Tuesday, July 22, 2008

မုန်တိုင်းဘေးသင့်ဒေသများမှ ရေနေသတ္တ၀ါများ။

မုန်တိုင်းဒါဏ်ခံ ဒေသများဖြစ်သော မြစ်ဝကျွန်းပေါ် ဒေသတွင်းရှိ ရေနေသတ္တ၀ါများ မှာ မုန်တိုင်းအပြီးကာလတွင် အစာရေစာပေါများစွာ စားသောက်ရသဖြင့်  မူလရှိအရွယ်အစားများ ထက် ထူးကဲစွာ ကြီးထွားလာကြပါသည် ။ အထူးသဖြင့်  အသားစား ရေသတ္တ၀ါများ ဖြစ်ကြသော ပုဇွန် ၊ ဖား ၊ ဂဏန်း များမှာ ပိုမို ကြီးထွားကြပါသည် ။














































ပြည်တွင်းထုတ်ဝေသော ဂျာနယ် ၊ စာစောင်များတွင်လည်း ထိုကိစ္စ နှင့်  ပါတ်သက်ပြီး ဖော်ပြ ခဲ့ပါသည်။ ဂျာနယ်များတွင် ဖော်ပြခဲ့ သည်မှာ နာဂစ်မုန်တိုင်း ကျရောက်ပြီးတွင် ရေ နေသတ္တ၀ါများမှာ ယခင်ကာလများထက် ပရိုတိန်းဓါတ် ပိုမိုကြွယ်ဝစွာ စားသောက်ကြရသဖြင့်  အရွယ်အစား ကြီးမားလာကြကြောင်း ၊ ထို ငါး ၊ ပုဇွန်များကို စားသုံးရာတွင်လည်း အန္ဒရာယ်မရှိကြောင်းကိုလည်း ဖော်ပြသွားခြင်းအား တွေ့ ရှိရပါသည် ။

သို့ သော် လက်တွေ့ တွင် မည်သို့ သော စုံစမ်းစမ်းသပ်စစ်ဆေးမှုမှ မရှိဘဲနှင့်၊ သေချာခိုင်လုံသော ကျန်းမာရေးနှင့်ဆိုင်သည့် ပိုးမွှားပိုင်းဆိုင်ရာများအား နည်းပညာများဖြင့် စစ်ဆေးပြီး ထုတ်ပြန်သည့် ကျန်းမာရေးအစီရင်ခံစာမျိုးအား တရားဝင် ပြည်သူများထံ အသိပေး ထုတ်ပြန်ပေးခြင်းများ မရှိဘဲနှင့် အန္တရာယ်မရှိနိုင်ကြောင်းလောက်သာ သတင်းစာစောင်များတွင် ရေးသားဖေါ်ပြခြင်းသည် ခိုင်မာသော ရောဂါဗေဒ ကျန်းမာရေးပိုင်းဆိုင်ရာအရ ခိုင်လုံမှု မရှိပေ။ အဆိုပါ မုန်တိုင်းဘေးသင့်ရာဒေသများတွင် ပေါ်ပေါက်နေသော ၀မ်းလျှောရောဂါများနှင့် အခြားသော ကျန်းမာရေးထိခိုက်မှုများသည် မသန့် စင်သော အစားအသာက်များနှင့် မသန့် ရှင်းသောရေများမှ အခြေခံခြင်း ဖြစ်သည်။

စာရေးသူသည် မုန်တိုင်းကျရောက်ပြီး ကာလနောက်ပိုင်းတွင် ရေသတ္တ၀ါများ အားစားသုံးခြင်းမပြုသည်မှာ ယနေ့  ထိဖြစ်တော့  သည် ။ ဆိုရသော် သေဆုံးသွားကြသော လူ ၊ တိရိစ္ဆာန် အပေါင်းမြောက်များစွာ တို့ ၏ ပုပ်ပွနေသော အလောင်းကောင်များကို အချိန်မှီ ရှင်းလင်းခြင်း မပြုနိုင်ခဲ့သဖြင့်၊ အဆိုပါ ရေသတ္တ၀ါတို့  နှစ်လနီးပါး ၀လင်စွာ စားသောက်ခဲ့ကြရ သဖြင့်  တိုးပွားလာသော ၄င်းတို့ ၏ အသားဓါတ်တို့ ကို စားရမည်မှာ မျက်စိစုံမှိတ်ကာ ရချင်သောရောဂါ ရဆိုပြီး အန္တရာယ်ဘေးဒုက္ခအား ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်သောကြောင့် ဖြစ်သည်။

အထက်ဖေါ်ပြပါ အကြောင်းအချက်များကို ဖုံးကွယ်ပြီး၊ အမြတ်ထုတ်နေသူများကတော့  ငါးပုဇွန်များကို နိုင်ငံခြားသို့  တင်ပို့ နေကြသော ကုမ္မဏီများ နှင့်  ကုန်သည်များ ဖြစ်ကြပါသည် ။ ရေလုပ်ငန်းဦးစီးဌာနမှလည်း ၎င်းအကြောင်းအချက်ကို နိုင်ငံခြားဝင်ငွေ လျော့ ပါးမည် စိုးသဖြင့်  ဖုံးကွယ်နေခဲ့ပါသည် ။

မွေးမြူရေးကန်များမှာ မုန်တိုင်းကျရောက်ခဲ့ စဉ်ကာလ က ရေလျှံ ၊ ရေကြီးပြီး ကန်အတွင်းရှိ မွေးမြူထားသော ငါးများ လျှော့ ပါးသွားခဲ့ ကြပြီး ၊ မွေးမြူရေးကန် အများစု မှာ ပျက်စီး သွားကြပါသည် ။ မွေးမြူရေးကန်တွင်မွေးသော ငါး ၊ ပုဇွန် အစရှိသည်တို့  မှာ ချက်ချင်းမွေး ၊ ချက်ချင်း ကြီးထွားပြီး ၊ ခုချက်ချင်း စားလို့  မရသည်ကိုတော့  အများသိမည် ဖြစ်ပါသည်။ ယခုကဲ့သို့  ချက်ချင်းကြီးထွားနေကြသော ပုဇွန် ၊ ဖား ၊ ဂဏန်း၊ ငါးများမှာ လူသေအေလာင်းများနှင့် ကျွဲနွား အစရှိသည့် သေနေသော အသားစများအား စားသုံးခြင်းကြောင့် ဖြစ်ပါသည်။

ကုန်သည်အများစု တင်ပို့ နေကြသော နယ်စပ်ဒေသများကတော့  မြ၀တီ (မဲဆောက်) နှင့် မူဆယ် (ရွှေလီ) တို့ သို့  အများဆုံးဖြစ်ကြောင်း သိရပါသည် ။

ယခုချိန်ထိလည်း ပင်လယ်ရေငန်ရောက်သော ဒေသများတွင် အလောင်းကောင်များမှာ ဆားဓါတ်ကြောင့် ပုပ်ပွ ရိရွဲ နေသော်လည်း၊ လုံးလုံး အရိုးကျသွားခြင်းမရှိသေးဘဲ ငါးပိကောင်များ၊ ငါးဆားနယ်များကဲ့သို့  လူသူအရောက်ပေါက်နည်းသော ဒီရေတောများ၏ အတွင်းကျကျနေရာများတွင် ကျန်ရှိနေသေးသည် ကို ယခုရက်ပိုင်းတွင်းမှာပင် စာရေးသူကိုယ်တိုင် မြင်တွေ့  ခဲ့ရပါသည် ။ ထိုကြောင့် အဆိုပါရေသတ္တ၀ါများအား စားသုံးသင့် သည် မသင့် သည် ကို စာဖတ်သူတို့  ကိုယ်တိုင် ဆုံးဖြတ်ကြစေချင်ပါသည် ။ အဆိုပါဒေသရှိ ပြည်သူများအားလည်း ကျန်းမာရေးပိုင်းဆိုင်ရာ ပညာပေးများ ပြုလုပ်ပြောပြပေးသင့်ပါသည်။ ၄င်းတို့ ၏ စားဝတ်နေရေးအတွက် ဘေးရောဂါကင်းနိုင်မည့် သန့် စင်သော အစားအသောက်များအား ကူညီစီစဉ်ပေးသင့်ပါသည်။

နအဖခေါင်းဆောင်ကြီးများအနေနှင့်လည်း ယခုလို ရေနေသတ္တ၀ါများ၏ အခြေအနေနှင့် နာဂစ်မုန်တိုင်းအတွင်း သေဆုံးသွားသော လူပုဂ္ဂိုလ်များနှင့် ကျွဲနွာအစရှိသည့် တိရစ္ဆာန်တို့ ၏ ပုပ်ပွစွာရှိနေသော အလောင်းကောင်များ၏ အနေအထားအား စုံစမ်းရှင်းလင်းသုတ်သင်နိုင်ခြင်းမရှိဘဲ၊ မြစ်ဝကျွန်းပေါ်ဒေသနေ ပြည်သူများအား အင်းအိုင်မြစ်ချောင်းများမှ ငါးများဖားများ ရှာဖွေစားသုံးနိုင်ကြကြောင်း လက်လွတ်စပယ် ပြောဆိုခြင်းသည် အဆိုပါ ပြည်သူများ၏ ကျန်းမာရေးကို ထိခိုက်စေအောင် တာဝန်ကင်းမဲ့စွာဖြင့် ပြောဆိုလိုက်ခြင်း ဖြစ်ပေသည်။

ဖေါ်ပြထားသော ဓါတ်ပုံများမှာ စာရေးသူ ကိုယ်တိုင် အဆိုပါဒေသများတွင် ယခုရက်ပိုင်းအတွင်းက ရိုက်ကူးထားသော ပုံများ ဖြစ်ပါသည်။ ကျန်ရှိနေသေးသော လူပုဂ္ဂိုလ်များ၏ အလောင်းများနှင့် ပုပ်ပွနေကာ တစ်စစီ ရှိနေသေးသော အသားစများ ဖြစ်ပါသည်။ ထိုပုပ်ပွနေသော အသားစများအား စားသုံးရင်း အကောင်ကြီးထွားနေကြသော ဂဏန်းနှင့် ဖားများအား တွေ့ မြင်ရပါသည်။

စာရေးသူအနေဖြင့် အဆိုပါဒေသများရှိ မုန်တိုင်းဘေးသင့်သူ ဒုက္ခသည် ပြည်သူများ၏ စားဝတ်နေရေး ငတ်မွတ်မှုကြောင့် အသက်ရှင်ရပ်တည်ရေးအတွက် ကြုံရာရှာစားနေကြရသည့် အခြေအနေအား ကိုယ်ချင်းစာနားလည်ရသော်လည်း၊ မသန့် ရှင်းသောအစားအစာများကြောင့် ထပ်မံဖြစ်ပွားဘာမည့် ကူးစက်ရောဂါများအား မဖြစ်ပေါ်စေရန် စေတနာဖြင့် အသိပေးခြင်း ဖြစ်ပါသည်။ လက်ရှိအချိန်ကာလာတွင်လည်း အဆိုပါဒေသများတွင် ၀မ်းနှင့်ပတ်သက်သော ရောဂါများ ဖြစ်ပွားလျက်ရှိပါသဖြင့် အထူးစိုးရိမ်မိပါသည်။

ကိုယ်ကျိုးအတ္တလောဘအတွက် အဆိုပါဒေသရှိ ရေနေသတ္တ၀ါများအား အခြားဒေသများသို့  တင်ပို့ ရောင်းချနေသူများကြောင့် အဆိုပါဒေသမှ ပြည်သူများသာမက အခြားသောသူများအတွက်ပါ ဘေးရောဂါများအား ဖြန့် ဖြူးပေးနေရာ ရောက်နေပါသည်။

နိဂုံးချူပ်အနေဖြင့် စားသုံးသူများအနေဖြင့် သတိလက်လွတ်နှင့် စားသုံးနေခြင်းမှ ကျန်းမာရေးထိုခိုက်နိုင်သော အစားအစာ ဖြစ်မဖြစ်နှင့် အဆိုပါစားသောက်ကုန်များ၏ မူလဇစ်မြစ်နေရာဒေသတို့ ကို စူးစမ်းလေ့လာပြီးမှသာလျှင် ကျန်းမာရေးပိုင်းဆိုင်ရာ စားသောက်ကုန်ပစ္စည်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ၏ ခိုင်လုံသော အကြံပေးချက်များဖြင့်သာ စားသောက်သုံးစွဲသင့်ပါကြောင်း စေတနာရှေ့ ထားကာ သတိပေးအပ်ပါသည်။

(ရေးသားသူ - ပြည်တွင်းမှ စေတနာရှင် ပြည်သူတစ်ဦး)။