ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦး (သို့ ) တပ်မတော်သားအများစုက ချစ်ခင်ရသူ (သို့ ) ပြည်သူတစ်ရပ်လုံးက လေးစားရသူ ။
(မတ်လ ၁၂ ရက်နေ့ တွင် ကျရောက်သော ဗိုလ်ချုပ်ကြီး သူရ တင်ဦး၏ မွေးနေ့  အမှတ်တရ)။
ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ မြန်မာ့တပ်မတော်ကို ၁၉၄၆ ခုနှစ်ကစပြီး ၀င်ရောက်အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။ ၁၉၇၄ ခုနှစ်မှာတော့ ဗိုလ်ချုပ်ကြီးအဖြစ် ရာထူးတာဝန် ရရှိခဲ့ပြီး သူရဘွဲ့ ချီးမြင့်မြှောက်စားခြင်း ခံခဲ့ရပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦးရဲ့ ဇနီးကတော့ ဒေါက်တာ ဒေါ်တင်မိုးဝေ ဖြစ်ပါတယ်။
သူရဘွဲ့ ရ ဗိုလ်ချုပ်ကြီးတင်ဦး။
ဗိုလ်ချုပ်ကြီးတင်ဦးဟာ တပ်ထဲမှာ အားလုံးရဲ့  လေးစားချစ်ခင်ခြင်းခံခဲ့ရသူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီးတင်ဦး သူရဘွဲ့ ရရှိခဲ့သည့် သမိုင်းကြောင်းမှာ - တရုတ်ဖြူနဲ့ တိုက်သည့်ပွဲတွင် ဗိုလ်ချုပ်ကြီးတင်ဦးမှာ ဒုဗိုလ်မှုးကြီး အဆင့်နှင့် တပ်ရင်းမှူး ဖြစ်ပါတယ်။ ဒီတရုတ်ဖြူတိုက်ပွဲ ၄င်းကိုယ်တိုင် လက်ပစ်ဗုံးနှစ်လုံး ကိုင်ပြီး ရှေ့ ကနေ ကျားတက်ထိုးခဲ့သူ ဖြစ်ပါတယ်။ ရဲဝန့် စွာနဲ့  ခေါင်းဆောင်ကောင်းပီသစွာ တပ်ရင်းမှူးကိုယ်တိုင် ရှေ့ ကနေတက်တာကြောင့် ကျန်သော ရဲဘော်များလည်း လိုက်တက်ကြတာကြောင့် တောင်ကုန်းကို သိမ်းပိုက်ရမိခဲ့ပါတယ်။ တိုင်းမှူးဖြစ်တဲ့ ဗိုလ်မှူးးချုပ်ကျော်ဇော (ရဲဘော်သုံးကျိပ်ဝင်) က အထက်ကို သီဟသူရဘွဲ့ ပေးရန် တင်ပြခဲ့ပေမယ့်လည်း သူရဘွဲ့ ကိုသာ ပေးအပ်ခဲ့လို့ သူရဘွဲ့ ရခဲ့ကာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးအဖြစ် တပ်မတော်သမိုင်းမှာ ထွန်းတောက်ခဲ့ပါတယ်။
တပ်မတော်သားတွေချစ်တဲ့ ဗိုလ်ချုပ်ကြီး သူရ တင်ဦးအပေါ် အာဏာရှင်လက်ပါးစေများမှ သွေးထိုးဂုဏ်ချောခြင်း။
ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ တပ်မတော်အတွင်းမှာသာမက ပြည်သူလူထုအတွင်းမှာပါ အထူးလေးစားခြင်း ခံရသူ ပြည်သူ့ တပ်မတော်သားတစ်ဦး ပီသခဲ့သူ ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ စစ်သည်တော်တွေကို အဆင်းအတန်း မခွဲခြားဘဲ ခြင်းခတ်အတူတူ၊ ထမင်းလက်ဆုံးစားမှု အတူတူနဲ့  တန်းတူရည်တူ ဆက်ဆံခဲ့တဲ့ ခေါင်းဆောင်ကောင်း တစ်ဥိး ဖြစ်ပါတယ်။ ရဲဘော်ရဲဘက် စစ်သည်တော်တွေ ရိက္ခာမလောက်လို့ တင်ပြလာတာကို ရှေ့ တန်းထွက် စစ်သည်တော်တွေရဲ့  တိုက်ခိုက်ရေး ရိက္ခာထုတ်နဲ့  ရိက္ခာနှစ်ဆရအောင် စီစဉ်ပေးခဲ့လို့  စစ်သည်တော်တွေရဲ့  ချစ်ခင်လေးစားမှုကို ရရှိခဲ့ပါတယ်။
ဒီလိုမျိုး တပ်မတော်အတွင်းမှာ တပ်မတော်သားတွေကလည်း ချစ်ခင်လေးစား၊ ပြည်သူလူထုကလည်း ပြည်သူ့ တပ်မတော်သား ပီသလို့  အားထားလေးစားခဲ့နေရတဲ့ ဗိုလ်ချုပ်ကြီး သူရ တင်ဦးကို မနာလို မုန်းထားပြီး၊ ထောက်လှမ်းရေးမှူးချူပ် ဗိုလ်မှူးချုပ် (မျက်မှန်) တင်ဦးကနေ အာဏာရှင်နေ၀င်းကို လုပ်ကြံဖန်တီးပြီး ဗိုလ်ချုပ်ကြီး သူရ တင်ဦးအကြောင်းကို သွေးထိုးဂုံးချောခဲ့ပါတယ်။ ထောက်လှမ်းရေးမှူးချူပ် ဗိုလ်မှူးချုပ် (မျက်မှန်) တင်ဦးဟာ အင်မတန် ယုတ်မာပက်စက်သူဖြစ်ပြီး အာဏာရှင်ဆန့် ကျင်ရေး ကျောင်းသားလှုပ်ရှားမှုလုပ်ကြတဲ့ ကျောင်းသားတွေနဲ့  တပ်မတော်အတွင်း ပြည်သူလူထုနဲ့  ပြေလည်စွာဆက်ဆံသူများအပေါ်အထူးဒုက္ခပေးခဲ့သူ ဖြစ်ပါတယ်။ ထို့ အတူ အာဏာရှင်နေ၀င်းရဲ့  လက်ရုံးတော်ကြီးဖြစ်တဲ့ ဗိုလ်ချူပ်ကြီး စန်းယု ကလည်း ဗိုလ်ချုပ်ကြီး သူရ တင်ဦးဟာ တပ်ရဲ့ သက်သာချောင်ချိရေးခေါင်းစဉ်နဲ့  ဦးစားပေးလုပ်နေတာကြောင့် တိုင်းပြည်ဘဏ္ဍာငွေ ပိုကုန်ကျနေပါတယ်လို့  အာဏာရှင် နေ၀င်းကို သွေးထိုးပြောဆိုခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး သူရ တင်ဦးအား မတရားတာဝန်မှ ရပ်ဆိုင်းပစ်ခြင်း။
ထောက်လှမ်းရေးမှူးချူပ် ဗိုလ်မှူးချုပ် (မျက်မှန်) တင်ဦးနှင့် လက်ရုံးတော်ကြီးဖြစ်တဲ့ ဗိုလ်ချူပ်ကြီး စန်းယုရဲ့  သွေးထိုးစကားတွေကို ယုံကြည်တဲ့အပြင်၊ တပ်မတော်သားတွေ ပြည်သူတွေရဲ့  ချစ်ခင်လေးစားခံနေရတဲ့ ဗိုလ်ချုပ်ကြီး သူရ တင်ဦးကို မနာလိုမုန်းတီးဖြစ်ခြင်းကြောင့်ရော၊ အာဏာကို ထိပါးနိုင်သူ ဖြစ်လာနိုင်တာကြောင့်ရော အာဏာရှင်နေ၀င်းဟာ ကောက်ကျစ်စွာနဲ့  ဗိုလ်ချုပ်ကြီး သူရ တင်ဦးကို ဘယ်လိုဖယ်ရှားရမလည်းဆိုတာ စီစဉ်ဆောင်ရွက်ခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး သူရ တင်ဦးရဲ့  သားဖြစ်သူ နိုင်ငံခြားသို့  ဆေးသွားကုတဲ့ကိစ္စနဲ့  အိမ်ဆောက်ရန် လိုအပ်တဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နိုင်ငံခြားကနေ တင်သွင်းတဲ့ကိစ္စတွေအပေါ် အကြောင်းမရှိ အကြောင်းရှာပြီး ဗိုလ်ချုပ်ကြီး သူရ တင်ဦးကို ရာထူးတာဝန်ကနေ မတရား အရေးယူဖြုတ်ပစ်ခဲ့ပါတယ်။ တပ်မတော်အတွင်းက စစ်သည်တော်အများဟာ သူတို့  ချစ်ခင်လေးစားတဲ့ ဗိုလ်ချုပ်ကြီး သူရ တင်ဦး ပြုတ်သွားတဲ့အပေါ် ယူကျုးံမရဖြစ်ပြီး ၀မ်းနည်းငိုကြွေးကျရုံသာမက ခံပြင်းဒေါသထွက်ကြပါတယ်။
တပ်မတော်သားများသာမက ၁၉၇၆ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ မဆလအာဏာရှင် နေ၀င်းဆန့် ကျင်ရေး ကျောင်းသားလှုပ်ရှားမှုမှာလည်း ကျောင်းသားတွေက နေ၀င်းအစိုးရပြုတ်ကျရေး ဆန္ဒပြပွဲတွေမှာ ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦး သက်တော်ရာကျော် ရှည်ပါစေဆိုပြီး သူတို့  လေးစားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦးအတွက် ဆုတောင်းကြွေးကြော်ခဲ့ကြပါတယ်။
ဗိုလ်ချုပ်ကြီး သူရ တင်ဦးလိုလူမျိုးကို အာဏာရှင်နေ၀င်းရဲ့  အပေါင်းအပါတစ်စုဟာ လုပ်ကြံပြီး မတရားအလုပ်ဖြုတ်တဲ့အပေါ် မကျေနပ်ကြတဲ့ တပ်မတော်သားတွေထဲက ဗိုလ်ကြီးအုန်းကျော်မြင့်ဆိုတဲ့ အရာရှိငယ်တစ်ဦးဟာ ဗိုလ်ချုပ်ကြီး သူရ တင်ဦးကို ခေါင်းဆောင်အဖြစ်ပြန်တင်ကာ တပ်မတော်အတွင်း ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ နဲ့  အာဏာရှင်စနစ်ကို ဖယ်ရှားဖို့ အတွက် အာဏာရှင်နေ၀င်းကို လုပ်ကြံသတ်ဖြတ်ပြီး အာဏာသိမ်းဖို့  ကြိုးစားပါတယ်။
မဆလ တစ်ပါတီ အာဏာရှင် နေ၀င်းအား လုပ်ကြံမှု။
၁၉၇၅-၇၆ ခုနှစ်မှာ တပ်မတော်က ဗိုလ်ကြီးအုန်းကျော်မြင့် ဦးဆောင်တဲ့ တပ်မတော် အရာရှိ (၅) ဦးဟာ တိုင်းပြည်လူထုရဲ့ ဆင်းရဲဒုက္ခတွေကို အဆုံးသတ်စေဖို့အတွက် မဆလတစ်ပါတီ အာဏာရှင် နေ၀င်းကို လုပ်ကြံသတ်ဖြတ်ကာ၊ မဆလအစိုးရကို ချုပ်ငြိမ်းစေပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့တဲ့ ဗိုလ်ချုပ်ကြီး သူရ တင်ဦးကို နိုင်ငံတော် အကြီးအကဲအဖြစ် တင်မြှောက်ဖို့ လျှို့ဝှက်စွာ ကြံစည်ခဲ့ကြပါတယ်။
သို့ သော်လည်း မဆလတစ်ပါတီ အာဏာရှင် နေ၀င်းကို လုပ်ကြံသတ်ဖြတ်ဖို့ အစီအစဉ်ဟာ သစ္စာဖောက်သူတစ်ဦးကြောင့် အာဏာရှင်များရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရကြပါတယ်။ ၁၉၇၇ ခုနှစ်၊ ဇန်န၀ါရီလ (၁၁) ရက်နေ့မှာ အဲဒီအမှုကို အာဏာရှင်လက်အောက်ခံ တရားရုံးကနေ အထူးစီရင်ချက်ချမှတ်ကာ အဲဒီ့ နိုင်ငံတော်လုပ်ကြံမှုမှာ ဦးဆောင်သူဖြစ်တဲ့ (ပြည်သူ့ တပ်မတော်သား) ဗိုလ်ကြီးအုန်းကျော်မြင့်ကို သေဒဏ်ချမှတ်ခဲ့ပြီး၊ ဗိုလ်ချုပ်ကြီး သူရ တင်ဦး နဲ့ ကျန်အဖွဲ့ဝင်များကို နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့ပါတယ်။
၁၉၈၀ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့  ထောင်အတွင်းချခံရခြင်းမှ လွန်မြောက်လာပြီး၊ နှစ်နှစ်ခန့်  သာသာနာ့ဘောင်အတွင်း ၀င်ရောက်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ် (ရှစ်လေးလုံအရေးတော်ပုံကြီ) အတွင်းက ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦး။
၁၉၈၈ ခုနှစ်မှာ ကျောင်းသားတွေ စတင်ဥိးဆောင်ကာ မဆလတစ်ပါတီ အာဏာရှင်နေ၀င်းကို ဆန့် ကျင်ခဲ့ကြတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ မူလကတည်းက ပြည်သူ့ လူထုနဲ့  တပ်မတော်သားတွေရဲ့  အကျိုးကို အလေးထားပြီး၊ ပြည်သူလူထုနဲ့  တပ်မတော်သားတွေရဲ့ ချစ်ခင်လေးစားမှုရရှိခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦးဟာ မြန်မာပြည်သူပြည်သားတွေ အာဏာရှင်လက်အောက်မှ လွတ်မြောက်ရေးအတွက် ပြည်သူလူထုနဲ့ လက်တွဲတောင်ရွက်ဖို့  ဆုံးဖြတ်ကာ စွမ်းစွမ်းတမာန်ရှေ့ တန်းကနေ ပါဝင်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်ရဲ့  ကနဦးကာလတွေမှာ ဗိုလ်ချူပ်ဟောင်း သောင်းဒန် ဦးဆောင်တဲ့ မျိုးချစ်တပ်မတော်သားဟောင်းများသမဂ္ဂမျာ ပါဝင်လှုပ်ရှားခဲ့ပြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် စတင်ဖွဲ့ စည်တဲ့အခါမှာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူတကွ လက်တွဲကာ ဦးဆောင်မှုပါ ပါဝင်ခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ထိပ်တန်းခေါင်းဆောင်အဖြစ်သာမက ပြည်သူလူထုခေါင်းဆောင်တဦးအဖြစ်လည်း အသိအမှတ်ပြုခံခဲ့ရပါတယ်။
၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ဒုဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး၊ ဒီဇင်ဘာလ (၂၀) ရက်နေ့ မှာ ဥက္ကဌ တာဝန်ကို ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၉ ခုနှစ်၊ ဇူလိုင်လ (၂၀) ရက်နေ့ မှာ နေအိမ်အကျယ်ချူပ်ခံရပြီး၊ ဒီဇင်ဘာလ (၂၀) ရက်နေ့ မှာ အာဏာရှင်တို့ ရဲ့  ထောင်တွင်းအကျဉ်းချခြင်းကို (၃) နှစ် ကျခံခဲ့ရပါတယ်။
(၂၀၀၃) ခုနှစ်၊ မေလမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့  ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦးတို့ ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်ရဲ့  စည်းရုံးရေးလှည့်လည်မှု မော်တော်ယဉ်တန်းဟာ ဒီပဲယင်းမြို့ပြင်မှာ အာဏာရှင်လက်သစ် နအဖရဲ့  လက်ပါးစေအင်အား (၅၀၀၀) ခန့်ရှိတဲ့ ရိုင်းစိုင်းယုတ်မာသူ သွေးဆာနေသူတွေရဲ့  အကြမ်းဖက် တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦးကို နအဖအာဏာရှင်တွေက ထိုအချိန်မှစပြီး မတရား ထိန်းသိမ်းခံပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦးကို စစ်ကိုင်းတိုင်း၊ ကလေးမြို့အကျဉ်းထောင်မှာ ချုပ်နှောင်အကျဉ်းချထားခဲ့ပါတယ်။ ကလေးမြို့ အကျဉ်းထောင်မှာ (၉) လကြာ နေခဲ့ရပြီး၊ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီ (၁၃) ရက်နေ့ မှာတော့ နအဖအာဏာရှင်တွေဟာ ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦးကို နေအိမ်သို့ ပို့ဆောင်ကာ အကျယ်ချုပ်နှောင်ခဲ့ပါတယ်။ နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ ပုဒ်မ ၁၀ (ခ) ဖြင့် မတရားစွပ်စွဲကာ အကျယ်ချုပ်ချလိုက်ခြင်း ဖြစ်ပါတယ်။
တပ်မတော်သမိုင်းမှာ ထိပ်ပိုင်းအရာရှိကြီးဖြစ်ခဲ့တဲ့၊ တပ်မတော်သားအပေါင်းနဲ့  ပြည်သူလူထုတစ်ရပ်လုံးက လေးစားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦးဟာ မြန်မာ့တပ်မတော်သမိုင်းကြောင်းမှာ အစဉ်အလာမရှိတဲ့၊ စစ်တပ်ရာထူးအဆင့်မှာ ဂျူနီယာကျတဲ့ လူယုတ်မာအာဏာရှင် သန်းရွှေနဲ့  လက်ပါးစေဗိုလ်ချူပ်ကြီးများလက်အောက်မှာ နေအိမ်အကျယ်ချူပ်ဘ၀နဲ့  ယခုထိတိုင်အောင် နေနေရတုန်း ဖြစ်ပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦး (သို့ ) တပ်မတော်သားအများစုရဲ့  ချစ်ခင်မှု ခံရသော စစ်သားကောင်းတစ်ဦး (သို့ ) ပြည်သူတစ်ရပ်လုံးက လေးစားကြရသော လူထုခေါင်းဆောင်တစ်ဦးတစ်ဦးဖြစ်တဲ့ ကျွန်တော်တို့ ရဲ့  အဘ သူရ ဦးတင်ဦးရဲ့  မွေးနေ့ ကျရောက်တဲ့ မတ်လ (၁၂) ရက်နေ့ အတွက် လှိုက်လှိုက်လှဲလှဲ ဆုတောင်းမှု ပြုလုပ်ပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦး တစ်ယောက် အချုပ်အနှောင်ခံနေရတဲ့ဘ၀ကနေ အမြန်ဆုံး လွတ်မြောက်ပါစေ။ အဘ သူရ ဦးတင်ဦး ကျန်းမာနေကောင်းပြီး၊ ကိုယ်၏ကျန်းမာခြင်းသာမက စိတ်၏ ချမ်းသာခြင်းလည်း ရရှိပါစေလို့  ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
ထို့ အတူ - တပ်မတော်ရဲ့  ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရ တင်ဦး နေအိမ်အကျယ်ချူပ်ဘ၀မှ လွတ်မြောက်ရေးအတွက်လည်း ပြည်သူ့ တပ်မတော်သားများက ၀ိုင်းဝန်းကြိုးစားပေးကြပါရန်နှင့် အဘ သူရ ဦးတင်ဦးကို ချစ်မြတ်နိုးကြတဲ့ ပြည်သူလူထုမှလည်း မိမိတို့ တတ်နိုင်စွမ်းရှိသမျှ အားသွန်ခွန်စိုက်ပြီး ဆောင်ရွက်ပေးကြပါလို့ ။
No comments:
Post a Comment