Tuesday, July 8, 2008

တိုက်ပွဲဝင်ကြဖို့  အခြေအနေ အချိန်အခါကတော့ စကားပြောလာပြီ။ ဘာလုပ်ကြမလည်း။




















လေးစားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားတဲ့ မိန့် ခွန်းတွေကို ပြန်လည်ဖေါ်ပြပေးအပ်ပါတယ်။

နိုင်ငံရေးဆိုတာ လူတိုင်းလူတိုင်းနဲ့ ဆိုင်ပါတယ်။ နိုင်ငံရေး စိတ်ဓါတ်ဆိုတာ အမြဲထာဝစဉ် ရှင်သန်နေဖို့လိုပါတယ်။ စီးပွားရေးဆိုတာလည်း နိုင်ငံရေးပဲ၊ ပညာရေးဆိုတာလည်း နိုင်ငံရေးပဲ၊ ကျန်းမာရေးဆိုတာလည်း နိုင်ငံရေးပဲ အရောင်းအဝယ်၊ လမ်းသွားလမ်းလာလည်း နိုင်ငံရေးပဲ။

ဒီမိုကရေစီစနစ်သာလျှင် လွတ်လပ်တဲ့ နိုင်ငံနဲ့ ဆီလျှော်တယ်။ ဒီမိုကရေစီစနစ်သာလျှင် ပြည်သူလူထုရဲ့ လွတ်လပ်မှုကို အာမခံနိုင်တယ်။ ပြည်သူလွတ်လပ်မှသာလျှင် နိုင်ငံလွတ်လပ်မှာ ဖြစ်တယ်။

ဒီမိုကရေစီရရှိဖို့အတွက် အရေးကြီးတာကတော့ စိတ်ဓါတ်ပဲ။ စိတ်ဓါတ်အပြည့်အ၀နဲ့ ကိုယ်လိုချင်တဲ့ကိစ္စတခုကို ဖြစ်အောင်လုပ်၊ အောင်မြင်အောင် လုပ်နိုင်ဖို့ ရဲရဲ ဝံ့ဝံ့နဲ့ လှုပ်ရှားနိုင်မယ်ဆိုလို့ရှိရင် မအောင်မြင်စရာအကြောင်း မရှိပါဘူး။

အပြောင်းအလဲ မြန်မြန်လိုချင်တယ်ဆိုရင်တော့ ဒီကိစ္စတခုမှာ ကြံကြံခံ ရပ်တည်နိုင်ရမယ်။ မကောင်းတဲ့ဖက်က မရပ်တည်ပဲနဲ့ ကောင်းတဲ့ဖက်က ခိုင်ခိုင်မာမာ ရပ်တည်နိုင်ရမယ်။ ခြိမ်းခြောက်လို့လဲ မကြောက်တက်၊ မက်လုံးတွေအပေါ်မှာလဲ စဉ်းစားဖို့ မလိုပဲ အမှန်တရားဖက် ရပ်တည်နိုင်ရမယ်။

ခေါင်းငုံ့ခံတဲ့ စိတ်ဓါတ် တွေကိုတော့ မမွေးကြပါနဲ့။ ဒီမိုကရေစီရေး အတွက်ခိုင်မာတဲ့စိတ်ဓါတ် ထိန်းသိမ်းထားပါ၊ အဲလိုထိန်းသိမ်းထားလို့ ရှိရင် ဒီမိုကရေစီ မြန်မြန်ရမယ်။ လူတိုင်းလူတိုင်းဟာ ဒီမိုကရေစီရေး အတွက်တခုခု လုပ်နိုင်ပါတယ်၊ တကယ်ပဲ စိတ်ဆန္ဒ ရှိမယ်ဆိုရင် လုပ်နိုင်ပါတယ်။

အများပြည်သူ သဘောမတူတဲ့ အမိန့်အာဏာဟူသမျှကို တာဝန်အရ ဖီဆန်ကြပါ။ တာဝန်အရ ဖီဆန်ရမယ်။ လူတိုင်းလူတိုင်းမှာ လူ့အခွင့်အရေးတွေကို ကာကွယ်ဖို့ တာဝန်ရှိတယ်။ နိုင်ငံတနိုင်ငံ တကယ်ပဲတိုးတက်ဖို့ဆိုတာ ပြည်သူတွေရဲ့ ဇွဲသတ္တိ၊ ၀ီရိယ လုံ့လ၊ စိတ်ခိုင်မြဲမှုတွေနဲ့ ဆိုင်ပါတယ်၊ အဲဒီလို ပြည်သူတွေရှိတဲ့ နိုင်ငံမှ တိုးတက်နိုင်ပါတယ်။

လူထုကနေ ကြောက်နေမယ်ဆိုရင် ကြောက်သလိုပဲ ပိုပြီးဖိကြမယ်။ ဒီမိုကရေစီလိုချင်ရင် သတ္တိရှိတယ်ဆိုတာဟာ မှန်တဲ့ ကိစ္စကို လုပ်ရဲရမယ်ဆိုတဲ့သတ္တိကို ဆိုလိုတာဖြစ်ပါတယ်။ “အသက်ရှင်ရကျိုး မနပ်ဘဲ နေရမဲ့ အစား၊ သေရတာဘဲ ကောင်းတယ်” ဆိုတဲ့ စိတ်ဓါတ်ထားပြီး အသက်ရှင်ရကျိုးနပ်မယ့် ဒီမိုကရေစီ အကျိုးဖြစ်အောင် အားလုံး ဝိုင်းဝန်းကြိုးစားကြပါလို့ ကျမ တိုက်တွန်းချင်ပါတယ်။

မတရားတာတွေကိုမြင်ရင် တရားတဲ့ဘက်က ရပ်တည်ပေးကြပါ၊ တက်နိုင်သမျှ အဘက်ဘက်ကနေ ကူညီကြပါလို့ ကျမ တိုက်တွန်းချင်တယ်။ ဒီမိုကရေစီ လှုပ်ရှားမှု အောင်မြင်ရေးအတွက်၊ ကိုယ့်လူမျိုး တိုးတတ်ရေးအတွက်၊ ကိုယ့်တိုင်းပြည် ချမ်းသာရေးအတွက်၊ ဝိုင်းဝန်းကူညီကြပါလို့ ကျွန်မ မေတ္တာရပ်ခံပါတယ်။

ဒီမိုကရေစီ လှုပ်ရှားမှုဆိုတာ ပြည်သူလူထုကို အားကိုးပြီးလုပ်ရတဲ့ လှုပ်ရှားမှုပါ။ ဘယ်အဖွဲ့အစည်းရဲ့ ကောင်းကျိုးအတွက်လည်း မဟုတ်ဘူး။ လူတစုရဲ့ကောင်းကျိုးအတွက်လည်း မဟုတ်ဘူး။ လူတယောက်ရဲ့ကောင်းကျိုးအတွက်လည်း မဟုတ်ဘူး။ အများပြည်သူကောင်းကျိုးအတွက် လှုပ်ရှားနေတဲ့ လှုပ်ရှားမှုကြီးဖြစ်ပါတယ်။

ဒီမိုကရေစီရအောင်လုပ်ဖို့ ကျွန်မတို့ အားလုံးမှာ တာဝန်ရှိတယ်။