Wednesday, September 24, 2008

အာဏာရှင်အလိုကျ ကြံ့ ဖွတ်တွေ ဖြစ်ကုန်ရင်တော့ တိုင်းပြည်နဲ့  ပြည်သူတွေအတွက် ရင်လေးစရာဘဲ။

မနေ့ က ထောင်ကနေ လွှတ်ပေးလိုက်တဲ့ အထဲမှာ နိုင်ငံရေးအကျဉ်းသား (၆) ဦးမှ လွဲပြီး၊ ကျန်သော ထောင်သား (၈၉၉၆) ဦးထဲတွင် မည်သည့်ဥပဒေကိုချိုးဖောက်လို့  ဖမ်းဆီးထောင်ချခံထားခဲ့ရတာလည်းဆိုတာ အဆိုပါ လွတ်လာသူ ထောင်သားများ၏ အမည်စာရင်းနှင့် ပြစ်မှုကို နအဖမှ ထုတ်ပြန်ကြေညာခြင်း မရှိသဖြင့် မသိရှိနိုင်ပါ။

အကယ်လို့ များ လွတ်လာသူအများစုဟာ ရာဇ၀တ်မှုတွေ ကျူးလွန်ခဲ့တဲ့သူတွေဖြစ်ခဲ့ပြီး နအဖအလိုကျ ခံဝန်ချက်တွေ အပေးအယူတွေ ခိုင်းစေသမျှလုပ်ပါမယ်လို့  သဘောတူခဲ့သူတွေ ဖြစ်နေမယ် (သို့ ) ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်ပြစ်မှုတွေကို နောင်တမရဘဲ ပြန်လည်ကျူးလွန်မယ့်သူတွေ ဖြစ်မယ် (သို့ ) သက်မွေးဝမ်းကျောင်းကို ရိုးရိုးသားသားရှာဖွေစားသောက်နိုင်ဖို့  အခြေအနေမပေးလို့  နအဖရဲ့  လက်ပါးစေအဖွဲ့ တွေဖြစ်တဲ့ ကြံ့ ဖွတ်တို့  စွမ်းအားရှင်တို့ လို လွယ်လွယ်နဲ့ အချောင်ရ ကြီးပွားနိုင်တဲ့ အာဏာရှင်လက်ပါးစေအဖွဲ့ တွေထဲ ၀င်လုပ်မယ် ဖြစ်လာရင် တိုင်းပြည်နဲ့  ပြည်သူတွေအတွက်တော့ ရင်လေးစရာပါဘဲ။

နအဖကလည်း ဒီရုံမြင်လို့  ဒီခြုံထွင်တာမဟုတ်ဘဲ ဒီရုံဖြစ်ဖို့  ဒီခြုံကို တမင်ထွင်တာဆိုတာ သူတို့ ရဲ့  ၀ါဒဖြန့် သတင်းစာထဲမှာ ထောင်သား (၉၀၀၂) ယောက်ကို လွှတ်ပေးလိုက်တာဟာ “၂၀၁၀ခုနှစ်မှာ ကျင်းပမည့် ရွေးကောက်ပွဲကြီးတွင် နိုင်ငံတော်အကျိုးကို ထမ်းရွက်သွားနိုင်ကြစေရန်” ဆိုတာက သိသိသာသာကြီး စကားထဲကနေ ဇာတိပြနေပါတယ်။

ဒီအတွက် ကျွန်တော်တို့  ပြည်သူတွေ ပိုမိုပြီး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့  နအဖရန်ကို အမြန်တွန်းလှန်တိုက်ထုတ်ကြဖို့  အချိန်အခါသင့်နေပြီဆိုတာ သတိပေးအပ်ပါတယ်။

No comments: