Monday, March 16, 2015

အင်းလျားကန်က တံတားနီ (သို့ ) ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့ မတ်လ ၁၆ ရက်နေ့ ။

အင်းလျားကန်က တံတားနီ (သို့ ) ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးရဲ့ မတ်လ ၁၆ ရက်နေ့ ။

မတ်လ (၁၆) ရက်နေ့ ကို တံတားနီနေ့ လို့  သမိုင်းမှတ်တမ်းတင်ခဲ့ရတာကတော့ - ၁၉၈၈ ခုနှစ် မတ်လ (၁၆) ရက်နေ့ မှာ အာဏာရူးတွေရဲ့  လက်ပါးစေသေနတ်ကိုင်သမားတွေဖြစ်တဲ့ လုံထိန်းလို့ ခေါ်တဲ့ လုံခြုံမှုထိန်းသိမ်းရေးတပ်ဖွဲ့ ဝင်တွေကြောင့် ကျောင်းသားတွေ သွေးမြေကျခဲ့ရတဲ့ နေ့ တစ်ရက်ဖြစ်ခဲ့တဲ့အတွက်၊ ရန်ကုန်တက္ကသိုလ်နယ်မြေ အင်းလျားကန်စောင်းပေါ်မှာ ကျခဲ့ရတဲ့ ကျောင်းသူကျောင်းသားတွေရဲ့  သွေးတွေကြောင့် အင်းလျားကန်မြေမှာ သွေးလွှမ်းခဲ့ရသလို အင်းလျားကန်စောင်းပေါ်က အဖြူရောင် တံတားဖြူလည်း အနီရောင်ပြောင်းခဲ့ရတဲ့အတွက် ဒီနေ့ ကို ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ တံတားနီနေ့ ရယ်လို့  သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။

အာဏာရူး နေ၀င်းရဲ့ လက်ထက် ၁၉၆၂ ခုနှစ်က ပြည်သူ့ အာဏာကို လက်နက်နဲ့  အဓမ္မ စတင်သိမ်းပိုက်ခဲ့ရာမှ စလို့  ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးနဲ့  သန်းရွှေတို့  မတရားအုပ်ချုပ်မှုအောက်မှာ ကျောင်းသားကျောင်းသူတွေရဲ့  အသက်သွေးတွေ ဆုံရှုံးခဲ့ကြတာကို ဘယ်သောအခါမှ မေ့ပျောက်မှာ မဟုတ်ပါဖူး။

ခေတ်အဆက်ဆက်တိုင်းမှာလည်း ကျောင်းသားစိတ်ဓါတ် ကျောင်းသားဝိညဉ်နဲ့  ကျောင်းသားတို့ ရဲ့  အာဏာရှင်ဆန့် ကျင်ရေး လှုပ်ရှားမှုတွေဟာ လက်ဆင့်ကမ်း ရှင်သန်ပေါ်ပေါက်နေမှာ ဖြစ်ပါတယ်။

၁၉၈၈ ခုနှစ်၊ မတ်လ (၁၃ဂ ရက်နေ့ မှာ စက်မှုတက္ကသိုလ်ကျောင်းသားတွေ ဖြစ်ကြတဲ့ ကိုဖုန်းမော် ကိုစိုးနိုင်တို့  အာဏာရူးတွေရဲ့  မတရားပစ်ခတ်သတ်ဖြတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရတာကို မခံမရပ်နိုင်ဖြစ်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူအပေါင်းဟာ မတ်လ (၁၆) ရက်နေ့ မှာ ရန်ကုန်တက္ကသိုလ် (ပင်မ) ကျောင်းဝန်းအတွင်းမှာ စုစည်းခဲ့ကြပြီး အာဏာရှင် မဆလ နေ၀င်းအစိုးရကို ပြင်းထန်စွာ ဆန့် ကျင်ဆန္ဒပြကြပါတယ်။

ရန်ကုန်တက္ကသိုလ် (ပင်မ) ရဲ့  ဘွဲ့နှင်းသဘင်ခန်းမရှေ့တွင် အာဏာရှင်ဆန့် ကျင်ရေး ဟောပြောပွဲများ ပြုလုပ်ကြပြီး စာရွက်စာတမ်းများ ဖြန့်ဝေခဲ့ကြပါတယ်။ ရန်ကုန်တက္ကသိုလ်ဝန်းအတွင်းရှိ ကျောင်းဆောင်များဖြစ်တဲ့ မန္တလေး၊ အမရ၊ တောင်ငူဆောင်တွေကို လှည့်လည်ချီတက် လူစုရင်း ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းအတွင်းရှိ အဆောင်နေ ကျောင်းသားများ ပူးပေါင်းလာကြပြီး ထောင်ပေါင်းများစွာသော ကျောင်းသားအုပ်ကြီး ဖြစ်သွားခဲ့ပြီး ဆက်လက်ဆန္ဒပြခဲ့ကြပါတယ်။ ဆေးတက္ကသိုလ် ကျောင်းသားများလည်း စက်မှုတက္ကသိုလ်နဲ့  ရန်ကုန်တက္ကသိုလ်ကျောင်းသားများနဲ့ အတူ ပူးပေါင်း ပါဝင်လာခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ်ဝန်းအတွင်း ဆန္ဒပြကြွေးကြော်နေရင်း ကျောင်းသားများထဲမှ အလှည်ကျ ဟောပြောသူ ကျောင်းသားတစ်ဦးက ရန်ကုန်စက်မှုတက္ကသိုလ်ရှိရာ အင်းစိန် ကြို့ ကုန်းဘက်ဆီသို့ ချီတက်ဆန္ဒပြကြဖို့  လှုံ့ဆော်လိုက်ရာမှ ကျောင်းသားများအားလုံးက လက်သီးလက်မောင်းတန်းကာ တပြိုင်နက် ထောက်ခံခဲ့ကြပြီး ဆန္ဒပြကျောင်းသားများအားလုံး စုစည်းညီညွတ်စွာနဲ့ ညနေ (၃) နာရီမှာ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းကနေ ကျောင်းပြင်ပသို့  စတင်ထွက်ခွာခဲ့ကြပါတယ်။

ရန်ကုန်တက္ကသိုလ်ကျောင်းဝန်းအတွင်းက အဓိပတိလမ်းကနေ စတင်ထွက်ခွာလာတဲ့ ဆန္ဒပြကျောင်းသူကျောင်းသားများဟာ ထိပ်ဆုံးမှာ သမိုင်းဝင်ခွပ်ဒေါင်းအလံကြီးကို လွှင့်ထူပြီး ပြည်လမ်းဘက်ကို ဦးတည် ချီတက်ထွက်ခွာလာခဲ့ကြပါတယ်။ တက္ကသိုလ်ကျောင်းသားထုကြီးတစ်ရပ်လုံး ဆန္ဒပြချီတက်လာကြတာကို မြင်တွေ့ ကြရတဲ့ ပြည်သူတွေက အားပေးခဲ့ကြတဲ့အပြင် အထက်တန်းကျောင်းသူကျောင်းသားတွေလည်း နောင်တော် တက္ကသိုလ်ကျောင်းသားတွေနဲ့ အတူ ချီတက်ဆန္ဒပြမှုထဲ အားဖြည့်ဝင်ရောက် ချီတက်ဆန္ဒပြလာခဲ့ကြပါတယ်။ နေ၀င်း အာဏာရူးရဲ့  ကျောင်းသူကျောင်းသားတွေအပေါ် မတရားဖိနှိပ်ချူပ်မှုတွေကို ခံစားနေကြရတဲ့၊ စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်တို့ ကို သေနတ်နဲ့  ပစ်ခတ်သတ်ဖြတ်ခဲ့မှုကို မခံမရပ်နိုင်ဖြစ်ပြီး နာကျည်းနေကြတဲ့ ကျောင်းသားထုကြီးဟာ ရဲဝန့် စွာနဲ့  ချီတက်ဆန္ဒပြကာ အာဏာရှင်စနစ်ကို ဆန့် ကျင်တော်လှန်ခဲ့ကြပါတယ်။ ညီညွတ်စွာ သံပြိုင်ကြွေးကြော်နေကြတဲ့ အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော်သံများဟာ မိုးထိတိုင်အောင် လွှမ်းမိုးနေခဲ့ပါတယ်။

ဒီလိုနဲ့  ဆန္ဒပြ ကျောင်းသားထုကြီးဟာ ရန်ကုန် ပြည်လမ်းမအတိုင်း ဆက်လက်ချီတက်လာရာ အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့် အင်းလျားကန် တံတားဖြူရှိရာ ကန်ဘောင်ကို ကျော်လိုက်တဲ့အချိန်မှာ ရုတ်တရက် ရပ်တန့်သွားခဲ့ပါတယ်။ အင်းလျားကန် တံတားဖြူကန်ဘောင် အကျော်မှာ နေ၀င်း အာဏာရူးရဲ့  လက်ပါးစေ စစ်ခွေးတွေဟာ သံဆူးကြိုးခွေများနဲ့ ပြည်လမ်းမကို ပိတ်ဆို့ ကာရံထားတာ တွေ့လိုက်ရလို့  ဖြစ်ပါတယ်။ အာဏာရူးလက်ပါးစေ စစ်ခွေးတွေဟာ အေးချမ်းစွာ ချီတက်ဆန္ဒပြလာတဲ့ ကျောင်းသားထုဘက်ကို လူသတ်သေနတ်များနဲ့ ချိန်ထားပြီး ဘရင်းကယ်ရီယာများကလည်း ကျောင်းသားတွေဆီကို မျက်နှာမူပြီး ချိန်ရွယ်ထားခဲ့ပါတယ်။

ပြည်လမ်းပေါ်မှာ ဒီလို ဆန္ဒပြချီတက်လာတဲ့ ကျောင်းသားထုကို အာဏာရူး လက်ပါးစေ စစ်ခွေးတွေက အရှေ့ ဘက်က လူသတ်လက်နက်များနဲ့  ချိန်ရွယ်ထားနေစဉ်မှာ ကေက်ကျစ်စဉ်းလဲလွန်းလှတဲ့ အာဏာရူးလက်ပါးစေ လုံထိန်း (နေ၀င်းအာဏာရူးရဲ့  လုံခြုံမှုထိန်းသိမ်းရေးတပ်ဖွဲ့ ဝင်) တွေဟာ ဆန္ဒပြကျောင်းသားထုရဲ့  နောက်ဘက်ကနေ ရုတ်တစ်ရက် သေနတ်များ ဒိုင်းများ တုတ်များနဲ့ ပိတ်ဆို့ ၀ိုင်းရံခဲ့ကြပါတယ်။ အရှေ့ဘက်မှာ အာဏာရူးလက်ပါးစေ စစ်ခွေးအုပ်စု၊ အနောက်ဘက်မှာလည်း အာဏာရူးလက်ပါးစေ လုံထိန်းလူသတ်ကောင်တွေ၊ ညာဘက်က အင်းလျားကန်ဘောင်၊ ဘယ်ဘက်မှာ လူနေအိမ်တွေရဲ့  ကာရံထားသော ခြံစည်းရိုးများနဲ့ လေးဘက်လေးတန် ပိတ်မိနေပြီဖြစ်တဲ့ ဆန္ဒပြကျောင်းသားထုဟာ အာဏာရူးတွေရဲ့  သတ်ကွင်းထဲကို ရောက်ခဲ့ရပါတယ်။

ဒီလို အာဏာရူးလက်ပါးစေ လူသတ်ကောင်တွေရဲ့  ကောက်ကျစ်ယုတ်မာစွာနဲ့  ပိတ်ဆို့ မှုအောက်မှာ ရောက်ရှိနေကြစဉ်မှာ လူမဆန်လွန်းတဲ့ အမိန့် ပေးသံနဲ့ အတူ နောက်ဘက်က လုံထိန်းကောင်တွေဟာ အေးချမ်းစွာဆန္ဒပြနေကြတဲ့ ကျောင်းသားထုကို လက်ကိုင်တုတ်များနဲ့  အကြမ်းဘက်စွာ ၀င်ရိုက်ပါတော့တယ်။ ရက်စက်ရမ်းကားစွာ ရိုက်နေတဲ့ နံပါတ်တုတ်များနဲ့ ရိုက်သံဟာ ကျောင်းသားများ အော်ဟစ်ပြေးလွှားကြသံနဲ့ အတူ အတိုင်းသား ကြားနေခဲ့ရပါတယ်။ လက်နက်ဆိုလို့  အပ်တိုတစ်ချောင်းတောင် မရှိတဲ့ ဆန္ဒပြ ကျောင်းသားများဟာ ခြေဦးတည့်ရာကို ထွက်ပြေးကြရပါတယ်။ အင်းလျားကန်ဘောင်ပေါ် တက်ပြေးကြခဲ့ရတယ်။ အချို့လည်း အင်းလျားကန်ထဲ ခုန်ဆင်းကြပြီး လွတ်မြောက်ရာလမ်းကို ရှာခဲ့ကြရတယ်။ သွေးဆာနေတဲ့ လူသတ်ကောင် လုံထိန်းများဟာ မပြေးနိုင်သော ကျောင်းသူများကို ပိုမဲပြီး ရိုက်ခဲ့ကြပါတယ်။

ဆန္ဒပြကျောင်းသူကျောင်းသားများဟာ သွေးအလိမ်းလိမ်းနဲ့ ပြည်လမ်းမပေါ်မှာ အတုန်းအရုံး လဲကျကုန်ကြခဲ့ရတယ်။ နီးစပ်ရာ အိမ်ခြံတံခါးများကို ကျော်ဝင်ပြီး ပြေးပုန်းကြရသူတွေဟာ အနည်းစု ဖြစ်ခဲ့ပါတယ်။ အင်းလျားကန်ဘောင်ပေါ် တက်ပြေးကြတဲ့ ကျောင်းသူကျောင်းသားတွေနောက်ကို လူသတ်ကောင် လုံထိန်းတွေဟာ အတင်းအဓမ္မ လိုက်ရိုက်ပြီး မပြေးနိုင်သူ ဖမ်းမိသူ ကျောင်းသားကျောင်းသူတွေများကိုလည်း အင်းလျားကန်ထဲ မောင်းသွင်းပြီး ခေါင်းကို ရေနှစ်သတ်ခဲ့ကြပါတယ်။ အင်းလျားကန် ရေပြင်လည်း သွေးချင်းချင်းနီလို့ အင်းလျားကန်ရဲ့ တံတားဖြူ ကန်ဘောင်လည်း ကျောင်းသားကျောင်းသူတို့ ရဲ့ သွေးတွေနဲ့  နီနီရဲကာ တံတားနီအဖြစ်ကို ကြေကွဲစွာ ရောက်ရှိခဲ့ရပါတယ်။

အဲ့ဒီနောက်မှ အသင့်စောင့်ဆိုင်းနေခဲ့ကြတဲ့ လုံထိန်း အချူပ်ကားများ မောင်းဝင်လာပြီး ပြည်လမ်းပေါ်တစ်လျှောက် ဒဏ်ရာဒဏ်ချက်နဲ့  လဲကျနေသူ ကျောင်းသူကျောင်းသားတွေ၊ သေဆုံးသွားရတဲ့ ကျောင်းသူကျောင်းသားတွေ၊ မသေမရှင်နဲ့  ညီဒညူအော်ဟစ်နေကြတဲ့  ကျောင်းသူးကျောင်းသားတွေ၊ ဖမ်းဆီးမိတဲ့ ကျောင်းသူကျောင်းသားတွေကို အချူပ်ကားတွေပေါ်အတင်းဆွဲပြီး ပစ်တင်ခဲ့ကြပါတယ်။ ရာပေါင်းများစွာသော ကျောင်းသူကျောင်းတွေထဲက လုံထိန်းအချူပ်ကားအတွင်း ရောက်ရှိခဲ့ရသူတွေဟာ အချူပ်ကားအတွင်းမှာ ထပ်မံသေဆုံးခဲ့ကြရပါတယ်။

အာဏာရူး လက်ပါးစေ လုံထိန်းတွေရဲ့  အချူပ်ကားတွေ မောင်းထွက်သွားတဲ့အခါမှာ မီးသတ်ကားတွေ ချက်ချင်းဆိုသလို စောင့်ဆိုင်းရာက ၀င်ရောက်လာကြပြီး မီးသတ်ပိုက်များနဲ့ ပြည်လမ်းတလျှောက် သွေးစွန်းနေတဲ့ လမ်းမ၊ အင်းလျားကန်ဘောင်နဲ့ တံတားဖြူကို ရေပက်ဖြန်းပြီး ဆေးကြောသုတ်သင်ခဲ့ပါတယ်။

ဒီလို ကျောင်းသူကျောင်းသားတွေရဲ့  သွေးမြေကျခဲ့ရတဲ့ မတ်လ (၁၆) ရက်နေ့  ညမှာဘဲ ရင်နာစဖွယ် ဆိုးရွားလွန်းတဲ့ လုပ်ရပ်တွေကို အာဏာရူးလက်ပါးစေတွေဟာ ထပ်မံပြုလုပ်ခဲ့ပါတယ်။ ည (၁၂) နာရီခန့်မှာ အနီရောင် ပစ်ကပ်ကား တစ်စီး အင်းလျားကန်ဘောင်မှာ ရပ်လိုက်ပါတယ်။ ကားပေါ်မှာ ပါလာသော လူသတ်ကောင် လုံထိန်းများဟာ ကျောင်းသူ မိန်းကလေး (၃) ယောက်ကို ကားပေါ်မှ ဒရွတ်တိုက် ဆွဲချပြီး ကန်ဘောင်ပေါ်မှာ ပစ်ချထားခဲ့ပါတယ်။ အဲ့ဒီ ကျောင်းသူ မိန်းကလေး (၃) ယောက်ဟာ အောက်ပိုင်း တစ်ခုလုံး သွေးများနဲ့ မြင်မကောင်းအောင် ဖြစ်နေပါတယ်။ အသက်တော့ ရှိနေသေးတယ်။ သတိရ တစ်ချက် မရတစ်ချက်ဖြစ်ပြီး သေလုမြောပါးဖြစ်နေတဲ့ ကျောင်းသူ မိန်းကလေး (၃) ယောက်ကို တွေ့ခဲ့တဲ့ ကျောင်းသားအချို့ က အနီးဆုံး လဘက်ရည်ဆိုင်ထဲကို တိတ်တဆိတ် သယ်ခဲ့ကြပြီး နောက်နေ့  မနက် မိုးလင်းချိန် နံနက် (၅) နာရီလောက်မှာ ရန်ကုန်ဆေးရုံကြီးကို ပို့ခဲ့ကြပါတယ်။ ရန်ကုန်ဆေးရုံကြီးမှာလည်း အခြားသော မတရားပြုကျင့်ခံရတဲ့ ကျောင်သူအရွယ် မိန်းကလေးများ ရောက်ရှိလာခဲ့တယ်လို့ တာဝန်ကျနေကြတဲ့ သူနာပြုဆရာမများက ပြောပြပါတယ်။ ကျောင်းသူ မိန်းကလေးတွေ အာဏာရူးလက်ပါးစေတွေရဲ့  အုပ်စုလိုက် လူမဆန်စွာ မတရားပြုကျင့်ခံရတဲ့အတွက် သားအိမ်ကွဲပြီး ဆေးရုံအရောက်မှာ သေဆုံးသွားခဲ့ကြရတယ်လို့  ပြောပါတယ်။ ဒီလို မတ်လ (၁၆) ရက်နေ့  မှာ ရိုက်ပုတ်ပစ်ခတ်ဖမ်းဆီးပြီး လုံထိန်းအချူပ်ကားတွေနဲ့  ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ ဆန္ဒပြကျောင်းသူတွေဟာ အာဏာရူးလက်ပါးစေ လူသတ်ကောင် လုံထိန်း မိစ္ဆာကောင်တွေရဲ့  လူမဆန်သော ယုတ်မာမှုကို ခံခဲ့ကြရပါတယ်။


“ခင်ဗျားတို့ ကို စိန်ခေါ်တယ်”

(၁)။

ကျွန်မအပျိုမ လှပါသည်

ကျွန်မ.. တက္ကသိုလ်ကျောင်းသူ

ဖြူသည်.. နုသည်

အခုအခံမပါ.. ကျွန်မခန္ဒာကိုယ်

ရှိုက်ကြီးဖိုငယ်.. အသွယ်သွယ်။

ကျွန်မအသက်

သပြေခက်ကျော်.. ရေတွက်သော်

တစ်ကိုးရှစ်ရှစ်.. တော်လှန်ခေတ်မှာ

တစ်တစ်ရစ်ရစ်.. တစ်ဆယ့်ရှစ်။

ကျွန်မတို့ တက္ကသိုလ်

အို ဘာကိုထောက်.. ကြောက်ရမှာလဲ

တိုက်ပွဲ.. တိုက်ပွဲ

ရဲရဲတောက်ပ.. ရဲတောက်မဟာ

ကျွန်မ.. ကျွန်မ.. လက်နက်မချ

ကျောင်းသားသမဂ္ဂဖွဲ့ ကြ။

(၂)။

၁၉၈၈ မတ်လ

ဖက်ဆစ်အစိုးရ.. ထောင်ထဲညမှာ

ကျွန်မ..အပျိုမ.. ကျဆုံးရသည်

ကျွန်မ..ခုခံ မတွန်းလှန်နိုင်

မတန်အားယုတ်.. ကြိုးနှင့်တုတ်ပြီး

လှုပ်မရ.. ရုံးမရ

မရ.. မရ.. အို.. မရတော့

ကျွန်မ..ရေတိမ်နစ်ခဲ့ရပြီ။

ကျွန်မနှုတ်ခမ်း..ဖက်ဆစ်နမ်းကြ

ကျွန်မရင်အုံ..ဖက်ဆစ် ငုံကြ

ကျွန်မ …တွင်း.. ဖက်ဆစ် ….ကြ

ဖက်ဆစ်မုဒိန်း.. လုံထိန်း လုံထိန်း

နတ်စိမ်းပူးဝင်.. အရှင်လတ်လတ်

ခေတ်သေနတ်နဲ့  အငတ်မပြေ

ကျွန်မအပျိုရည်..ကိုသောက်

တစ်ယောက် နှစ်ယောက် သုံးလေးယောက်မက

ကျွန်မသေလောက်ပါပြီရှင်ရဲ့ ။

(၃)။

ဒါပေမယ့်လေ

ကျွန်မ မသေ.. မျက်ရည်မကျ

ကျွန်မရေတိမ်နစ် ..သားအိမ်ညစ်လည်း

ကျွန်မချစ်သည့် တော်လှန်ရေး

ကျွန်မ မြတ်နိုးသည့် ဒီမိုကရေစီ။

ဟယ်… ဖက်ဆစ်အစိုးရ

ငါ့သွေးသားကို ..နင်ဝါးမြိုသည်

နင့်ကို ငါ ဘယ်တော့မကျေ

ဟယ်… အစိုးရ

ငါ့အပျိုရည်.. နင်ဖျက်ချွေသည်

ရာဇ၀င် မကျေ.. မကျေ.. မကျေ။

ဟေ့… အစိုးရအမွေ

နောက်လိုက်ခွေးတပ်..လုံထိန်းတပ်တို့ 

သတ္တိရှိရင် လာစမ်းပါစေ…

သေနတ်တစ်ကမ်း.. သွေးခင်းလမ်းမှာ

ငြိမ်းချမ်းရေး အပျိုမ

မြန်မာပန်းပွင့်.. မုဒိန်းကျင့်ခံရ

နင် အစိုးရ. အပြုတ်ချမယ်

လုံးဝ.. ငါတို့ ဒူးမထောက်

လုံးဝ .. ငါတို့ ဒူးမထောက်။

(၁၉၈၈ခုနှစ် မတ်လအရေးအခင်းတွင် မဆလ လုံထိန်းတပ်တို့ ၏ ဖမ်းဆီးခြင်းကို ခံရပြီး၊ ထောင်တွင်းတွင် အဓမ္မမုဒိန်းကျင့်ခံခဲ့ရသော ရန်ုကုန်စက်မှုတက္ကသိုလ်ကျောင်းသူတစ်ဦး၏ ရင်တွင်းခံစားချက် ဖြစ်ပါတယ်)။


“အကွပ်မဲ့ အနုမာန”

တင်ပါးကို တံဆိပ် မခတ်ယုံတမယ်

သတ်ခါနီး နွားတိရိစ္ဆာန် တကောင် လို

ဟောဒီ အင်းလျားကန်ဘောင်ရှေ့ တံတားနီ ရင် ခေါင်းထဲ

ငါတို့ .. မောင်းသွင်းခံခဲ့ ရ။


ပြည်လမ်းဟာ သူ့ ရဲ့ ဖားလျားချ ဆံချည်ထွေးများ အပေါ် ဒလိမ့် ခေါက်ကွေး

စီးကျလာသော သွေးများဖြင့် ဒယိမ်း ဒယိုင်

ကိုယ့် လက်ကောက်ဝတ်ကို ကိုယ့် သွေး ပြန်ကြောများနဲ့ 

နောက်ပြန် တုတ်နှောင်ခံလိုက်ရသော နေ့ ။


နတ်မိမယ်တပါး ယောင်ဆောင်ထားသော စစ်ဦးဘီလူး အဲဒီ နေ့ ကဘဲ

ကျုပ်ရဲ့ဆူးဟာ ကျုပ် ကိုယ်ထဲက စထွက်ခဲ့ရတယ် မနှင်းဆီ ခင်ဗျားလို

အသားထဲမြှုပ်ဝင်သွားတဲ့ ကျည်တတောင့်

ဘယ်တော့မှ ခွဲ မထုတ်ဘူးဆိုတဲ့ ဒီစကားကို ဒီအာဃာတနဲ့ ဘဲ

ဒီတံတားကပြောတုန်း နေစွယ်ကျိုးသွားတာ ဘယ်သူလဲ ဟေ့...။


အရင်လောက် ဘယ်တော့မှလှမှာ မဟုတ်တော့တဲ့ ဆည်းဆာ

နှီးဖျာတချပ်ရဲ့ ရာဇ၀င်ဟာ ကောဇောနီထက် ပိုတန်ဘိုးရှိတယ်

လူဖြစ်ချိန် မတန်ဘဲ လူဖြစ်လာတဲ့သူတွေအတွက် အပ္ပါယ်တံခါးကို

နောက်ကြောင်ပြန် ဥပဒေသ ထဲ ထည့်ဆွဲရအုန်းမယ်။


ခင်ဗျားတို့  ကျနော်တို့ ရဲ့ အနှီ မြက်ရိုင်း မြေနီတို့ ရဲ့

စုန်းစုန်းမှ မမြှုပ်ခဲ့သော တော်လှန်ရေးကို ကုက္ကိုရိပ်တန်းနား

အကြိမ်ကြိမ် အခါအခါ အရပ်လက်သည်တို့  ဖျက်ချခဲ့အုန်း

သွေးအလိမ်းလိမ်းကြားက နောက်ဆုံး

လှုပ်နိုင်သလောက် လေး တချက် လှုပ်သွား သွားခဲ့တဲ့ လွှာပြားတချောင်းက

သမိုင်းကို ဟောဒီ တံတားလို နီ စေ ရင့် စေကြောင်း

လက်ခမောင်း ကိုနောက်ဆုံး ကျန်ရစ်တဲ့ အရိုးတချောင်းနဲ့ ခတ် မယ်။

လက်နက်မဲ့ လှံစွပ်မဲ့

ကျည်ကပ်မဲ့ ရေဘူးမဲ့

မျက်ရည်ယိုဗုံးမဲ့ မီးလောင်ဗုံးမဲ့

အိမ်ခြေမဲ့ ယာခြေမယ်.

မိသားစုမဲ့ အိပ်ဆောင်မဲ့

ဘုရာသခင်လည်း ကိုးကွယ်ရာမဲ့ ခိုကိုးမဲ့။

နံပတ်တုတ် တချောင်းနဲ့ နိုင်ငံတော်အား အုပ်ချုပ်ရန်

နံပတ်တုတ်တချောင်းနဲ့  နိုင်ငံတော်အား ထောင်သွင်း အကျဉ်းချခဲ့ ၊

အာဏာရှင်တို့ မှာကား စာရင်းမဲ့အင်းမဲ့။

ကြွင်းရစ်ခဲ့ကျန်ရစ်ခဲ့ ချွင်းချန်ထားရစ်ခဲ့ရသော

အချက် အလက်မဲ့ အချိန်အခါမဲ့

နာရီ လက်တံ ပျက် တို့ သည် သမိုင်း ဟု

ဘယ်သောမှ မမည်။

မြစ် တို့ မည်သည် စီးတတ်တိုင်း ပင်လယ် မရောက်၊

ဒေါင်းတို့ မည်သည် ခွပ်တတ်တိုင်း အလံပေါ် မရောက်

ယခုသော်ကား

ငါတို့  အားလုံး အလုံးစုံ ညီညွတ်ခြင်းအားဖြင့်

ကျွ်တံတားနီမည်သော အရပ်၌ စုရုံးမိချေပြီ

ရင်၌

အတွေး၌

စိတ်ကူးတိုင်း၌

မျက်ကွင်း ဟောက်ပက်တိုင်း၌

အိပ်မက်သားနက်နက်တိုင်း၌ လွင့်လျက်ရှိသော အလံ၏ တိုင် သည် ၊

အာဇာနည်တို့ ၏ ကျောဆစ်ရိုးများဖြင့် တည်ဆောက်ကြလေကုန်၏

အင်ယားကန်၏ ရေအသေသည် ခင်ဗျားတို့  စိတ်ဇောအဟုန်ဖြင့် ရှင်ချေ ပြီ ။။

(ကဗျာရေးသားသူ - လူလူ လက်ျာ)။


☆ တံတားနီ အမှတ်တရ ☆

လွန်ခဲ့တဲ့နှစ် ၂၀ ကျော် ... နွေရာသီ မတ်လအလယ်မှာ

ဒီနေရာ၊ ဒီတံတားဟာ သွေးစွန်းခဲ့တယ်။

လက်နက်မပါ လက်ဗလာနဲ့

ကျောင်းသူကျောင်းသား လူငယ်များကို

လုံထိန်းတွေ ရှေ့နောက် ပိတ်ကာဝိုင်းလို့

သေရိုက်နှက်ကြတယ်။

ကျောင်းသူအပျို ကလေးမငယ်လေးတွေကို

တဏှာရူးတဲ့ လုံထိန်းတွေက

ကားပေါ်ဆွဲတင် အမှောင်တိုက်သွင်းလို့

ခွေးဇာတ်ခင်းတာ ခံခဲ့ကြရတယ်။

ကျောင်းသားလူငယ် ယောက်ျားငယ်များ

ဦးနှောက်ထွက်၊ မှောက်ခုံလဲလို့

သွေးသံရဲရဲနဲ့ သေပွဲဝင်ခဲ့ကြရတယ်။

ပိုင်ရှင်မဲ့နေတဲ့ ကျောင်းသားကတ်တွေ၊

သွေးစွန်းနေတဲ့ စာအုပ်တွေ၊

ဖိနပ်တွေ၊ လွယ်အိတ်တွေ…

ဟိုမှာတစ… ဒီမှာတစနဲ့ ပြန့်ကာကြဲလို့

မြင်မကောင်းအောင် ဖြစ်ခဲ့ရတာ။

ဒီနေရာ ဒီတံတားဟာ သွေးမခြောက်သေးပါ။

မြက်ခင်းအောက်မှာ၊ သွေးတွေရှိသေးတယ်။

တံတားပေါ်က ခုံတွေကို ခေါက်ကြည့်ရင်

ငိုသံ၊ ညည်းသံ၊ အော်ဟစ်သံတွေ ကြားရအုံးမယ်။

မမြင်ဘူး၊ မတွေ့ဘူး၊ မမီလိုက်တဲ့ လူငယ်များ

အင်းလျားကို လျှောက်သွားတဲ့အခါ

မင်းတို့ ခြေထောက်အောက်မှာ

ကျောင်းသားကျောင်းသူတွေသွေး

စေးထန်းနေတာ သတိရပါ။

မြင်ဘူး၊ တွေ့ဘူး၊ ကြုံဘူးခဲ့သူ လူလတ်များ

အသက်ပေးခဲ့ကြရသူတွေ၊ အရှက်စတေးခဲ့ရသူတွေကို

မင်း မေ့ထားလိုက်တော့မှာလား။

တမလွန်မှာ... စိတ်မအေးနိုင်ဘဲ ရှိနေသေးတဲ့ ၀ိညာဉ်များ

လက်စားချေနိုင်ဘို့အရေး

လာကူပေးလှည့်ကြပါ။

လွန်ခဲ့တဲ့နှစ်၂၀ကျော်... နွေရာသီ မတ်လအလယ်မှာ

ဒီနေရာ ဒီတံတားဟာ

သွေးစွန်းခဲ့တယ်။

(ကဗျာရေသားသူ - မေမင်းဆက်)။



No comments: