Friday, August 22, 2008

အောင်သောင်း (ခ) အောင်တောင်း (ခ) ဦးအောင်တောင်းရဲ့  မှတ်သားဖွယ်စကား။


















အောင်သောင်း (သို့ မဟုတ်) အောင်တောင်း (သူတို့ ကိုးကွယ်နေတဲ့ တရုတ်ကြီး လေသံနဲ့  ခေါ်ရင်) (သို့ မဟုတ်) ဦးအောင်တောင်း (စက်မှုဝန်ထမ်းတွေနဲ့  အများပြည်သူတွေက ပေးတားတဲ့ အမည်လေး - အခြားသော နအဖ၀န်ကြီးတွေထက် ဦးအောင် တောင်းလွန်းလို့ ) က နေပြည်တော် သင်တန်းဖွင့်ပွဲတခုမှာ “ဘဏ္ဍာရေးလုပ်ငန်းဆိုတာ (၄) တန်းအောင် အရည်အချင်းရှိလျှင်ပင် လုပ်ကိုင်၍ရကြောင်း၊ ရှေးက ဘုရားပုထိုးများ စနစ်တကျ တည်နိုင်ခဲ့တဲ့ အနော်ရထာဘုရင်တောင် ဘယ်တက္ကသိုလ်တစ်ခုကိုမှ တက်ခဲ့သူ မဟုတ်ကြောင်း ပြောခဲ့တယ်လို့  သိရှိရပါတယ်။

နေပြည်တော် စက်မှု (၁) ၀န်ကြီးဌာန ဘဏ္ဍာရေးအရာရှိများ တက်ရောက်တဲ့ နေပြည်တော် သင်တန်းဖွင့်ပွဲတခုမှာ အခုလို ၀န်ကြီး အောင်သောင်းက ပြောခဲ့တာဖြစ်တယ်လို့  အရာရှိ တွေက ပြောပါတယ်။ ၀န်ကြီး အောင်သောင်းရဲ့  တန်ဖိုးမဲ့လှတဲ့ စကားကြောင့် အဆင့်မြင့်ဘဏ္ဍာရေးဆိုင်ရာဘွဲ့ များကို ရအောင် ကြိုးစားထားခဲ့ရတဲ့ နေပြည်တော်ဘဏ္ဍာရေးအရာရှိအတော်များများ မကျေမနပ်ဖြစ်နေကြတယ်လို့  သိရှိရပါတယ်။

ဒီလို ၀န်ကြီးအောင်သောင်းရဲ့  ပညာမဲ့လှတဲ့ ပေါကြောင်ကြောင်စကား ကြားသိရတဲ့သူတွေထဲက သုံးသပ်ပြောဆိုသံတစ်ချို့ ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

- ၀န်ကြီးတစ်ယောက်လုပ်ပြီး အဲဒီစကားကိုပြောတယ် ဆိုကတည်းက သူ့ စိတ်ရောဂါအခြေအနေကို အများသိအောင် ဖေါ်ပြလိုက်တာပဲလို့ ကျွန်တော့်အနေနဲ့ ယူဆမိပါတယ်။

- မှတ်သားလောက်ပါပေတယ်၊ မှတ်သားလောက်ပါတယ်။

- နအဖစီးပွားရေးက လက်စသပ်တော့ (၄) တန်းအဆင့် စီးပွားရေးလား။ ဒါဆိုတော့ ဟုတ်ပါလိမ့်မယ်။

- အိုး၊ ဒီစကားက ကလေးတွေအတွက် အလွန်ကောင်းတာပေါ့ဗျာ။ ကျွန်တော့် သမီး နောက်နှစ်ဆိုရင် ဘဏ္ဍာရေးထိန်းသိမ်းသူ ဖြစ်နိုင်တာပေါ့။ သမီးက အခု မူလတန်း တတိယတန်း တက်နေတာ။ နောက်နှစ် (၄) တန်းအောင်ရင် လုပ်လို့ ရပြီပေါ့။ ၀န်ကြီးအောင်သောင်းဆီက ထောက်ခံစာပါ ယူရမယ်။

- မတော်မရာ အနော်ရထာကိုတောင် ဆွဲထည့်ကာပြောတတ်တဲ့ အောင်သောင်း အကောင်းမှတ်လို့  နားထောင်နေတာ လက်စသတ်တော့ သူ့ ဦးနှောက်ထဲမှာ အကန့် လေးကန့် ဘဲ ရှိရှာလို့  (၄) တန်းအကြောင်း ပြောနေတာကိုး။

- နိုင်ငံတော်စက်မှုရေးရာမှာ ၀န်ကြီးတက်လုပ်နေတဲ့သူ ပြောစကားက စက်မှုတိုးတက်မယ့် နိုင်ငံတော်ကြီးတော့ ဖြစ်မဖြစ်တော့ မသိဘူး။ (၄) တန်းကျောင်းသားကျောင်းသူတွေကို သူ့ နေရာမှာ အုပ်ချူပ်ခိုင်းရင် မြန်မာပြည်ကြီး တိုးတက်နိုင်ကောင်းပါရဲ့ ။