Friday, February 27, 2009

ငွေစက္ကူများ ဖျက်သိမ်းသည့် အမိန့် ကြေညာချက်။

၁၉၈၇ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့ မှာ မဆလ တစ်ပါတီ အာဏာရှင် နေ၀င်း လက်ထက် နိုင်ငံတော်ကောင်စီအတွင်းရေးမှူး စိန်လွင် (၁၉၈၈ ခုနှစ် လူသတ်သမား) ကနေ လက်မှတ်ရေးထိုးပြီး ငွေစက္ကူများ ဖျက်သိမ်းသည့် အမိန့် ကြေညာချက်ကို အကြောင်းပြချက် ဘာမှမရှိဘဲနဲ့  ထုတ်ပြန်ကြေညာခဲ့ပါတယ်။






















ဒီလို ငွေစက္ကူ (၂၅) ကျပ်တန်၊ (၃၅) ကျပ်တန်၊ (၇၅) ကျပ်တန်တွေကို တရားဝင်ငွေအဖြစ်မှ ရပ်စဲခဲ့လို့  မြန်မာပြည်သူပြည်သားအများ လက်ဝယ်မှာ ကိုင်တွယ် အသုံးပြုနေတဲ့ငွေတွေဟာ တရားမ၀င် ငွေစက္ကူဘ၀အဖြစ်ကို ရောက်သွားခဲ့ရလို့  ပြည်သူပြည်သားတွေ ရုတ်ချည်းဆိုသလို နေ့ စဉ် စားဝတ်နေရေးအတွက် ဘာမှ ၀ယ်စားလို့  ၀ယ်ထားလို မရတော့တဲ့အထိ ဒုက္ခအတော်ရောက်ခဲ့ပါတယ်။ မဆလအာဏာရှင်ရဲ့  မတရားကြေညာတဲ့ အမိန့် ကြောင့် လက်ဝယ်ရှိတဲ့ ငွေစက္ကူတွေ လုံးဝ သုံးမရဖြစ်ပြီး ပြည်သူလူထုတွေ ဘ၀ပျက်ကြရတဲ့အထိ ဆိုးဆိုးရွားရွား ဖြစ်ခဲ့ပါတယ်။













အဲ့ဒီ စက်တင်ဘာလ (၅) ရက်နေ့ က စနေနေ့ ဖြစ်ပါတယ်။ ငွေစက္ကူတွေ တရားမ၀င်တော့ဖူးလို့  ကြေညာလိုက်တဲ့အချိန်က နေ့ လည် (၁၁) နာရီမှာပါ။ မြန်မာ့အသံရေဒီယိုကနေ ကြေညာချက် ကြားလိုက်ရတယ်ဆိုရင်ဘဲ စနေနေ့ ဖြစ်လို့  အပြင်သွားကြ လည်ကြပတ်ကြ ဈေးဝယ်ထွက်ကြဖို့ ဆိုပြီး လမ်းမပေါ်ရောက်နေသူတွေရော၊ မနက် အိမ်ပြင်ထွက်နောက်ကျလို့  ကမန်းကတန်းဟန်ပြင်ပြီး ထွက်ကြဖို့  ပြင်ဆင်နေကြသူတွေရော ဟာကနဲ ဟင်ကနဲ ဖြစ်ကြပြီး၊ နာရီပိုင်းအတွင်းမှာဘဲ အားလုံးငြိမ်သက်သွားကြပါတယ်။ လမ်းတွေပေါ်မှာလည်း ချက်ချင်း လူသူကင်းမဲ့သွားကာ ခြောက်ကပ်ကပ်နဲ့  တစ်စုံတစ်ခုသော ကံကြမ္မာဆိုးကြီး ကျခံထားရတဲ့ လောကကြီးလို ဖြစ်သွားခဲ့ပါတယ်။









ရေဒီယိုမှာ ဆက်တိုက် ထုတ်လွင့်ကြေညာနေတဲ့ အဲ့ဒီအမိန့် ကို ကြားရတဲ့ ပြည်သူတွေမှာ သောကရောက် စိတ်ဆင်းရဲကြပြီး၊ နောက်နေ့ တွေ ဘယ်လို စားဝတ်နေရေးအတွက် ရင်ဆိုင်ကြရမလည်းဆိုတာကို မတွေးတတ်တော့လောက်အောင် စိုးရိမ်ပူပန်ကြရတယ်။ နေ၀င်း အာဏာရှင်အုပ်စုကိုလည်း ဒေါသထွက် ကျိန်ဆဲကြရတဲ့အထိ ပြည်သူတစ်ဦးချင်းစီတိုင်း ဒုက္ခနဲ့  ရင်ဆိုင်ခဲ့ကြရပါတယ်။









လူကြီးမိဘတွေလည်း မိသားစုစားဝတ်နေရေးအတွက် စိုးရိမ်ကြ၊ အနှစ်နှစ်အလလကြာ ငွေကြေး စုဆောင်းထားသူတွေလည်း သဲထဲရေသွန်သလို လက်ဝယ်ကငွေတွေရော ဘဏ်တွေမှာ အပ်ထားတဲ့ ငွေတွေရော တန်ဖိုးမဲ့တဲ့ စက္ကူစတွေလို ဖြစ်သွားကြလို့  နှမြောတသဖြစ်ကြ၊ စီးပွားရေးလုပ်ငန်းရှင်တွေလည်း အရှုံးတွေ ချက်ချင်း ရင်ဆိုင်ကြရ၊ တစ်နေ့ လုပ်မှ တစ်နေ့ စားကြရတဲ့ ဆင်းရဲသားပြည်သူတွေလည်း မွဲသထက် မွဲပြီး နောက်နေ့ ကို ဘယ်လိုရင်ဆိုင်ရမှန်းမသိနဲ့ ဖြစ်ကြရတာကြောင့်၊ လူကြီးသူမတွေ မပြောနဲ့  ကလေးတွေကအစ မိဘတွေ အဆူအငေါက်ခံရလို့  မျက်နှာလေးတွေ ညှိုးညှိုးနဲ့  ကုပ်ချောင်းချောင်းဖြစ်ကာ ငြိမ်နေကြရတယ်။ အားလုံး ကိုယ်စီကိုယ်ငှ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဘ၀ကို လက်တွေ့ မှာ ရုတ်တရက် ပိုင်ဆိုင်လိုက်ကြရတယ်။ အစားထိုးပြန်လဲပေးမယ့် အရိပ်အယောင်နဲ့  အာမခံကြေညာတာမျိုးလည်း မရှိတဲ့တာကြောင့် ဒီငွေကြေးစက္ကူတွေအတွက် မျှော်လင့်ချက်တောင် ထားမရခဲ့ဘူး။

ဆင်းရဲသားပြည်သူတွေ၊ သာမန်ပြည်သူတွေ၊ အစိုးရအမှုထမ်းအရာထမ်းတွေ၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့  ဘ၀ပျက်ရလောက်အောင် ငွေစက္ကူဆုံးရှူံးမှုကို ကြီးကြီးမားမား ရင်ဆိုင်ရပေမယ့်၊ အာဏာရှင်အသိုင်းအ၀ိုင်းကသူတွေ၊ ဌာနဆိုင်ရာ ၀န်ကြီးမိသားစုတွေ၊ နီးစပ်သူတွေကတော့ တရားမ၀င်ငွေစက္ကူ ကြေညာမယ့် သတင်းကို တိုးတိုးတိတ်တိတ် ကြိုသိထားတာကြောင့် မိမိတို့ ပိုင်ဆိုင်တဲ့ ငွေစက္ကူတွေကို ကျောက်မျက်ရတနာ အစရှိတာတွေနဲ့  လဲလှယ်ဝယ်ယူ သိမ်းဆည်းထားပြီးကြပါပြီ။ စားနပ်ရိက္ခာ ဆီဆန်ဆားတွေကိုလည်း ကြိုတင်ပြီး ၀ယ်ယူသိမ်းဆည်း လှောင်ထားပြီးကြပါပြီ။ ပြည်သူတွေမှာသာ ဒီတရားမ၀င် ငွေကြေးကြေညာမှုဒဏ်ကို ရက်ရက်စက်စက်ကြီး ခါးစီးခံလိုက်ခဲ့ရပါတယ်။

ဒီ့အပြင် မြို့ အသီးသီး နယ်အရပ်ရပ်ကနေ ကျောင်းလာတက်ကြပြီး အဆောင်နေသူ ကျောင်းသူကျောင်းသားတွေမှာလည်း မိဘတွေဆီက ထောက်ပံ့မှုတွေ ရပ်ကုန်ကြပြီး၊ ကျောင်းလခတွေ စားဝတ်နေရေးတွေအတွက် အကြပ်အတည်း ဖြစ်ကြရတယ်။ ငွေကြေးစက္ကူတွေကို ခိုင်လုံသောအကြောင်းပြချက် မရှိဘဲ သိမ်းဆည်းလိုက်တာကြောင့် ပြည်သူတွေဆီက အေးဓါးမြတိုက်သလိုဖြစ်ပြီး ဒုက္ခရောက်ကြရတဲ့ အခြေအနေတွေ၊ ကျောင်းသူကျောင်းသားတွေပါ ပညာရေး နေထိုင်ရေး အခက်အခဲဖြစ်ကုန်ကြတဲ့ အနေအထားတွေကြောင့်၊ အာဏာရှင်နေ၀င်း မဆလတစ်ပါတီကို မကျေမနပ် ခံပြင်းပြီး ထိခိုက်ခံစားထားရတာကြောင့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီး စတင်ဖြစ်လာတဲ့အချိန်မှာ ကျောင်းသားပြည်သူတွေ အင်တိုက်အားတိုက် ပါဝင်ဆင်နွဲမှု ဖြစ်ပေါ်စေခဲ့တာ ဖြစ်တယ်။

၁၉၈၇ ခုနှစ်တုန်းက (၂၅) ကျပ်တန်၊ (၃၅) ကျပ်တန်၊ (၇၅) ကျပ်တန်ငွေစက္ကူတွေ သိမ်းဆည်းခဲ့ပြီးနောက်ပိုင်းကြတော့ ငွေစက္ကူအသစ်တွေဖြစ်တဲ့ (၄၅) ကျပ်တန်နဲ့  (၉၀) ကျပ်တန်တွေ ထုတ်လာတာ တွေ့ ရှိရတယ်။ မတရားငွေစက္ကူများအဖြစ် ကြေညာသိမ်းဆည်းခဲ့တဲ့ ငွေစက္ကူတွေကိုလည်း လုံးဝ အစားထိုး လဲလှယ်ပေးတာ မပြုလုပ်ခဲ့ပါ။









ဒီငွေစက္ကူအသစ်တွေရဲ့  တန်ဖိုးဂဏန်းဟာ ၄၅ နဲ့  ၉၀ ဖြစ်ပြီး နေ၀င်းရဲ့ အကြိုက် ၉ ဂဏန်းနဲ့  ပြောင်းလဲ ယတြာခြေတာဖြစ်သလို၊ တစ်ဘက်ကလည်း ဒီငွေစက္ကူရုပ်ပုံတွေမှာ ဆရာစံနဲ့  သခင်ဖိုးလှကြီး ပုံတွေထည့်ပြီး ဗိုလ်ချုပ်အောင်ဆန်းပုံကို ဒီကနေ စပြီး စတင်ဖယ်ရှားလိုက်တာပါ။ ဗိုလ်ချူပ်အောင်ဆန်းပုံကို ပြောင်းပြီး ချက်ချင်း အခြားပုံတစ်ခုခုထည့်လိုက်ရင် ပြည်သူတွေ မကျေမနပ်ဖြစ်ကာ ဆူပူထကြွမှာ ကြောက်လို့  ၊ အများပြည်သူ လက်ခံတဲ့ သာယာဝတီ တောင်သူလယ်သမားအရေးတော်ပုံ ခေါင်းဆောင် ဆရာစံနဲ့  ရေနံမြေအလုပ်သမားတော်လှန်ရေး ခေါင်းဆောင် သခင်ဖိုးလှကြီးပုံတွေနဲ့  ပြောင်းခဲ့ပါတယ်။









နောက်ပိုင်းမှာတော့ သမိုင်းဝင်ပုဂ္ဂိုလ်ကြီးတွေရဲ့ ပုံရိပ်မှန်သမျှကို ဖြောက်ဖျက်ပြစ်လိုက်ကြပြီး အခုခေတ် ငွေစက္ကူတွေမှာ ခွေးလိုလို ခြင်္သေ့လို လို ကျက်သရေယုတ်တဲ့ ဘာသမိုင်းမှတ်တမ်းမှ မရှိတဲ့ တိရစ္ဆာန်အကောင်ပုံနဲ့  ဖေါ်ပြပါတော့တယ်။




















ဒါကြောင့်မို့ လို့  ဘယ် အာဏာရှင်လက်ထက်မှာမဆို ငွေစက္ကူတွေဟာ အာမခံ မရှိဖူးဆိုတာကို သတိထားကြရမှာ ဖြစ်တယ်။ ငွေစက္ကူတန်ဖိုးဟာ အာဏာရှင်တို့ စိတ်ကြိုက် ပြောင်းလဲလေ့ရှိတာကိုလည်း သတိပြုရမှာ ဖြစ်တယ်ဆိုတာ တင်ပြလိုက်ပါတယ်။

(အာဏာရှင် မဆလတို့ ရဲ့  အမိန့် ကြေညာစာမှတ်တမ်းအား သိမ်းဆည်းထားကာ နောင်လာနောက်သားများ သိရှိစေရန်အတွက် ပြန်လည်ဖေါ်ပြပေးခဲ့သော ကိုရွှေမောင်အား အထူးကျေးဇူးတင်ရှိပါသည်)။

No comments: