Thursday, September 18, 2008

ကျောက်စိမ်းလက်နက် ပြည်သူသတ်ဖို့ အတွက်။

















နအဖက ကျောက်မျက်ရတနာပြပွဲကို လာမယ့် အောက်တိုဘာလလယ်မှာ ကျင်းပပြုလုပ်မယ်လို့  ကြေညာထားပါတယ်။

ယခင်က ဒီလိုကျောက်မျက်ရတနာပြပွဲ ရောင်းချပွဲများကို နိုင်ငံခြားတိုင်းပြည်များသို့  မကြာခဏ သွားရောက်ပြီး ရောင်းချလေ့ ရှိခဲ့ပေမယ့်၊ အဆိုပါနိုင်ငံကြီးတွေမှာ စီးပွားရေးဒဏ်ခတ် ပိတ်ပင်မှုတွေ ပြုလုပ်လာတာကြောင့်၊ ကျောက်မျက်ရတနာပြပွဲရောင်းချပွဲတွေမှာ နအဖပါလာရင် ဆန္ဒပြကန့် ကွက်မှုတွေ ရှိနေကြတာကြောင့်၊ နအဖက မြန်မာနိုင်ငံအတွင်းမှာသာ ကျောက်မျက်ရတနာပြပွဲရောင်းချပွဲတွေ တိုးချဲ့ ပြုလုပ်ဖို့  ပိုအလေးပေးပြီး စီစဉ်တာ တွေ့ ရှိရပါတယ်။



















နအဖက ပြည်သူပိုင်သယံဇာတပစ္စည်းတွေဖြစ်တဲ့ ရေနံ၊ သဘာဝဓါတ်ငွေ့ ၊ ကျွန်းသစ်၊ ကျောက်သံပတ္တမြား ကျောက်စိမ်း အစရှိတဲ့ ရတနာတွေကို ကိုယ်ပိုင်ပစ္စည်းကဲ့သို့  အပိုင်စီး သိမ်းပိုက်ကာ နိုင်ငံခြားသို့ ရောင်းချပြီး၊ ရလာတဲ့ ဒေါ်လာငွေတွေနဲ့  နအဖ အာဏာတည်မြဲရေးအတွက် လုပ်ငန်းလည်ပတ်မှု၊ ဗိုလ်ချူပ်ကြီးများနဲ့  မိသားစုဆွေမျိုးစုများ ချမ်းသာကြွယ်ဝရေးတို့ အတွက် အဓိက သုံးစွဲလျက် ရှိကြပါတယ်။

တိုင်းသူပြည်သားတွေရဲ့  အစာရေစာ ငတ်ပြတ်မှု၊ ကျန်းမာရေး ချို့ တဲ့မှု၊ ပညာရေး နိမ့် ကျမှုတွေ၊ တိုင်းပြည်တစ်ဝှမ်း တိုးတက် ဖွံ့ ဖြိုးမှုတွေမှာ ဦးစားပေးပြီး ပြည့်ဝစွာ သုံးစွဲမှု မပြုလုပ်တာ တွေ့ ရှိရပါတယ်။

ပိုဆိုးရွားတာကတော့ နအဖဗိုလ်ချူပ်တွေဟာ ၄င်းတို့  အာဏာတည်မြဲရေးအတွက် စစ်တပ်အင်အား တိုးချဲ့ ရေး၊ ပြည်သူလူထုအား နှိမ်နင်းသုတ်သင်ရေးတို့ အတွက် လူသတ်လက်နက်အမြောက်အမြား ၀ယ်ယူသုံးစွဲခြင်း ဖြစ်ပါတယ်။

နအဖတွေ ရောင်းချတဲ့ ကျောက်မျက်ရတနာတွေကို အများဆုံး ၀ယ်ယူတာ တရုတ်နိုင်ငံနဲ့  အိန္ဒိယနိုင်ငံတို့ က အဓိကနေရာမှာ ပါဝင်ပါတယ်။ ကျောက်မျက်ရတနာရောင်းချလို့ ရလာတဲ့ ဒေါ်လာငွေနဲ့  နအဖက ပြန်ဝယ်ယူတဲ့ လူသတ်လက်နက်ပစ္စည်းတွေကို အများဆုံး ရောင်းချပေးတာလည်း ဒီ တရုတ်နိုင်ငံနဲ့  အိန္ဒိယနိုင်ငံတို့ က ထိပ်ဆုံးက ဖြစ်ပါတယ်။















နအဖကနေ ပြည်တွင်းလူထုဆန္ဒပြပွဲတွေကို ပစ်ခတ်သတ်ဖြတ်နှိမ်နင်းတာတွေမှာ၊ နယ်စပ်ဒေသမှာ ရှိတဲ့ တိုင်းရင်းသားပြည်သူတွေကို စစ်ဆင်ရေးထိုး သတ်ဖြတ် အမျိုးဖြုတ်တာတွေမှာ သုံးစွဲတဲ့ ဒီလူသတ်လက်နက်တွေဟာ အင်မတန်လှပတဲ့ သယံဇာတကျောက်မျက်ရတနာတွေကို ရောင်းချလို့ ရလာတဲ့ ဒေါ်လာငွေတွေကြောင့်ဆိုတာ ကျွန်တော်တို့  ပြည်သူတွေ မျက်စိထဲ မြင်အောင် ကြည့်ကြဖို့  လိုပါတယ်။

နအဖဗိုလ်ချူပ်တွေနဲ့  မိသားစုဆွေမျိုးတွေ ချမ်းသာကြွယ်ဝနေပြီး သာမန်ပြည်သူလူထုကို ကျေးကျွန်သဖွယ်ဆက်ဆံနေတာ၊ သားပျိုသမီးပျိုတွေကို ငွေနဲ့ ပေါက်ပြီး ဖျက်ဆီးပြစ်နေကြတာတွေဟာ ဒီ သယံဇာတတွေရောင်းချလို့  ရတဲ့ ငွေနဲ့  မောက်မာနေကြတဲ့ နအဖဗိုလ်ချူပ်တွေ အသိုင်းအ၀ိုင်းဆိုတာ ကွက်ကွက်ကွင်းကွင်း မြင်တတ်ကြဖို့  လိုပါတယ်။

ကုလသမဂ္ဂနဲ့  နိုင်ငံတကာက နိုင်ငံရေးအရ အရေးယူဆောင်ရွက်မှုတွေ၊ စီးပွားရေး ပိတ်ဆို့ မှုတွေ၊ အာဆီယံ အရှေ့ တောင်အာရှိနိုင်ငံများအသင်းရဲ့  ဖိအားပေးမှုတွေကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့ တောင် မအောင်းမေ့ဘဲ အလေးမထား ဂရုမစိုက်ဘဲ နေပြနေတာ နအဖတွေမှာ ဒီသယံဇာတ ကျောက်မျက်ရတနာတွေ ရောင်းချလို့ ရနေတဲ့ ဒေါ်လာငွေတွေကြောင့် အဓိက ဖြစ်တယ်ဆိုတာ သိကြဖို့  လိုပါတယ်။

ဒီတော့ကာ အာဏာရှင်သက်ဆိုးမရှည်စေချင်ရင် အာဏာရှင်တွေကိုသာမက၊ အာဏာရှင်တွေ သက်ဆိုးရှည်အောင် ပံ့ပိုးပေးနေတဲ့လုပ်ငန်းမှန်သမျှ အကြောင်းအရာ မှန်သမျှကို ပိတ်ပင်တားဆီး တိုက်ထုတ်ဖြစ်ဖို့ လိုပါတယ်။

အထူးသဖြင့် ဒီလို ကျောက်မျက်ရတနာပြပွဲရောင်းချပွဲတွေကို ဆပ်လက် မပြုလုပ်နိုင်အောင် အောက်ဖေါ်ပြပါ နည်းတွေအပြင် ဆောင်ရွက်နိုင်မယ့်နည်းမှန်သမျှကို မြန်မာပြည်သူပြည်သားတွေ ၀ိုင်းဝန်းဆောင်ရွက်ကြဖို့  အရေးတကြီး လိုအပ်ပါတယ်။

(၁) နအဖရဲ့  ကျောက်မျက်ရတနာပြပွဲပြခန်းတွေကို ဟန့် တားပြစ်ရပါမယ်။

(၂) နအဖဆီကို တိုက်ရိုက်ရောင်းချနေတဲ့ ပြည်တွင်းကျောက်လုပ်ငန်းရှင်တွေ ကျောက်အရောင်းသမားတွေကို နအဖထံ လုံးဝမရောင်းချဖို့  မေတ္တာရပ်ခံ တားဆီးရပါမယ်။ မရရင် ပြည်သူ့ သစ္စာဖောက်အဖြစ် သတ်မှတ် အရေးယူရပါမယ်။

(၃) နိုင်ငံခြားတိုင်းပြည်တွေက လာဝယ်ယူမယ့် ကျောက်မျက်ရတနာကုန်သည်တွေကို နအဖရောင်းချတဲ့ ကျောက်မျက်ရတနာတွေကို လာရောက် မ၀ယ်ယူဖို့  မေတ္တာရပ်ခံ တားဆီးရပါမယ်။ မရရင် လာရောက်ဝယ်ယူတဲ့ ကျောက်မျက်ရတနာ ကုန်သည်တွေကို တိုင်းပြည်ရန်သူ နအဖကို ပံ့ပိုးကူညီသူအဖြစ် သတ်မှတ်ပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်ရပါမယ်။

တိုင်းသူပြည်သားများအား နှိမ်နင်းနှိပ်စက် သတ်ဖြတ်ရာတွင် အသုံးပြုနေသော လူသတ်လက်နက်များအား နအဖမှ ဒေါ်လာငွေများဖြင့် ဆက်လက် မ၀ယ်ယူနိုင်ရေးအတွက် ဒီလုပ်ငန်းဆောင်ရွက်ချက် (၃) ရပ်ကို ပြည်တွင်းပြည်ပမှာ ရှိတဲ့ မြန်မာပြည်သူပြည်သားတိုင်းက အမျိုးသားရေးတာဝန်အဖြစ် မိမိတို့ လုပ်နိုင်တဲ့ဘက်ကနေ မဖြစ်မနေ လုပ်ဆောင်ပေးကြဖို့  အထူးလိုအပ်ပါတယ်။

သယံဇာတကျောက်မျက်ရတနာများ ရောင်းချခြင်းဖြင့် ရရှိသော ဒေါ်လာငွေများဖြင့် ၀ယ်ယူသော လူသတ်လက်နက်များကြောင့် မြန်မာပြည်သူပြည်သားများ နှိမ်နင်းသတ်ဖြတ်ခံရခြင်းမှ ကင်းဝေးကြပါစေ။

No comments: