Monday, August 25, 2008

ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာရုပ်မြင်သံကြားပေါ်မှာ စကားပြောကြားခွင့် ပုံမှန်ပေးဖို့ လိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့  နေအိမ်အတွင်းကို ခွင့်တောင်းခြင်း မပြုဘဲ ၀င်ချင်တဲ့အခါ ၀င်ရောက်တွေ့ ဆုံနေခဲ့တဲ့ နအဖက အခုကျမှ ဂန်ဘာရီရဲ့  ကိုယ်စားလှယ်တွေကို ခြံတံခါးဂိတ်ဝမှာ စောင့်ခိုင်းပြီး၊ လော်စပီကာနဲ့  ၀င်ခွင့်တောင်းတယ်ဆိုတာ အကြံအစီနဲ့  တမင်သက်သက် ဖန်တီးတယ်ဆိုတာ သိသာထင်ရှားပါတယ်။

ဂန်ဘာရီအနေနဲ့  တွေ့ ခွင့်မရခဲ့တဲ့ နအဖခေါင်းဆောင်ကြီး သန်းရွှေရဲ့  နေအိမ်ရှေ့ မှာရော အခုလိုသွားရောက်ပြီး လော်စပီကာနဲ့  အော်ပြဖို့  စီစဉ်ပါလား။

နအဖဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ဗြောင်တစ်မျိုး သွယ်ကာဝိုက်ကာတစ်မျိုးနဲ့  အမျိုးမျိုး နိုင်ငံရေး၊ လူမှုရေးအရ ကေက်ကျစ်လှစွာနဲ့  လုပ်ကြံတာ တစ်ခါမကပါဖူး။

ဂန်ဘာရီရဲ့  ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ခေါ်ဆောင်သွားတဲ့ နေ့ မှာ ဒေါ်အောင်ဆန်းစုကြည်ရော နေအိမ်မှာ ရှိမှရှိပါ့မလားဆိုတာ သံသယဖြစ်စရာရှိပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို တစ်နေရာရာကို ကြိုတင်ခေါ်ဆောင်သွားပြီး ခေတ္တနေအိမ်ကနေ ဖယ်ရှားထားတယ်ဆိုရင် အခုလို အိမ်ရှေ့ မှာ ၀င်ခွင့်သွားတောင်းတဲ့ အဖြစ်အပျက်က တမင်ဖန်တီးထားတာနဲ့  အကွက်ချစီစဉ်ထားတာ ပိုပေါ်လွင်နိုင်ပါတယ်၊ ဂန်ဘာရီနဲ့  တွေ့ ဖို့ ခွင့်တောင်းတာ အိမ်ထဲကို ခါတိုင်းလိုဘဲ ၀င်ပြီး ပြောပြနိုင်ပါရက်နဲ့  မ၀င်ဘဲ အပေါက်ဝကနေ ဂန်ဘာရီကိုယ်စားလှယ်များရှေ့ မှာ အော်ပြနေတာ အကယ်လို့  အိမ်ထဲသာ ၀င်ပြရင် ဒေါ်အောင်ဆန်းစုကြည်ကို တစ်နေရာရာ ခေတ္တပို့ ထားတာကြောင့် မတွေ့ နိုင်တာ ပေါ်မှာစိုးလို့ မဖြစ်နိုင်ဖူးလား၊ ယခုလက်ရှိရော ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အတွင်းမှာ ရှိနေ မရှိနေဆိုတာကို ဘယ်သူက သိနိုင်ပါ့မလည်း။

မြန်မာပြည်သူလူထုနဲ့  ကမ္ဘာ့အသိုင်းအ၀ိုင်းရဲ့  မြင်ကွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အား ဖျောက်ကွယ်ထားနေခြင်းဟာ နအဖအနေနဲ့  လုပ်ကြံဖန်တီးမှုတွေကို လုပ်ဖို့ အတွက် တမင်စီစဉ်ထားတာ ဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ ထိန်းသိမ်းထားရတာဟာ အခြားသော မလိုလားအပ်သည့် ဘေးအန္တရယ်များမှ ကာကွယ်ပေးလိုလို့ ဆိုတဲ့ မုသားစကားတွေနဲ့  စကားလိမ်လည်ပြောဆိုနေတဲ့ နအဖရဲ့  စကားအရ ပြောရရင်၊ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချူပ်ကနေ မလွှတ်သေးတဲ့အချိန်ကာလမှာ နအဖရဲ့  ရုပ်မြင်သံကြားတွေကနေ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူလူထုထံ စကားပြောခွင့် ပုံမှန်ပေးပါလား။ ဒီလိုစကားပေးပြောလို့  ဒေါ်အောင်ဆန်းစုကြည်အတွက် ဘာမှ ဘေးအန္တရာယ်ကျရောက်စရာ မရှိသလို၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့  သဘောထားအမှန်ကိုလည်း အားလုံးသော ပြည်သူတွေ သိရနိုင်မှာမို့  နအဖ လိမ်လည်ပြောဆိုတာ ဟုတ်မဟုတ်ကို နအဖတွေကိုယ်တိုင် သက်သေပြသလို ဖြစ်ပါလိမ့်မယ်။

နအဖတွေအနေနဲ့  တကယ် တိုင်းပြည်အကျိုးကို ဆောင်ရွက်ပေးနေပါတယ်၊ မြန်မာပြည်ကြီးကို ဒီမိုကရေစီလမ်းစဉ်နဲ့ အညီ အုပ်ချုပ်သွားမှာ ဖြစ်ပါတယ်လို့ ဆိုရင် ပြည်သူလူထုရှေ့ မှောက်မှာ ပြည်သူလူထုကို သက်သေထားပြီး မြန်မာ့ရုပ်မြင်သံကြားတွေကနေတစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့  တစ်ကွ အခြားသော ဒီမိုကရေစီအရေး ကြိုးစားဆောင်ရွက်နေကြတဲ့သူတွေနဲ့  စကားပြောရဲကြပါသလား၊

ဒါကြောင့် နအဖအနေနဲ့  ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တာ ပြောနေတာ ပြနေတာတွေဟာ တစ်ဘက်သတ်ဖြစ်နေတဲ့အတွက် ဘာတွေပြောပြော ဘာတွေပြပြ ကျွန်တော်တို့ ပြည်သူတွေကတော့ လုံးဝ ယုံကြည်မှာ မဟုတ်ဖူးဆိုတာ အသိပေးလိုက်ပါတယ်။၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပြောဆိုချက်အမှန်တွေကို သိဖို့  ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောတာ လက်တွေ့ မြင်ရကြားရမှ ယုံကြည်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့  လုံခြုံရေး၊ ကျန်းမာရေးနဲ့  ပြောကြားချက်တွေကို ပြည်သူလူထုကိုယ်တိုင် မျက်မြင်သိရှိရဖို့  ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာရုပ်မြင်သံကြားပေါ်မှာ စကားပြောကြားခွင့် ပုံမှန်ပေးဖို့ လိုပါတယ်။

အောက်ဖေါ်ပြပါ ဗွီဒီယိုကတော့ နအဖရဲ့  မြန်မာရုပ်မြင်သံကြားကနေ ထုတ်လွှင့်ပြသသွားတာပါ၊ ဒီလိုပြဖို့ အတွက်ကို ကြိုတင်ပြီး အကွက်ကျကျ စီစဉ်ခဲ့တယ်ဆိုတာ သိသာထင်ရှားပါတယ်။