတ်အစိုးရက တင်းတင်းကျပ်ကျပ် ဖိအားပေးမှု မလုပ်ခဲ့ချေ။ ထို့ပြင် သစ်မှောင်ခိုမှုဖြင့် တရုတ် ၁၅၀ကျော်နှင့် သစ်တင်ကား ၄၀၀ ကျော်ကို ဖမ်းဆီးထားခြင်းကိုလည်း ပြန်လွှတ်ပေးရန်တောင်းဆိုခြင်း မပြုဘဲ သက်ညှာစွာ စဉ်းစားပေးရန်သာပန်ကြားခဲ့သည်။

အမှန်စဉ်စစ် ကိုးကန့်လူမျိုးများသည် တရုတ်နွယ်များ ဖြစ်သော်လည်း မြန်မာပြည်ဖွားများသာ ဖြစ်သည်။ ကိုးကန့်ပြဿသနာကိုသုံးသပ်ရလျှင် ဖုန်ကြားရှင်သည် မြန်မာတပ်မတော်အတွက် ကျေးဇူးရှိသူဖြစ်သည်။ ဖုန်ကြားရှင်က ဗကပကို တော်လှန်ပြီး ကိုးကန့်ကို ခွဲထွက်သဖြင့် ဝတို့လည်း ပုန်ကန်ခွဲထွက်ပြီး ဗကပဌာနချုပ်ကို သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ ဗကပပြိုကွဲသွား၍ ဗကပနှင့် သူသေကိုယ်သေ တိုက်နေရသောတပ်မတော်သားများ များစွာ အသက်ချမ်းသာရာရခဲ့သည်ကို အမှန်အတိုင်း မြင်နိုင်ဖို့လိုသည်။ ဖုန်ကြားရှင်သည် ပထမဦးဆုံး ငြိမ်းချမ်းရေးယူခဲ့သည့် လက်နက်ကိုင်အဖွဲ့အစည်းလည်းဖြစ်သည်။ ဗိုလ်ချုပ်ခင်ညွန့်၏ သူကောင်းပြုခြင်းကိုလည်း ခံခဲ့ရသူ ဖြစ်သည်။ အကယ်၍ ဖုန်ကြားရှင်က မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးမယူဘဲ ဗကပကို ဆက်လက်အားပေးနေခဲ့လျှင် ယနေ့အချိန်တွင် ပြည်တွင်း၌ တပ်မတော်ကို ပြန်လည်တိုက်ခိုက်နိုင်သည့် အင်အားစုကြီးသည် နိုင်ငံရေးသဘောတရားခိုင်မာစွာရှိနေသည့် ဗကပသာလျှင် ဖြစ်နေမည်ဖြစ်သည်။

တပ်မတော်မှ နိုင်ငံအတွင်း လက်နက်ကိုင်တပ်မှန်သမျှ တပ်မတော်အောက်တွင်သာ ရှိရမည်ဆိုသည့် ပေါ်လစီအရ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများကို နယ်ခြားစောင့်တပ်များအဖြစ် တပ်မတော် လက်အောက်ခံလူဦးရေ ကန့်သတ်မှုဖြင့် ဖွဲ့စည်းရန် အမိန့်ထုတ်ပြန်၍ ဖိအားပေးခဲ့ခြင်းအပေါ် ကချင်၊ ကိုးကန့်၊ ဝ၊ မွန်ပြည်သစ်ပါတီ၊ DKBA တို့မှငြင်းပယ်ခဲ့သည့်အခါ ကိုးကန့်ကို တိုက်၍ နယ်မြေကိုသိမ်းယူခဲ့သည်။ ထို့နောက် ကချင်ကို ယနေ့အထိ တိုက်နေစဲဖြစ်သည်။ “ဝ” ကိုမူ ဦးအောင်သောင်းက သွားရောက်ချွေးသိပ်ခဲ့ပြီး ဗိုလ်နေမြဲကျားနေမြဲနေခွင့်ပေးခဲ့သည်။ DKBA တွင် ဗိုလ်ချုပ်စောချစ်သူက နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို လက်ခံပြီး DKBA ကျန်အဖွဲ့များက လက်မခံသော်လည်း တပ်မတော်မှ မတိုက်ဘဲ အလျော့ပေးခဲ့သည်။အကယ်၍တပ်မတော်မှ MNDAA နှင့်KIA တို့အား ဝ နှင့်DKBA တို့ကဲ့သို့ခွင့်ပြုခဲ့လျှင် တိုက်ပွဲများဖြစ်ပေါ်လာလိမ့်မည်မဟုတ်ချေ။ တပ်မတော်မှ အင်အား သေးလျှင် မိမိပြောသည့်အတိုင်းလုပ်၊ မလုပ်လျှင်အပြုတ်တိုက်၊ အင်အားကြီးလျှင် နေချင်သလိုနေဆိုသည့် နှစ်ဖက်လွှပေါ်လစီ ကြောင့်သာ ယခုကဲ့သို့ ပဋိပက္ခများဖြစ်ပွါးနေခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် တိုင်းပြည် ကာကွယ်ရန် တပ်မတော်တခုတည်းဖြစ်ရေးသည် မူအားဖြင့်လက်ခံကြသော်လည်း မြန်မာစစ်တပ်၏ အထက်စီး ဆန်သည့် သဘောထားနှင့် ရှုံ့ချီဆန့်ချီဆက်ဆံရေးကြောင့် ယုံကြည်မှုနည်းပါးနေခြင်းကို အချိန်ယူကုစားပြီးမှ ယုံကြည်မှုတည်ဆောက်၊ ထိုမှတဆင့်တခုတည်းသော တပ်မတော်ဆီသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။

ဖုန်ကြားရှင်၏ ကိုးကန့်တပ်ဖွဲ့မှ စေ့စပ်လိုကြောင်း ကမ်းလှမ်းလာသော်လည်း မြန်မာအစိုးရဖက်မှ လုံးဝမစေ့စပ်ဘဲ ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ပြန်ကြားခြင်းသည် သမ္မတကြီး ဦးသိန်းစိန်ပြောကြားသည့် ငြိမ်းချမ်းရေး အတွက် စေ့စပ်ဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင်မည်ဖြစ်ကြောင်း ပြောကြားချက်နှင့် ဆန့်ကျင်နေပြီး ရန်ရန်ခြင်း တုံ့နှင်းမည့်သဘောဖြစ်သဖြင့် နှစ်ဖက်တပ်သားများ ဆက်လက်သေကျေကြအုံးမည့် အနေအထားဖြစ်သည်။ တပ်မတော်သားများသည်လည်းကောင်း၊ ကိုးကန့်သားများသည်လည်းကောင်း၊ မိမိနိုင်ငံသားများသာ ဖြစ်သည်။ ကေအိုင်အေကို အပြတ်မရှင်းနိုင်သကဲ့သို့ ကိုးကန့်ကိုလည်းရှင်းနိုင်မည်မဟုတ်ချေ။ အကောင်းဆုံးမှာ စေ့စပ်ညှိနှိုင်းရေးနည်းဖြင့် အဖြေရှာခြင်းသည်သာ နှစ်ဖက်အသေအပျောက်ကို ရပ်တန့်နိုင်မည်ဖြစ်သည်။ တရုတ်ကျုးကျော်မှုကို ကြောက်နေစရာ မလိုတော့ပေ၊ အဘယ့်ကြောင့်ဆိုသော် တရုတ်များ မန္တလေးမြို့ကို သိမ်းထားပြီးဖြစ်၍ ဖြစ်သည်။ ၁၉၇၅ ခုနှစ်မှစ၍ လားရှိုးမြို့တွင် တရုတ်စကားပြောမှ ပေါက်သည်။ ဗမာစကား ပြောလျှင် အလုပ်မဖြစ်သည့် အဆင့်ဖြစ်နေသည်။ တရုတ်၏စီးပွားရေးလွှမ်းမိုးမှု၊ လူမျိုးရေးအရ တစိမ့်စိမ့် စိမ့်ဝင်နေမှုတို့သည် နှစ်ပေါင်းများစွာ စစ်အုပ်ချုပ်ရေးအောက်တွင် ဖြစ်ပေါ်နေခဲ့သည်။ ၁၉၈၈ နောက်ပိုင်း မြန်မာပြည်တွင် တရုတ်စကားပြောသင်တန်းကျောင်းများ မန္တလေး၊ ရန်ကုန် တို့တွင်ပေါ်လာသည် တရုတ်စကားပြောတတ်မှ အလုပ်ဖြစ်သည်။ ထို့ကြောင့် တရုတ်ကို အပြစ်တင်ခြင်းထက် စစ်အာဏာရှင် စနစ်သည်သာ တရားခံဖြစ်ကြောင်း သိဖို့လိုသည်။

နိဂုံးအားဖြင့် ဂုဏ်သိက္ခာ ကျဆင်းနေသောတပ်မတော်ကို သိက္ခာရှိသောမျိုးချစ်တပ်မတော်ဟု မြင်စေချင်လျှင် ကိုးကန့်အရေးကို ပြည်ပကျူးကျော်မှု အဖြစ်ပုံဖေါ်၍ ပြည်သူ၏ကြည်ညိုလေးစားမှုကို ရယူရန် ကြိုးစားခြင်းသည် ရေတိုသွေးပူနေစဉ် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း ရေရှည်တွင် အလုပ်မဖြစ်သောနိုင်ငံရေးကစားကွက် တစ်ခု တနည်းအားဖြင့် ဆေးမြီးတို တခုသာဖြစ်သည်။ တပ်မတော်ကို ရေရှည်ပြည်သူလူထုကြီး၏ ယုံကြည်ကိုးစား ထောက်ခံခြင်းကို ခံယူလိုပါက ပြည်သူ့လိုအပ်ချက်များကို ဝိုင်းဝန်းကူညီ လုပ်ဆောင်ပေးဖို့လိုသည်။

တပ်မတော်က နိုင်ငံတော်ဘတ်ဂျက်၏ ၂၇ % ရယူထားသည်။ ထိုဘတ်ဂျက်ထဲတွင် တပ်မတော်သားများ၏ စားဝတ်နေရေး၊ စစ်အသုံးစားရိတ်တို့အတွက် ပေးပြီးဖြစ်သော်လည်း တပ်က လယ်သိမ်း ယာသိမ်း သီးစားခချ လုပ်နေခြင်းကို မရပ်သည့်အပြင် တပ်မိသားစုစားဖို့ဆို၍ လယ်မြေများ ပြန်ပေးရေးကို ငြင်းပယ်လိုက်သေးသည်။ တပ်မိသားစုတွေအတွက်ဆိုပြီး မြန်မာ့ဦးပိုင်လီမီတက်က အခွန်မပေးသည့်အပြင် ရသမျှ စီးပွါးရေးတွေကို ကိုယ်ပိုင်တမျိုး၊ ဖက်စပ်တဖုံ လက်ဝါးကြီး အုပ်ထားသော်လည်း တပ်မှရဲဘော်တွေ လူမွှေးလူတောင် ပြောင်မလာဘဲ ဗိုလ်ချုပ်များသာ ချမ်းသာကြွယ်ဝလာသည်ကို တွေ့နေရသည်။ ယခုရှေ့တန်း၌ ကျဆုံးသွားသည့် ရဲဘော်များ နှင့် ရှေ့တန်းတွင် အသက်စွန့် တာဝန်ယူနေသူများထဲတွင် လူကြီးသားသမီးများပါမည်ဟု ထင်စရာအကြောင်းမရှိပေ။ ထို့ကြောင့် တပ်မတော်ကို ပြည်သူက ရွံရှာလာခြင်းဖြစ်သည်၊ ယုံကြည်ကိုးစားမှုမရှိတော့ခြင်း ဖြစ်သည်။

တပ်မတော်ကို ပြည်သူက ချစ်မြတ်နိုးစေလိုလျှင် သိမ်းထားသည့် လယ်ယာများကို လယ်သမားများထံ ပြန်လည်ပေးအပ်ခြင်း၊ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီက စီးပွားရေးအရ လက်ဝါးအုပ်ထားခြင်းကို ရပ်ဆိုင်းပေးခြင်း၊ စစ်အာဏာရှင်စနစ်အောက်တွင် အုပ်ချုပ်မှု ညံ့ဖျင်းခဲ့ခြင်းကြောင့် တိုင်းပြည်ဆင်းရဲမွဲတေသွားရခြင်းနှင့် မှားယွင်းခြင်းများကို ဝန်ခံ၍ ပြည်သူလူထုကြီးကို တောင်းပန်ခြင်း ပြုလုပ်ဖို့လိုသည်။ အရေးကြီးဆုံးအချက်မှာ စစ်တပ်သည် တိုင်းပြည်အာဏာရယူထားရေး မဟုတ်ဘဲ တိုင်းပြည်ကာကွယ်ရေးကိုသာ တာဝန်ယူရမည်ဆိုသည့် အသိတရားနှင့် မိမိတို့၏ အသက်မွေးဝမ်းကျောင်း ကျွမ်းကျင်မှု (Professional line) ကိုသာ တာဝန်ယူပြီး “တပ်မတော်သာလျှင်အမိ တပ်မတော်သာလျှင်အဖ” ဆိုသည့် စစ်အာဏာရှင်အလိုကျဆောင်ပုဒ်ကို ဖြုတ်ချ၍ “ပြည်သူသာလျှင်အမိ ပြည်သူသာလျှင်အဖ” ဟူသော ဆောင်ပုဒ်ကို ရင်ထဲအသဲထဲမှ ယုံကြည်လိုက်နာ လုပ်ဆောင်ကြပါလျှင် ပြည်သူချစ်မြတ်နိုးသော တပ်မတော်အဖြစ် ရေရှည်တည်တံ့ပါလိမ့်မည်။ တရုတ်-ဗမာ အရေးအခင်းကို မြန်မာဖက်မှ မဖန်တီးရဲသလို၊ တရုတ်အစိုးရက ပါဝင်အားပေးနေသည်၊ တရုတ်များ ဝင်ရောက်ကျူးကျော်သည်ဟု ဗြောင်မစွပ်စွဲရဲခြင်းသည် မြန်မာဖက်က တရုတ်နှင့် ထိပ်တိုက်မတွေ့လိုကြောင်း ထင်ရှားသည်။ ထို့အတူ တရုတ်အစိုးရကလည်း ကိုးကန့်များကို နောက်ကအားပေးပြီး မြန်မာအစိုးရနှင့် ချစ်ကြည်ရေး ပျက်ပြားအောင်လုပ်လျှင် သူတို့၏ပိုးလမ်းမကြီးစီမံကိန်းကို ထိခိုက်နိုင်သဖြင့် ဤအရေးအခင်းတွင် နှစ်ဖက် ပြေလည်ရန်သာ လုပ်ဆောင်မည့် သဘောရှိသည်။ ထို့ကြောင့် ကုလား-ဗမာ အရေးအခင်းကဲ့သို့ တရုတ်-ဗမာအရေးအခင်းသည် ပေါ်လာစရာအကြောင်းမရှိဟု တင်ပြလိုက်သည်။

ထွန်းအောင်ကျော် (၇၄ မျိုးဆက်)။

No comments: