Saturday, October 11, 2008

နအဖ၏ ဟန်ပြလုပ်ဆောင်နေမှုများကြောင့် ဒေသခံပြည်သူတွေဘ၀ ပိုမိုဆိုးရွား။

မြန်မာနိုင်ငံတွင် နာဂစ်မုန်တိုင်းကျရောက်ခဲ့ပြီးနောက် မုန်တိုင်းအလွန်ကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် စစ်အစိုးရ၏ စီမံကွပ်ကဲ မှု့  ညံ့ဖျင်းသောကြောင့်  မုန်တိုင်းသင့်ဒေသရှိ ဒုက္ခသည် များမှာ ဗူးလေးရာဖရုံ ဆင့်  ဆိုသလိုဖြစ်နေကြပါသည်။

ဒေသခံ ဒုက္ခသည်များအား စစ်အစိုးရမှ လယ်ယာလုပ်ငန်းခွင်များ အချိန်မှီ ပြန်လည်စတင်နိုင်ရန်အတွက် ကျွဲနွားများ ၊ မျိုးစပါးများ ၊ လယ်ယာသုံးစက်များ အား ( သုံးနှစ် ) အရစ်ကျပေးချေစနစ်ဖြင့် ထုတ်ပေး သည် ဆိုသောကြောင့်  တောင်သူလယ်သမားများမှာ အပြေးအလွှား ထုတ်ယူကြပြီး၊ မိမိတို့ ၏ လယ်ယာများကို ဒုက္ခပေါင်းစုံကြားမှ ပြန်လည်စိုက်ပျိုးကြပါသည်။

















ထိုသို့ မျှော်လင့် ချက်များစွာဖြင့် အားခဲကာ ပြန်လည် စိုက်ပျိုးခဲ့ကြသော လယ်ယာများမှာ အပင်ဖြစ်ထွန်းလာချိန်မှာတော့ စပါးဖြစ်ထွန်းရန်မဆိုထားနှင့် အပင်ဖြစ်ထွန်းရန်ပင် ခက်ခက်ခဲခဲ ရှင်သန်လာကြသည့် အနေအထားမျိုးဖြစ်နေသည်ကို ဓါတ်ပုံများတွင်မြင်တွေ့  ရသည်အတိုင်း ဖြစ်ပါသည် ။

လယ်ယာသုံး အထောက်အကူပစ္စည်းများဖြစ်သော စက်ကိရိယာများ ချပေးခဲ့သည်ဆိုသော်လည်းပဲ ဒေသတွင်းရှိ လယ်မြေများအတွင်း အသုံးပြု၍ မရပဲ ပြန်လည်ပြုပြင်ခြင်းများ ပြုလုပ်ပြီးမှ အသုံးပြုနိုင်ခဲ့ပါသည် ။



















ကျွဲ ၊ နွားများမှာလဲ ထို့ အတူပင်ဖြစ်ပါသည် ။ ကျွဲနွားများမှာ စတင်ရောက်ရှိလာပြီးမကြာခင် မှာပင် ခွာနာ ၊ လျှာ နာ အစရှိသည့်  ရောဂါပေါင်းစုံ စတင် ဖြစ်ပေါ်လာကြပြီး လယ်ယာလုပ်ငန်း တွင် ခိုင်းစေ ရန်မဆိုထားနှင့်  မသေမပျောက်ရန်ပင် ဒေသခံ တောင်သူဦးကြီးများမှ မိရိုးဖလာဒေသကုထုံးများဖြင့်  ကြိုးစားကုသခဲ့ကြရပါသည်။ သို့ ပါသော်လည်း အသေအပျောက်များရှိခဲ့သည့် အတွက်ကြောင့်  တောင်သူဦးကြီးများမှာ စိတ်ထောင်း ကိုယ်ကျေ ဖြစ်နေကြရပါသည်။



















ထိုဒုက္ခပေါင်းစုံကြားမှ အားခဲကာစိုက်ပျိုးခဲ့ကြသော စပါးများမှာ အချိန်တန်သော်လည်း သီးပွင့်  မလာသော အခါတွင် လာမည့်  နှစ်အတွက် အရစ်ကျပြန်လည်ပေးသွင်းရမည့်  ငွေကြေး နှင့် စားဝတ်နေရေးတို့ အား မည်ကဲ့သို့ ဖြေရှင်းရမည်ကို မသိပဲ ဖြစ်နေပါသည် ။

အချို့ သော လယ်သမားများမှာတော့  စိုက်ပျိုးထားသောလယ်ယာများကို ပစ်ထားလိုက်ကြပြီး ဧရာဝတီဒေသ၏ အသက်မွေးဝမ်းကြောင်း လုပ်ငန်းတခုဖြစ်သော ရေလုပ်ငန်းအား လတ်တလော စားဝတ်နေရေး ဖြေရှင်းနိုင်ရန်အတွက် လုပ်ကိုင်ဖို့ ရာ ငါးဖမ်းကိရိယာများပြုလုပ်နေကြသည်ကို မြင်တွေ့ လာရ ပါသည်။



















ဤကဲ့သို့  မုန်တိုင်းသင့်ဒေသရှိ ပြန်လည်ထူထောင်ရေး လုပ်ငန်းအပါအ၀င် ၊ ဒေသခံများ၏ အဓိက အသက် မွေးဝမ်းကြောင်းလုပ်ငန်းများ ဖရိုဖရဲ ဖြစ်လာရခြင်းမှာ လက်ရှိ နအဖ၏ အမြော်အမြင်နည်းပါးမှု့  ၊ ပြည်သူများအပေါ် စိတ်ရင်းစေတနာ မမှန်ကန်မှု့ ၊ နိုင်ငံတကာအား လိမ်ညာရန်အတွက် ဟန်ပြ ကယ်ဆယ်ရေး အလုပ်များကိုသာ ဦးစားပေး လုပ်ဆောင်နေမှု့ တို့ ကြောင့် ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်။

No comments: