Tuesday, March 3, 2015

ဒီထက်ကြီးမားတဲ့ ပြည်သူလူထုရဲ့  အထွေထွေသပိတ်ကြီးတွေ မကြာခင် ဆင့်ကဲဆင့်ကဲ ပေါ်ပေါက်လာနိုင်တယ်။

ဘက်ပေါင်းစုံကနေ အမျိုးမျိုး ဒုက္ခပေး ဖိနှိပ်အုပ်ချုပ်နေတဲ့ အကြမ်းဘက်အစိုးရအောက်မှာ အထွေထွေသပိတ်ဆိုတာ စတင် ခေါ်စရာ မလိုလောက်အောင်ကို ပေါ်ထွက်နေပါပြီ။

တောင်သူလယ်သမားတွေထံက မြေယာတွေ အဓမ္မသိမ်းလို့  တောင်သူလယ်သမားသပိတ်၊ အလုပ်သမားတွေကို မျှတတဲ့ လစာတွေ မပေးဘဲ တရားမဲ့စွာ ခိုင်းစေမှုတွေကြောင့် အလုပ်သမားသပိတ်၊ အိုးအိမ်နေရာတွေကို ဘူဒိုဇာနဲ့ ထိုး အတင်းအကြပ် မောင်းထုတ်လို့  အောက်ခြေလူတန်းစား ပြည်သူပြည်သားများရဲ့  သပိတ်၊ ပြည်သူပြည်သားတွေရဲ့  ဆင်းရဲဒုက္ခရောက်နေရတဲ့ ဘ၀တွေကို စာနာလွန်းလို့  ပြည်သူ့ အရေး မားမားမတ်မတ် ရပ်တည်ပေးတဲ့ သံဃာ့သပိတ်၊ တစ်မျိုးသားလုံးရဲ့  ပညာရေးအဆင့်အတန်း မြင့်မားစေဖို့  တောင်းဆိုဆန္ဒပြကြတဲ့ ကျောင်းသားသပိတ် ... အစရှိတဲ့ အထွေထွေသော သပိတ်တွေဟာ မြို့ တွေ နေရာဒေသတွေမှာ မကြခဏဆိုသလို ပေါ်ပေါက်လျက်ရှိနေတာမို့  အထွေထွေသပိတ်တွေပါဘဲ။

အလွှာအသီးသီးကနေ ပါဝင်တိုးပွားလာမယ့် နိုင်ငံတစ်ဝှမ်းလုံး ကြီးမားတဲ့ သပိတ်ကြီးတွေကတော့ လက်ရှိအထိ ပုံသဏ္ဍန်မှန်ကန်စွာနဲ့  မဖြေရှင်းတတ်တဲ့၊ တည်ငြိမ်အေးချမ်းစွာ တရားမျှတစွာ ငြိမ်းချမ်းစွာ မဖြေရှင်းတဲ့၊ ပြည်သူလူထုအပေါ် မှန်ကန်သော စစ်မှန်သော စေတနာထားရမှန်း မသိတဲ့၊ လက်နက်နဲ့  အနိုင်ကျင့် အကြမ်းဘက်ရင် ရနိုင်တာဘဲဆိုတဲ့ ရှေးရိုးစွဲနည်းလမ်းအိုကြီးတွေနဲ့  ယုတ်မာနေတုန်းဖြစ်တဲ့ သိန်းစိန်တို့ အာဏာရှင်တွေရဲ့  အပေါ် များစွာ မူတည်နေပါတယ်။

အပ်တိုနဲ့  ထွင်းစရာတောင် မလိုတဲ့ အနေအထားတွေကို ပုဆိန်နဲ့  ပေါက်ဖို့ သာ တစ်ဇွတ်ထိုး လုပ်တတ်တဲ့ လုပ်ရပ်တွေကို မပြင်ဖူးဆိုရင်တော့ ဒီထက်ကြီးမားတဲ့ ပြည်သူလူထုရဲ့  အထွေထွေသပိတ်ကြီးတွေ မကြာခင် ဆင့်ကဲဆင့်ကဲ ပေါ်ပေါက်လာနိုင်တယ်ဆိုတာ သမိုင်းသက်သေနဲ့  လက်ရှိအခြေအနေတွေက လက်တွေ့ ပြသလာပါလိမ့်မယ်။

No comments: