Thursday, July 17, 2008

အာဇာနည်နေ့ အထူးအစီအစဉ် မေတ္တာရပ်ခံ တောင်းဆိုခြင်း။

သို့ -

ဒီမိုကရေစီ အင်အားစု ပြည်ပ အသံလွှင့်ဌာနများ။

အကြောင်းအရာ။ ။(၆၁)ကြိမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အထူးအစီအစဉ်အဖြစ် ဥဩဆွဲ အလေးပြုခြင်း နှင့် အာဇာနည်နေ့သီချင်း ထုတ်လွှင့်ပေးပါရန် ၊ မေတ္တာရပ်ခံတောင်းဆိုခြင်း။

(၁) အထက်ပါ အကြောင်းအရာ နှင့် ပတ်သက်၍ နအဖ စစ်အစိုးရသည် မြန်မာ့လွတ်လပ်ရေးကို သက်စွန့်ကြိုးပမ်း ရယူပေးခဲ့သည့် အာဇာနည်ကြီးများ၏ သမိုင်းအစဉ်အလာ နှင့် နိုင်ငံရေး အခန်းကဏ္ဍကို မှေးမှိန်ပျောက်ပျက်စေရန် အစဉ်တစိုက် ကြိုးပမ်းလာခဲ့ သည်မှာ အားလုံး သိရှိပြီး ပင်ဖြစ်သည်။

(၂) ထို့ကြောင့် ယခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင် ကျရောက်မည့် (၆၁) ကြီမ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်တွင် သမိုင်း ဂုဏ်ရောင် ထွန်းပြောင်ခဲ့သော အာဇာနည်ကြီးများ၏ ကျေးဇူးကို မျိုးဆက်သစ် လူငယ်များ သိရှိနားလည် ဂုဏ်ယူတတ်စေရန် နှင့် ရဟန်း၊ ရှင်၊ လူ၊ ပြည်သူအများ ဦးညွတ် အလေးပြုနိုင်စေရန် ရည်ရွယ်၍ ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့ရသော မြန်မာစံတော်ချိန် နံနက် ၁၀:၃၇ နာရီ တိတိတွင် ဥဩဆွဲ အလေးအမြတ်ပြုခြင်းနှင့် ခေတ်ဟောင်းအဆိုတော် ဒေါ်မေလှမြိုင် ဂုဏ်ပြုသီဆိုထားသော အာဇာနည် နေ့သီချင်းအား ပြန်လည်ထုတ်လွှင့်ပေးပါရန် မလေးရှားရောက် မြန်မာများကိုယ်စား NLD(LA)MALAYSIA မှ အလုပ်အမှုဆောင်များ ပါတီဝင်များမှ မေတ္တာရပ်ခံ တောင်းဆိုအပ်ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)
မလေးရှား။