Monday, November 3, 2008

တရားသူကြီးတွေ ကိုယ်တိုင်က တရားဥပဒေကို လိုက်နာခြင်း မရှိခြင်း။

လူငယ်ရှေ့နေတစ်ဦးကို ထောင်ချ၊ နောက်တစ်ဦးကို ဖမ်းဝရမ်းထုတ်။

၃၀ရက်၊ ၁၀လ၊ ၂၀၀၈နေ့တုန်းက လူငယ်ရှေ့နေတစ်ဦးဖြစ်တဲ့ ကိုညီညီထွေးနဲ့ NLD လူငယ် သုံးဦးဖြစ်တဲ့ ရန်နိုင်ထွန်း၊ အောင်မင်းနိုင်(ခ)မီးသွေး၊ မျိုးကျော်ဇင်တို့ကို ၆လ ထောင်ချလိုက်ပါတယ်။

တရားရုံးကို နှောင့်ယှက်မှုနဲ့ ထောင်ချလိုက်တာပါ။ ပြစ်မှုဥပဒေပုဒ်မ ၂၂၈ ဖြစ်ပါတယ်။ မြောက်ပိုင်းခရိုင်တရားရုံး တရားသူကြီး ဦးသောင်းညွန့်က ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။ နောက်ထပ် လူငယ်ရှေ့နေတစ်ဦးလည်းဖြစ်၊ NLD လူငယ်လည်း ဖြစ်တဲ့ ကိုစောကျော်ကျော်မင်းကို ဖမ်းဆီးဖို့ ဖမ်းဝရမ်း ထုတ်ထားပါတယ်။

တရားစွဲရတဲ့အကြောင်း။

၂၃.၁၀.၂၀၀၈နေ့ရက်က လှိုင်သာယာတရားရုံးမှာ အမှုစစ်ဆေးကြားနာပါတယ်။ ၂၀၀၇-ခုနှစ်၊ ၅လပိုင်း၊ ၁၅ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွတ်မြောက်ရေးအတွက် ၀တ်ပြုဆုတောင်းဖို့သွားတုန်း၊ လှိုင်သာယာမှာ အဖမ်းခံရတဲ့ NLD လူငယ်တွေရဲ့အမှုပါ။

ဦးတင်ယုအပါအ၀င် ၁၁ဦးကို တရားစွဲထားတာပါ။ အဲ့ဒီအမှုမှာ အမှုသည်တွေရဲ့ လျှောက်ထားချက်နဲ့ လူငယ်ရှေ့နေနှစ်ဦးရဲ့ လျှောက်လဲချက်ကြောင့် အခုလို တရားရုံးကို နှောင့်ယှက်မှုနဲ့ တရားစွဲခံရတာ ဖြစ်ပါတယ်။ အမှုသည်တွေရဲ့ နစ်နာချက်ကို သူတို့ကိုယ်တိုင် တင်ပြသလို အဲ့ဒီရှေ့နေတွေကလည်း သူတို့တင်ပြတဲ့နစ်နာချက်တွေကို ဥပဒေအရ အရေးယူဆောင်ရွက်ပေးဖို့ လျှောက်ထားခဲ့ပါတယ်။

ဒီလိုလျှောက်ထားချက်တွေအပေါ် တန်ပြန် တရားစွဲတဲ့ တရားသူကြီးကတော့ ဒီအမှုကို ကြားနာတဲ့ လှိုင်သာယာတရားရုံး တရားသူကြီး ဦးအောင်မြင့်သန်း ဖြစ်ပါတယ်။

အမှုသည်တွေရဲ့ နစ်နာချက်၊ ရှေ့နေတွေရဲ့ လျှောက်လဲချက်။

အမှုသည်တွေမှာ မကျေနပ်ချက်တွေ ရှိပါတယ်။ တရားရုံးထုတ်စဉ်မှာ မိသားစုနဲ့ တွေ့ခွင့်မရတာ၊ အစားအသောက် ကျွေးမွေးခွင့် မပေးတာ၊ အမှုစစ်စဉ် အရက်မူးနေတဲ့ စွမ်းအားရှင်တွေ တရားရုံးကို ၀ိုင်းထားတာ၊ တရားရုံးဝင်ပေါက်တွေကို သူတို့က ပိတ်ထားတာ၊ ရှေ့နေနဲ့အမှုသည် တွေ့ခွင့်မပေးတာ၊ အမှုသည်ညွှန်ကြားချက် ရယူဖို့ ခက်ခဲတာ၊ တရားရုံးထဲမှာ အမှုတွဲမှတ်တမ်းတွေ ရဲအရာရှိ ဒေါ်အေးသီက လက်ကိုင်ဖုန်းပြောပြီး အမှုစစ်ဆေးနေတာကို နှောင့်ယှက်တာ၊ ဒါတွေဟာ အမှုသည်တွေရဲ့ နစ်နာချက်တွေ ဖြစ်ပါတယ်။

တရားစွဲခံရသူ အမှုသည်တွေကိုယ်တိုင်က ဒီအချက်တွေကို အရေးယူပေးဖို့ တရားသူကြီးကို လျှောက်ထားတင်ပြပါတယ်။ လူငယ်ရှေ့နေနှစ်ဦးကလည်း အမှုသည်ညွှန်ကြားချက်အရ အရေးယူပေးဖို့ ဥပဒေ ပုဒ်ထီး၊ ပုဒ်မတွေကို ရည်ညွှန်းကိုးကားပြီး လျှောက်လဲချက်ပေးပါတယ်။ လျှောက်လဲချက်တွေအားလုံးဟာ တည်ဆဲပြည်တွင်း ပြဌာန်းဥပဒေများသာလျှင်ဖြစ်ပါ တယ်။

ဥပဒေနှင့်မညီတဲ့ တရားရေးဆောင်ရွ က်ချက်များ။


ပထမအချက်အနေနှင့် အမှုဖွင့်တိုင်ကြားတဲ့ လှိုင်သာယာတရားသူကြီးဟာ အမှုတွဲမှတ်တမ်းကို ပြည့် ပြည့်စုံစုံ ရေးသွင်းဖော်ပြခြင်း မရှိပါဘူး။ တရားစွဲခံရသူတွေက တင်ပြတာ၊ ရှေ့နေတွေက လျှောက်လဲတာ၊ ဘာကိုမှ ဖော်ပြမထားပါဘူး။ တရားရုံးများ လက်စွဲစာပိုဒ် - ၅၀၀၊ ၅၀၁ ပွှါန်ကြားချက်ကို ချိုးဖောက်ရာ ရောက်ပါတယ်။ ဒါကြောင့် တင်ပြမှုတွေဟာ တရားမျှတမှု ရှိမရှိ၊ လျှောက်လဲချက်တွေဟာ ဥပဒေနှင့်ညီညွတ်မှု ရှိ မရှိ သုံးသပ်ခွင့် မရှိတော့ပါဘူး။

ဒုတိယအချက်အနေနဲ့ တရားစွဲခံရတဲ့ ရှေ့နေတွေနဲ့ NLD လူငယ်တွေရဲ့ အပြုအမူကို ပြည့်စုံစွာ ဖော်ပြထားခြင်းမရှိတဲ့ လှိုင်သာယာတရားရုံး၏ အမှုတွဲ နေ့စဉ်မှတ်တမ်းပေါ်မှာ အခြေပြုပြီး၊ မြောက်ပိုင်းခရိုင် တရားရုံးက ပြစ်ဒဏ်စီရင်တာ မှားယွင်းပါတယ်။

ပြီးတော့ ပြစ်ဒဏ်စီရင်တဲ့ မြောက်ပိုင်းခရိုင်တရားသူကြီးက အမှုကို ကြားနာခြင်း၊ သက်သေတွေကို စစ်ဆေးခြင်း မပြုဘဲ ပြစ်ဒဏ်ချမှတ်တာဟာ ဥပဒေအရ မှားယွင်းပါတယ်။ ပြစ်မှုကျင့်ထုံးဥပဒေပုဒ်မ - ၄၈၂ ပါ ပြဌာန်းချက်ကို ချိုးဖောက်ရာ ရောက်ပါတယ်။

တတိယအချက်အနေနဲ့ လူမသိသူမသိ တရားစီရင်တာပါဘဲ။ တရားရုံးနောက်ပေါက်ကနေ တရားစွဲခံရသူတွေကို တရားရုံးရှေ့ ထုတ်လာတယ်၊ ရှေ့နေနဲ့ တွေ့ခွင့် မပေးဘူး၊ ရှေ့နေနဲ့ ခုခံချေပခွင့် မပေးဘူး၊ ဒါကြောင့် ပြစ်မှုကျင့်ထုံးဥပဒေပုဒ်မ - ၃၅၂ နှင့် ၃၄၀ ပါ ပြဌာန်းချက်ကို ချိုးဖောက်ရာရောက်ပါတယ်။

စတုတ္ထအချက်အနေနဲ့ ရှေ့နေတွေကို ဖမ်းဖို့ ဖမ်းဝရမ်းထုတ်ထားတဲ့ အချက်ပါဘဲ။ အခုလို ပြစ်ဒဏ်ချမှတ်တဲ့နေ့ မတိုင်ခင် တစ်ရက်က အဲ့ဒီဝရမ်းကို လူငယ်ရှေ့နေနှစ်ဦးကို ဖမ်းဖို့ ထုတ်ထားတာဘဲ ဖြစ်ပါတယ်။ တရားရုံးကို အနှောက်အယှက်ပေးတယ်ဆိုတဲ့အမှုဟာ ရဲအရေး မပိုင်ပါဘူး။

ဖမ်းချင်တိုင်း ဖမ်းလို့ရတဲ့အမှု မဟုတ်ဘူး။ တရားရုံးကို တရားစွဲခံရသူတွေ တက်ရောက်ဖို့ ဆင့်ခေါ်စာထုတ်ရတယ်။ ဒါပေမယ့် တရားသူကြီးက ဘာအကြောင်းပြချက်မှ မရှိဘဲ ဖမ်းဝရမ်းထုတ်လိုက်တာပါဘဲ။

လူငယ်ရှေ့နေ ကိုညီညီထွေးကို အခြားတရားရုံးမှာဘဲ ၀ရမ်းပြပြီး ဖမ်းသွားတယ်။ နောက်ထပ် လူငယ်ရှေ့နေ ကိုစောကျော်ကျော်မင်းကိုလည်း ဆက်လက် ဖမ်းဆီးဖို့ ၀ရမ်းထုတ်ထားပါတယ်။ တရားဥပဒေနှင့် ညီညွတ်မှု မရှိပါဘူး။ ပြစ်မှုကျင့်ထုံးဥပဒေ ပုဒ်မ - ၉၀ ပြဌာန်းချက်ကိုရော၊ ပိုနီနှင့် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၃၊အယ်ဘီအာ၊ ၁၁၆စီရင်ထုံးလမ်းညွှန်ချက်ကိုပါ ချိုးဖောက်ရာ ရောက်ပါတယ်။

ဥပဒေရေးရာသုံးသပ်ချက်။


ဒါကြောင့် မြန်မာပြည်က ရှေ့နေရှေ့ရပ်တွေဟာ တရားစီရင်ရေးမှာ လွတ်လပ်စွာ အမှုလိုက်ပါ ဆောင်ရွက်ခွင့် ဆုံးရှုံးနေပါတယ်။ အမှုသည်ကိုယ်စား တင်ပြခွင့်၊ လျှောက်ထားခွင့်၊ ဆောင်ရွက်ခွင့်ကို ပိတ်ပင်ခံနေရပါတယ်။ ၁၈၈၀ခုနှစ် ရှေ့နေလိုက်သူများ အက်ဥပဒေပုဒ်မ - ၈ ကို ချိုးဖောက်ခံနေရပါတယ်။ နိုင်ငံတကာ ဥပဒေနှုန်းစံတစ်ရပ်ဖြစ်တဲ့ ၁၉၉၀ 1990 Basic Principles on the Role of Lawyers, Art - 13, 14, 16 နှင့် ညီညွတ်မှု မရှိပါဘူး။

မြန်မာပြည်ကဘားကောင်စီ အနေနဲ့လည်း ရှေ့နေရှေ့ရပ်တွေရဲ့ အခွင့်အရေးဆုံး၇ှုံးမှုကို ကာကွယ်ရပ်တည်မှု မရှိပါဘူး။ ဒါကြောင့် Bar and Bench ဆိုတဲ့ ရှေ့နေရှေ့ရပ်နဲ့ တရားခွင် အပြန်အလှန်လေးစားမှုဆိုတာ ချိုးဖောက်ခံနေရပါတယ် ။ အရပ်ဘက် လူ့အဖွဲ့စည်း တစ်မျိုးဖြစ်တဲ့ ရှေ့နေရှေ့ရပ် အမှုလိုက်အဖွဲ့ Law Firms တွေကိုလည်း နှိပ်ကွပ်ရာ ရောက်နေပါတယ်။

အခု အမှုမှာ မြန်မာလူငယ်ရှေ့နေများ ဥပဒေ အကျိုးဆောင်လုပ်ငန်း ( Myanmar Youth Lawyers Law Firm) ရဲ့ ဦးဆောင်ရှေ့နေတစ်ဦးဖြစ်တဲ့ ကိုစောကျော်ကျော်မင်း ကို ဖမ်းဝရမ်း ထပ်ထုတ်ထားပြီး၊ ဒီ Law Firm ရဲ့ ဥပဒေ သုတေသနမှုးဖြစ်တဲ့ ကိုညီညီထွေးကို ထောင်ဒဏ် ခြောက်လချမှတ်လိုက်တဲ့ အချက်က ထင်ရှားနေပါတယ်။

Myanmar Youth Lawyers law Firm
အမှတ်၉၇ (က)၊ သုဒဿ(၂)၊ ၁၆/၂ရပ်ကွက်၊
သင်္ဃန်းကျွန်း၊ ရန်ကုန်မြို့။

No comments: