Friday, April 3, 2009

ပြည်သူအချင်းချင်း လက်တွဲကြ။ ယိုင်းပင်းကူညီကာ မတရားမှုတွေကို တော်လှန်ကြ။

ရွှေတိဂုံအရှေ့မုဒ်၊ ဗဟန်းဈေးမြောက်ဖက် ခြံငါးခြံရပ်ကွက်အား နအဖတွေက အတင်းအဓမ္မ ဖျက်ခိုင်းနေပါတယ်။ အခုဆိုရင် လူနေအိမ်တွေ ဖျက်နေကြရပါတယ်။ တရုတ်ဘုံကျောင်းတစ်ခုနဲ့  ဘုန်းတော်ကြီး ကျောင်းတစ်ကျောင်းသာ အမိန့်မကျသေးလို့ မဖျက်ရသေးပါ။

အခုဆိုရင် အိမ်အဖျက်ခံရတဲ့ လူတွေက မကျေနပ်ဖြစ်နေကြပါတယ်။ သံဃာတော်များကလည်း ဘုန်းကြီးကျောင်းသာ ဖျက်ပေးရမယ်ဆိုရင် မခံမရပ်နိုင် ဖြစ်ကြဖို့ အခြေအနေ ရှိနေပါတယ်။ အခြားဒေသမှ သံဃာအချို့ လည်း နေ့ စဉ်သွားပြီး အဆိုပါ ဘုန်းကြီးကျောင်း မဖျက်ခံရရေးအတွက် သွားရောက်အားပေးနေကြပါတယ်။

ဒီရပ်ကွက်ကို နအဖကနေ အတင်းအဓမ္မ ဖျက်ရတဲ့ အကြောင်းရင်းကတော့ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတုန်းက ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာတော်တွေကို အားပေးအားမြောက်လုပ်လို့ ဆိုပြီး အမဲရောင်နယ်မြေလို သတ်မှတ်ထားပြီး အငြိုးထားကာ ဖျက်ခိုင်းခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။ ဒီရပ်ကွက်ကို ဖျက်ပြီးရင် အဲဒီ့နေရာမှာ ပန်းခြံအဖြစ် ပြောင်းလဲလုပ်မယ်လို့ သတင်းကြားသိရပါတယ်။

အလားတူပုံစံမျိုးကို အာဏာရှင်တွေက ၁၉၈၉ အာဇာနည်နေ့ ချီတတ်ဆန္ဒဖော်ထုတ်ကြတုန်းကလည်း န၀တအာဏာရှင်တွေ လိုက်လံဖမ်းဆီးစဉ် ပုန်းခိုခွင့်ပေးခဲ့တဲ့ ဗဟန်းမြို့ နယ် ရေတာရှည်ရပ်ကွက်သူရပ်ကွက်သားတွေကို အငြိုးထားပြီး၊ ဒီမိုကရေစီအင်အားစုတွေကို ထောက်ခံအားပေးခဲ့တာကြောင့် လှိုင်သာယာလယ်ကွင်းတွေထဲ အဓမ္မ ပြောင်းရွေ့ ခိုင်းခဲ့ပါတယ်။

ဒါကြောင့် အာဏာရှင်ဖိနှိပ်သူတွေရဲ့  လုပ်ချင်တိုင်းလုပ်တာကို အင်အားမရှိလို့ဆိုပြီး ရေငုံနူတ်ပိတ် လက်ပိုက်ကြည့်နေကြရင် ပိုဆိုးကြပါလိမ့်မယ်၊ ကျွန်တော်တို့  ပြည်သူတွေ အားလုံးက ကိုယ့်ရပ်ကွက် မဟုတ်လို့  ဆိုပြီး လစ်လျူရှုမနေသင့်ပါ။

ဘယ်နေရာမှာဖြစ်ဖြစ် ဘယ်သူဖြစ်ဖြစ် နအဖအာဏာရှင်တွေရဲ့  မတရားမှုကို ခံရရင် ကိုယ့်အရေးလို သဘောထားကာ ၀ိုင်းဝန်းကူညီကြဖို့ လိုပါတယ်။

၁၉၈၉ ခုနှစ်၊ ရွေတိဂုံဘုရားဇောင်းတန်းရှိ ဆိုင်ခန်းနှင့် လူနေအိမ်များကို န၀တအာဏာရှင်မှ အတင်းအဓမ္မ ပြောင်းရွေခိုင်းခဲ့စဉ်တုန်းကဆိုရင် ကျောင်းသားအင်အားစုများက ၀ိုင်းဝန်းပူးပေါင်းကာ န၀တအာဏာရှက်ထံ စာရေးခဲ့တာကြောင့် ထိုဖျက်ဆီးမှု စီမံချက်ရပ်ဆိုင်းခဲ့ပြီး နေရာပြန်လည်ချမှတ်ခြင်းများ ပြုလုပ်ပေးခဲ့ရပါတယ်။

ယနေ့အချိန်မှာလည်း မတရားမှု ဖိနှိပ်မှုများ ဖြစ်ပေါ်နေတဲ့ နေရာဒေသများကို အခြားနေရာမှာနေနေကြတဲ့ ပြည်သူတွေအနေနဲ့  မိမိတို့ အရေးလို သဘောထားပြီး သွားရောက်ကူညီ စောင့်ရှောက်ပေးကြမယ်ဆိုရင် လက်ရှိအခက်အခဲကြုံတွေ့နေရသူများအတွက် အင်အားများရကာ ၀မ်းမြောက်ဝမ်းသာဖြစ်ကြမည် ဖြစ်ပါတယ်။

ပြည်သူအချင်းချင်း လက်တွဲကြ။ ယိုင်းပင်းကူညီကာ မတရားမှုတွေကို တော်လှန်ကြ။

No comments: