Wednesday, April 1, 2009

မြေမြို၍ လူမျိုးမပျောက်၊ လူမြိုမှ လူမျိုးပျောက်မည်။ ဒီလိုဖြစ်မှာကို ဖန်တီးနေတာ နအဖ။

ပြီးခဲ့သော လများအတွင်းက တရုတ်နိုင်ငံအတွင်း တရားမ၀င် ရောက်ရှိနေတဲ့ မြန်မာနိုင်ငံက အမျိုးသမီးများအား ကယ်တင်ခဲ့ရကြောင်း တရုတ်အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။ အဲ့ဒီ အမျိုးသမီးများဟာ တရုတ်ပြည် ယူနန်ပြည်နယ်မှာ ရောင်းစားခံထားရပြီး၊ သူမတို့ဟာ နိုင်ငံခြားတွင် အလုပ်ကောင်းကောင်းရမည်ဟု ဆွဲဆောင်ခံခဲ့ရကြောင်း ထွက်ဆိုခဲ့ကြပါတယ်။ ဒီရောင်းစားခံနေကြရတဲ့ မြန်မာအမျိုးသမီးတွေကို တရုတ်ပြည် ရဲတွေက စုံစမ်းရှာဖွေပြီး ကယ်တင်လျက် ရှိနေပါတယ်။















တရုတ်ပြည် ရဲအဖွဲ့ ကတော့ မြန်မာအမျိုးသမီးတွေကို ကယ်တင်နေတယ်။ မြန်မာပြည်က ရဲတွေကတော့ မြန်မာအမျိုးသမီးတွေ ဒုက္ခရောက်နေတာ ဒီအတိုင်း ကြည့်နေတဲ့အပြင် ဒုက္ခရောက်နေကြတဲ့ မြန်မာအမျိုးသမီးငယ်တွေဆီက ဘယ်လို အကြပ်ကိုင် ငွေတောင်းရမလည်းဆိုတာကို အဓိက ထားနေကြတယ်။

အခြားနိုင်ငံတွေဖြစ်တဲ့ တရုတ်ပြည်၊ ထိုင်းနိုင်ငံတို့ ကို အလုပ်အကိုင်ကောင်းကောင်း ရမယ်ဆိုပြီး လိမ်လည်ညာပြောပြီး လူကုန်ကူးလို့  မကောင်းတဲ့အလုပ်တွေကို အတင်းအကြပ်လုပ်ကိုင်ခိုင်းခံရတဲ့ အမျိုးသမီးတွေ သက်ဆိုင်ရာနိုင်ငံက ရဲတွေက စုံစမ်းဖေါ်ထုတ်နိုင်ပြီး မြန်မာပြည်ကို ပြန်ပို့ ခဲ့ရင်တောင် နအဖလက်အောက်ခံ ရဲတွေနဲ့  သက်ဆိုင်ရာ အမျိုးသမီးရေးရာအသင်းတွေက ကူညီစောင့်ရှောက်မှု မရှိကြပါဖူး။

ဒီလို အခြားနိုင်ငံကို ရောင်းစားခံရလို့  ရောက်သွားခဲ့ရတဲ့ မြန်မာအမျိုးသမီးတွေကို ကူညီဖို့ ထက် လက်ရှိ မြန်မာပြည်တွင်းမှာ ဘ၀အခြေအနေကြပ်တည်းလို့ တစ်နေ့ စာ ၀မ်းစာဝဖို့ အတွက် ခန္ဓကိုယ်ကို ရင်းရလို့ ဘဲဖြစ်ဖြစ်၊ မသမာသောနည်းများနဲ့ ငွေကြေးချမ်းသာကြွယ်ဝသူတွေ ဖြားယောင်းသွေးဆောင်မှုအရဘဲ ဖြစ်ဖြစ် ဘ၀ပျက်ကြရတဲ့ မြန်မာအမျိုးသမီးတွေကို “ကူညီပါရစေ” လို့ အသံသာ ဟစ်အော်နေတဲ့ နအဖရဲတွေကရော ထိထိရောက်ရောက် ကာကွယ်စောင့်ရှောက်ကြတာ မတွေ့ ရပါ။ နအဖရဲ့  လူကြီးကတော်များနဲ့ သာ ဖွဲ့ စည်းထားတဲ့ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ ကလည်း တကယ်တမ်းဒုက္ခရောက်နေသူတွေကို လက်တွေ့ ကာကွယ်ကူညီစောင့်ရှောက်ဖို့ ထက် နအဖ၀ါဒရေးရာ ဖြန့် ချီဖို့ အတွက်သာ ဟန်ပြလုပ်နေကြပါတယ်။

နအဖတွေ အုပ်စိုးနေတဲ့ လက်အောက်မှာ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတာလို နအဖဟာ သူတို့  အာဏာမြဲဖို့  လက်ဆုပ်ကိုင်ထားဖို့ အတွက် မသမာသောငွေမဲတွေနဲ့  ချမ်းသာနေသူတွေကို မြန်မာနိုင်ငံအတွင်းမှာ စီးပွားရေးတွေကို ချယ်လှယ်ခွင့်ပေးထားတယ်၊ မူးယစ်ဆေးဝါးတွေကို ထုတ်လုပ်ရောင်းချခွင့်ပြုထားတယ်၊ ထင်ရာစိုင်းဖို့ အတွက် မမြင်ချင်ယောင်ဆောင်ပြီး အရေးမယူ လစ်လျူရှု့ ထားတယ်၊ မြန်မာ့ယဉ်ကျေးမှုထိခိုက်စေတဲ့ ပျက်စီးမှုတွေဖြစ်နေတာတွေကို လက်ပိုက်ကြည့်နေတယ်။

ဒီ့ထက်ဆိုးတာက မြေမြိုလို့  လူမျိုးမပြောက်၊ လူမြိုမှ လူမျိုးပြောက်မယ်ဆိုတာလို တစ်နေ့ တစ်ခြား ဘ၀ပျက်နေကြရတဲ့ နုပျိုလှပလန်းဆန်းနေတဲ့ မြန်မာအမျိုးသမီးပန်းကောင်းလေးတွေ အညွန့် ချိုးခံနေရတာ မြန်မာနိုင်ငံရဲ့  ပြည်ပမှာထက် ပြည်တွင်းမှာပါ ဖြစ်ပျက်နေတာ ရင်နာစရာပါဘဲ။



အာဏာရှင် နအဖတွေရဲ့  ကိုယ်ကျိုးသာကြည့်တဲ့ လုပ်ရပ်တွေကြောင့် မြန်မာပြည်သူတွေရဲ့  ဂုဏ်သိက္ခာဟာ မျက်နှာမဖေါ်ပြရဲလောက်အောင်ဖြစ်ပြီး၊ စားဝတ်နေရေးကြပ်တည်းနေတဲ့ဘ၀တွေ ကြုံတွေ့ နေရသ၍ မြန်မာအမျိုးသမီးကောင်းတို့ ရဲ့  ဘ၀တွေ ရေတိမ်နစ်ကာ အဖျက်ဆီးခံရမယ့် အခြေအနေတွေ ပိုဆိုးလို့ သာနေမှာ စိုးရိမ်မိပါတော့တယ်။

မြေမြို၍ လူမျိုးမပျောက်၊ လူမြိုမှ လူမျိုးပျောက်မည်။ လူမျိုးပျောက်တာ ဖြစ်ပေါ်ဖို့  ဦးတည်နေတာ အာဏာရှင်နအဖရဲ့  ကိုယ်ကျိုးအတ္တအတွက် ဖန်တီးတွေက အဓိကပါ။

No comments: