“ရန်ကုန်တွင် စားခွက်လုကြသော ရဲများ”
နအဖသတင်းစာထဲမှာ ပါလာတဲ့ သတင်းအူကြောင်ကြောင်တစ်ခုကို ဖတ်ရတဲ့အခါမှာ ဘာလို့ များ ဒီသတင်းကို လူသတ်မှုလည်းမဟုတ်၊ လုယက်ခိုးဝှက်တာလည်းမဟုတ် အရေးတယူလုပ်ပြီးများ သတင်းစာထဲမှာ ထည့် ရတယ်လို့ ။
မီးရှူးမီးပန်းဗြောက်အိုးရောင်းသူတွေကို ဖမ်းတယ်ဆိုတော့ ၀မ်းစာရေးအတွက် ရောင်းချတာဘဲ ဘာလို့  ဒီလိုအရေးယူရတာလည်း။ အခုလိုရောင်းတဲ့ မီးရှူးမီးပန်းဆိုတာလည်း ယခင်တုန်းကဆိုရင် သီတင်းကျွတ် တန်ဆောင်တိုင်မှာ ကလေးသူငယ်တွေကအစ လူကြီးအဆုံး ဘာသာရေးဘက်ဘက်ကဘဲကြည့်ကြည့် ပျော်ရွှင်ဖွယ်ဓလေ့ထုံတမ်းစဉ်လာဘက်အရဘဲကြည့်ကြည့် မီးအလင်းရောင်တွေနဲ့  ဗုဒ္ဓမြတ်စွာဘုရားကို ပူဇော်ကြိုဆိုကြတယ်၊ ရပ်ကွက်မြို့ ရွှာတွေမှာ ပြည်သူတွေ ပျော်ရွှင်ကြတယ်။
အခြားသောနိုင်ငံတွေမှာဆိုရင်လည်း နှစ်သစ်ကူးအခါသမယမှာ firework ဆိုပြီး မီးရှူးမီပန်းတွေကို ငွေကြေးအကုန်အကျခံပြီး ပုံစံအမျိုးမျိုးနဲ့  အလှဆင်ပြီး မီးရှူးမီးပန်းဖောက်ကြတယ်။ အားကစားဘက်ရော ကြည့်ဦးမလား။ နာမည်ကျော် အိုလမ်ပစ်ဖွင့်ပွဲမှာဆိုရင် အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပရတဲ့ နိုင်ငံတွေက အပြိုင်အဆိုင်တောင် မီးရှူးမီးပန်းနဲ့  ပုံဖေါ်ကြပြီး ကိုယ့်နိုင်ငံအတွက် ဂုဏ်ယူကြတယ်။
နအဖအုပ်ချူပ်တဲ့ မြန်မာနိုင်ငံကျမှဘဲ သာမာန်ရပ်ကွက်ထဲ ဖေါက်တဲ့ ဗြောက်အိုးတောင် မဖောက်ရဘူးဆိုပြီး ၀ယ်ပြီးဖောက်တဲ့သူရော ရောင်းတဲ့သူရော ဖမ်းဆီးရတယ်လို့ ။ ပြောတော့ တပ်မတော်သားစစ်စစ် နဖအခေါင်းဆောင်ကြီးတွေဆိုပြီး ကလေးတစ်ယောက်ဖေါက်မယ့် ဗြောက်အိုးသံတောင် ဒီလောက်ကြောက်ရသလား။ အံ့သြလောက်ပါပေတယ်။
ဒီလို မီးရှူးမီးပန်းဗြောက်အိုးရောင်းတာကိုများ အပြစ်ကြီးလုပ်ပြီး ဖမ်းတဲ့ ကြောင်တောင်တောင်သတင်းဖတ်ရင်း မိတ်ဆွေတစ်ဦးက အသိပေးတဲ့ အဖြစ်မှန်ကြောင့် သြော် ဒီလိုကိုးလို့ သာ ကောက်ချက်ချလိုက်ပါတယ်။ ၀မ်းစာရေးအတွက် လုပ်ကိုင်စားသောက်ရတာလည်း လိုင်စင်ရသူတောင်းစားများလက်အောက်မှာ မလွယ်ပါလားလို့ သာ သူတို့ ကိုယ်စား ညဉ်းညူမိလိုက်ပါတယ်ဗျာ။
“ရန်ကုန်တွင် စားခွက်လုကြသော ရဲများ”
(၁၃.၁၁.၂၀၀၈) ရက်နေထုတ် စစ်အစိုးရရဲ့ အူကြောင်ကြောင် သတင်းစာ တစ်စောင်ဖြစ်တဲ့ မန်မာအလင်းအတင်းစာ စာမျက်နှာ (၇) မှာ ရန်ကုန်တိုင်းက ရဲတပ်ဖွဲ့ အချင်းချင်း စားခွက်လုကြရင်းနဲ့ ပြည်သူတွေ မြေစာပင် ဖြစ်သွားရရှာတဲ့ သတင်းလေး တစ်ပုဒ်ကို ဖတ်ကြည့်ရင်းက ထိုအဖြစ်အပျက်ရဲ့ အမှန်ဖြစ်ရပ်လေးကို ပြည်သူတွေ အမှန် အတိုင်းသိရှိအောင် ဖော်ပြပေးလိုက်တာပါ။
ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးလက်အောက်မှာ ဒုစရိုက်နှိမ်နှင်းရေးဌာနစုဆိုတဲ့ ဌာန တစ်ခုရှိပါတယ်။ ထိုဒုစရိုက်နှိမ်နှင်းရေးဌာနစုဟာ ရန်ကုန်တိုင်းအတွင်းမှာ အရမ်းကို လက်စွမ်းထက်တဲ့ ( အတောင်းကြမ်းတဲ့ ) ဌာနတစ်ခုပါ။ ထို ထိုဒုစရိုက်နှိမ်နှင်းရေးဌာနစု ကို ရောက်ဖို့အတွက် ဒုရဲအုပ် တစ်ယောက်ဟာ တိုင်းရဲတပ်ဖွဲ့ မှူးကို အနည်းဆုံး သိန်း သုံးဆယ်နဲ့ ဌာနစုမှူး ရဲအုပ်-မြင့်သောင်း ကို ဆယ်သိန်း ပေးမှ ထိုဌာန ကိုရောက် ရတာပါ။ ထိုဒုစရိုက်နှိမ်နှင်းရေးဌာနစုဟာ ရန်ကုန်တိုင်း မှာရှိတဲ့ ယာဉ်ထိန်းတွေထက် ပိုက်ဆံပိုရတဲ့ ဌာနပါ။
အဲဒီလို ပိုက်ဆံတွေရင်းပြီးရောက်ရတဲ့ ဒုရဲအုပ်ကစလို အဲဒီဒုစရိုက်နှိမ်နှင်းရေးဌာနစုက ၀န်ထမ်းတွေဟာ မိမိတို့ကုန်ထားတဲ့ ပိုက်ဆံတွေ ပြန်ရဖို့အတွက် မသမာတဲ့နည်းတွေကို သုံး/ခြိမ်းခြောက်ပြီး ငွေရှာနေကြတာပါ။ ဒါ့အပြင် ဒုစရိုက်နှိမ်နှင်းရေးဌာနစုက လူတွေက အပိုင်မြို့နယ်ရဲစခန်းက ရဲတွေရဲ့စားကွက်တွေကို လိုက်လုရင်းက ကြားထဲက ခံသွားရတာက ပြည်သူတွေပါ။
တကယ်တော့ ကိုကျော်တင့်တို့က ဖမ်းမိတဲ့ မီးပန်းတွေကို ရှန်ဟိုင်းကုန်တိုက်နားမှာ ရောင်းဖို့ ယူလာတာပါ။ အဲဒီ မီးပန်းတွေရောင်းဖို့အတွက် ရှန်ဟိုင်း ကုန်တိုက်နားမှာ မီးပန်းရောင်းတဲ့ လူတွေပေါင်းပြီး လသာရဲစခန်းနဲ့ လမ်းမတော် ရဲစခန်းက ရဲစခန်းမှူးတွေကို ( ၃ ) သိန်း ၊ အပိုင်နယ်ထိန်းတွေကို ( ၅ ) သောင်း၊ အပိုင်နယ်မြေ ရဲကင်းကို ( ၃ ) သောင်းနဲ့ အပိုင်ရပ်ကွက်ရုံးတွေကို ( ၃ ) သောင်းစီပေးပြီးမှ ရောင်းရ တာပါ။
အဲဒီလို ပိုက်ဆံတွေပေးပြီး မီးပန်းတွေရောင်းနေတာကို သိတဲ့ ဒုစရိုက်နှိမ်နှင်းရေးဌာနစုက နယ်မြေတာဝန်ခံက သူတို့ကိုလည်း လိုင်းကြေး ( ၃ ) သိန်းတောင်းပေးဖို့ပြောတာကို အပိုင်နယ်ထိန်းက မတောင်းပေးတဲ့ အတွက် ကိုကျော်တင့် ၊ ကိုစိန်သန်း နဲ့ မမိုးမိုးခိုင် စတဲ့ လူတွေကို ဒ/န က အစမ်းဖမ်းပြလိုက်တာပါ။ အဲဒါမှ ကျန်တဲ့ လူတွေက ပေါင်းပြီး ဒ/န က နယ်မြေတာဝန်ခံကို အပိုင်နယ်ထိန်းကတဆင့် ( ၃ ) သိန်းပေးလိုက်ရပါတယ်။ ဒီအဖြစ်အပျက်ကို မသိတဲ့ ဒ/န က ဌာနစုမှူး ရဲအုပ်-မြင့်သောင်းက မျက်နှာလိုချင်တာနဲ့ တိုင်းရဲတပ်ဖွဲ့မှူးကို သတင်းပို့ရာက ဆင့်ကဲဆင့်ကဲ ထိုသတင်းက အူကြောင်ကြောင် မြန်မာအလင်းအတင်းစာထဲမှာ မှုခင်းသတင်းအနေနဲ့ ပါလာရတာပါ။
ထိုအပေါ်က အဖြစ်အပျက်လိုမျိုး လှိုင်သာယာမြို့နယ်မှာလဲ ဖြစ်သွားသေးပါတယ်။ ဒါပေမဲ့ လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး - ဒုတိယရဲမှူး ခင်မောင်စိန် နဲ့ စခန်းမှူး ရဲအုပ် - ၀င်းထွန်း တို့ က အထူအပါး နားလည်စွာနဲ့ ဒ/န အဖွဲ့ကို တောင်းတဲ့ ပိုက်ဆံ ပေးလိုက်တဲ့အတွက် ထိုသတင်းကတော့ မြန်မာအလင်းအတင်းစာ ထဲမပါလာရတာပါ။ ဒီလို အေးအေးဆေးဆေး ပြီးသွားပေမဲ့ ကာယကံရှင်ကတော့ အိမ်ကို သိန်း ( ၃၀ ) နဲ့ ပေါင်လိုက်ရတဲ့ အဖြစ်ရောက်သွားပါတယ်။
ထို့ကြောင့် ပြည်သူများအနေနဲ့ ကို လိုင်းကြေးပေးပြီးပြီဆိုပြီး မပေါ့ကြပါနဲ့။ ရဲဆိုတဲ့ ကောင်တွေက တစ်ကောင်မှ အကျင့်ကောင်းတဲ့ ကောင်တွေ မဟုတ်ဘူး ဆိုတာ အပေါ် က ဖော်ပြခဲ့တဲ့ အကြောင်းတွေက သက်သေခံနေပါတယ်။
ပြည်သူတွေကို လေးစားလျှက် -
(၈၈) ကျောင်းသားဟောင်း။
No comments:
Post a Comment