မြန်မာ့ယဉ်ကျေးမှုအတွင်းမှာ ဒါတွေဖြစ်နေတာ တရားခံဘယ်သူလည်း။
အုပ်စုလိုက်လိင်ဆက်ဆံမှုတဲ့။ ယခင်ခေတ်အဆက်ဆက်မှာ မကြားဖူးတဲ့ ဒီလိုမျိုး ဆိုးရွားလှတဲ့အခြေအနေတွေ ကျွန်တော်တို့ ရဲ့ မြန်မာ့ယဉ်ကျေးမှုအတွင်းမှာ ဖြစ်ပေါ်လာနေတာ ကြားသိရတော့ အင်မတန်ကို တုန်လှုပ်ခြောက်ခြားစရာ ကောင်းလှပါတယ်။
ဘယ်ဘက်ဘက်ကကြည့်ကြည့် လားလားမှ မသင့်တော်တဲ့ ဒီလိုပျက်စီးမှုတွေ ကျွန်တော်တို့ နိုင်ငံမှာ ပိုမိုဖြစ်လာရင် ကျွန်တော်တို့ နိုင်ငံ ကျွန်တော်တို့ လူမျိုးဟာ လျင်မြန်စွာဘဲ ယဉ်ကျေးမှုနိမ့်ပါးတဲ့၊ အရှက်တရားကင်းမဲ့တဲ့၊ လူ့ တန်ဖိုးမရှိတဲ့ တိရစ္ဆာန်တွေလို ဖြစ်သွားလိမ့်မယ်။
လူ့ အသိုင်းအ၀ိုင်းတစ်ခုလုံးက လက်မခံတဲ့ ဒီလိုမျိုး သိက္ခာတရားကင်းမဲ့တြဲ့ ပုမူမှုတွေ ဘာကြောင့်ပေါ်ပေါက်လာရတာလည်းဆိုတာ အရင်းဇစ်မြစ်ကို အခြေခံအကြောင်းရင်းတွေကို ထုတ်ဖေါ်ရှာဖွေ သုံးသပ်ဖို့ လိုပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ အုပ်ချူပ်သူမကောင်းလို့ ဘဲလို့  လိုရင်းတိုရှင်းနဲ့  ပြတ်ပြတ်သားသားပြောရမှာ ဖြစ်တယ်။ ပျက်စီးတဲ့သူ ပျက်စီးတာဘဲ အုပ်ချုပ်သူကြောင့် မဟုတ်ဖူးလို့  တာဝန်မဲ့စကားပြောလို့ မရပါဖူး။
ဒီလို အုပ်စုလိုက် လိင်ဆက်ဆံမှုတွေ ဘာလို့ ဖြစ်လာရတာလည်း။ ဒီလိုဖြစ်ရတာ ဘာသာတရား ယဉ်ကျေးမှုနိမ့်ပါးလာလို့ ၊ မူးယစ်ဆေးဝါးသုံးစွဲမှု များပြားလာလို့ ၊ စီးပွားရေးကြပ်တည်းမှုတွေ တနေ့ တခြား ပိုမိုလာလို့ ၊ ငွေကြေးချမ်းသာသူအသိုင်းအ၀ိုင်းနဲ့  အာဏာလက်ဆုပ်ကိုင်ထားသူတို့ ရဲ့ အသိုင်းအ၀ိုင်းမှ သားသမီးများရဲ့ ပယောဂတွေပေါ်မှာ မူတည်ပါတယ်။
ကျွန်တော်တို့ နိုင်ငံမှာ ဘာသာတရားကို မှန်မှန်ကန်ကန်နဲ့  မြင့်မားတိုးတက်အောင် လုပ်တာမျိုးမရှိဘဲ ဟန်ပြ ဘုရားသွားကျောင်းတက် စိတ်ထားမဖြူစင်တဲ့အလှူတွေ လုပ်နေကြတဲ့၊ တိုင်းပြည်ကို အုပ်ချူပ်နေကြတဲ့သူကြီးများရဲ့  ရှေ့ ဆောင်လမ်းမှားတွေ၊ စစ်မှန်တဲ့ ဘာသာတရား ပြန့် ပွားရေးအတွက် ရိုသေကိုင်းရှိုင်း ကြည်ညိုဖွယ်ကောင်းတဲ့ ဘုရားသားတော်တွေကို ဖိနှိပ်နှိမ်နင်းမှုတွေကြောင့် စစ်မှန်တဲ့ ဘာသာတရား ညှိုးမှိန်လာတယ်။
မြန်မာ့ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားစေရမယ်ဆိုပြီး စာရွက်ပေါ်နဲ့  ပို့ စတာတွေပေါ်လောက်သာရှိတဲ့ ဘန်းပြအာဘော်တွေကို လုပ်နေကြပြီး မြန်မာရိုးရာယဉ်ကျေးမှုနဲ့  ခေတ်ကာလတိုးတက်မှုကို မှန်မှန်ကန်ကန် တွဲဖက်ဆောင်ရွက်စေတာမျိုး မဟုတ်ဘဲ၊ ပျက်စီးမှုကို ဦးတည်စေတဲ့ ခေတ်ပျက် သရုပ်ပျက်ယဉ်ကျေးမှုတွေကို မျက်စိမှိတ် မမြင်ချင်ယောင်ဆောင်ရုံသာမက၊ အားပေးအားမြောက်ပြုနေကြတဲ့ အုပ်ချုပ်သူတွေရဲ့  ဖောက်ပြန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် စစ်မှန်တဲ့မြန်မာ့ယဉ်ကျေးမှုတွေ လူမှုရေးလမ်းကောင်းညွန်ပြမှုတွေ တဖြည်းဖြည်းခေါင်းပါးလာကြတယ်။ လောကနီတိလို့ ခေါ်တဲ့ စောင့်ထိန်းသင့်တဲ့ လူကျင့်ဝတ်တွေ အလေးမထားကြတော့ဖူး။
အုပ်ချုပ်သူလူတန်းစားရဲ့ ပြည်သူပိုင်အလွဲသုံးစားလုပ် ကိုယ်ကျိုးရှာမှုတွေကြောင့် သူတို့ အသိုင်းအ၀ိုင်းသာလျှင် ကြွယ်ဝချမ်းသာနေကြပြီး၊ ပြည်သူတွေရဲ့  ပညာရေး စားဝတ်နေရေး ကျန်းမာရေး အစရှိတာတွေ ချွတ်ခြုံကျရတယ်။ စုတ်ပြတ်သတ်နေတဲ့ ပြည်သူတွေရဲ့ နေ့ စဉ်ဘ၀မှာ အသက်ရှင်သန်ရေးအတွက် ထွက်ပေါက်မှားတွေကို ရောက်ကုန်အောင် အုပ်ချူပ်သူလူတန်းစားက ဖန်တီးနေတယ်။
ငွေကြေးကြွယ်ဝချမ်းသာဖို့ နဲ့  အာဏာတည်မြဲရေးအတွက် အသုံးချဖို့  လိုအပ်နေတဲ့ ငွေကြေးတွေကို အလွယ်တကူရဖို့အတွက် ဘိန်းဘုရင်ခွန်ဆာနဲ့ နောက်လိုက်ဘိန်းထုတ်လုပ်သူတွေကို ဖိတ်ခေါ်လက်ခံခဲ့တဲ့ အုပ်ချုပ်သူတွေရဲ့ လုပ်ရပ်တွေ၊ မူးယစ်ဆေးထုတ်လုပ်ရေးမှာ ကိုယ်တိုင်ကိုယ်ကျ နောက်ကွယ်ကနေ ကြိုးကိုင်ချယ်လှယ် ဆောင်ရွက်နေကြတဲ့ ဗိုလ်ချူပ်ကြီးများရဲ့  ပါဝင်လုပ်ကိုင်မှုတွေ၊ တိုင်းပြည်ရဲ့ အနာဂတ်လူငယ်တွေ နိုင်ငံရေးအသိစိတ်ဓါတ်နိုးကြားမှုတွေ မပေါ်ပေါက်ဖို့  မူးယစ်ဆေးဝါး အပျော်အပါးတွေမှာ လမ်းကြောင်းလွှဲပေးဖို့  အုပ်ချုပ်သူအသိုင်းအ၀ိုင်းက သူတို့ ရဲ့  သားသမီးတွေကို မူးယစ်ဆေးဝါးဖြန့် ချီကြတယ်။၊ လူငယ်ဂိုဏ်းဂဏတွေ ဖွဲ့ ကြပြီး အာဏာပါဝါပြကြတယ်။ သရုပ်ပျက်ဝတ်စားဆင်ယင်မှု အပျော်အပါးလိုက်စားမှု မူးယစ်ဆေးဝါးသုံးစွဲကြတာတွေ သူတို့ သားသမီးတွေက လုပ်ချင်သလို လုပ်နေကြတယ်။
အဲ့ဒီလို အကြောင်းရင်းတွေကြောင့် ပေါ်ပေါက်လာရတ၊ဲ့ လူ့ အသိုင်းအ၀ိုင်းက လက်မခံလောက်တဲ့၊ မြန်မာရိုးရာယဉ်ကျေးမှုနဲ့  ဖီလာဆန့် ကျင်တဲ့ ဒီလို အုပ်စုလိုက် လိင်ဆက်ဆံမှုတွေဟာ အုပ်ချူပ်သူအာဏာရူးတို့ ရဲ့  လုပ်ရပ်တွေအပေါ် အဓိကအခြေခံပြီး ပေါ်ပေါက်လာတာဖြစ်တယ်ဆိုတာဘဲ။
ကျွန်တော်တို့ မြန်မာနိုင်ငံ အစစအရာရာတိုင်းမှာ ဖြစ်နေ ပျက်နေတာတွေဟာ အဓိက တရားခံ
ဟာ အုပ်ချူပ်သူ အာဏာရူးတို့ ဖြစ်တယ်ဆိုတာ သိနေကြတယ်ဆိုရင် သူတို့ ကို ဆက်လက်တည်တံ့စေမယ့်ဟာတွေ မှန်သမျှ တိုက်ဖျက်ဖြစ်ရမယ်ဆိုတာ အထူးအထွေပြောနေစရာတော့ မလိုပါဖူး။
(နစ်နေမန်း)။
No comments:
Post a Comment