Sunday, May 24, 2009

ကျွန်တော် နစ်နေမန်းနှင့် ပတ်သက်၍ လုပ်ကြံဖန်တီး ပြောဆိုနေသူများ သိသာစေရန်။

























အချို့ ကိစ္စလေးတွေမှာ မပြောမပြီး မတီးမမြည်ဆိုသလိုဘဲ ပြောသင့်ပြောထိုက်တဲ့အချိန်မှာ ပြောရတာ ရှိပါတယ်။ တော်လှန်ရေးအချိန်ကာလအတွင်းမို့  ရန်သူအားရ ဖြစ်မှာစိုးလို့ ၊ အကျိုးမရှိ အချိန်ကုန်လေကုန်ဖြစ်မှာစိုးလို့  မပြောဘဲ မတုန့် ပြန်ဘဲ နေပြန်တော့၊ လုပ်ကြံစော်ကားပြောဆိုမှုတွေက နောက်ကွယ်ကနေ ပြောနေတာတွေ တွေ့ နေမြင်နေရတော့ အနှောင့်အယှက်ဆိုတာထက် ကြာလာတော့ သည်းခံရင် ခေါင်းပေါ်တက်ပြီး ချီးတက်ပါချင်တဲ့ အချိုးမျိုးတွေနဲ့  ရိုင်းစိုင်းစော်ကားလာလို့  ပြောရမယ့်အချိန်ရောက်လာလို့  လိုအပ်သလောက် ပြောပါမယ်။

လူတစ်ယောက်အကြောင်းကို ပြောဆိုနေကြသူတွေထဲမှာ ရည်ရွယ်ချက် အမျိုးမျိုးနဲ့  ရှိနိုင်တယ်ဆိုတာ လက်ခံနားလည်ပေးပါတယ်။ သဘောရိုးနဲ့ ပြောကြတယ်။ စေတနာနဲ့ တိုက်တွန်းကြတယ်။ အပြုသဘောနဲ့  လိုအပ်ချက် အားနည်းချက်တွေကို ဝေဖန်ပြောဆိုကြတယ်။ တိုးတက်စေလိုသော ကောင်းကျိုးလိုတဲ့ စိတ်လေးနဲ့  ပြောကြတယ်ဆိုတာကို၊ အဲ့ဒီလို ရည်ရွယ်မှုနဲ့  ပြောကြတဲ့သူ မိတ်ဆွေကောင်းပီသသူတွေရှိတာကို ကျေးဇူးတင် လေးစားပါတယ်။ ဒီလိုမျိုးသဘောနဲ့  တစ်ဦးနဲ့ တစ်ဦး အကျိုးရှိအောင်ပြောတာ လက်ခံပါတယ်။

ဒီလိုပြောကြတဲ့သူအထဲမှာ ဘယ်သူက စေတနာအစစ်အမှန်နဲ့  ကောင်းကျိုးအတွက် ပြောတာလား၊ ဘယ်သူက တမင်သက် ပုတ်ခတ်တိုက်ခိုက်တာလည်း လုပ်ကြံဖန်တီးပြောဆိုတာလည်းဆိုတာ အသက်အရွယ်ရောက်သူတိုင်း အတွေ့ အကြုံရှိသူတိုင်း စဉ်းစားတင်ခြင်နိုင်သူတိုင်း သိသိသာ ခွဲခြားမြင်တတ်ကြပါတယ်။

ဒီထဲမှာ အချို့ သောသူတွေဟာ လူတစ်ယောက်အပေါ် ဝေဖန်သုံးသပ်ပြီး အပြုသဘော ပြောသလိုလိုနဲ့  ဗိန်းဗောင်းခတ်ပြီး ရိုင်းပြစွာစော်ကားပြောဆိုတာတွေ၊ စကားလုံးတွေနဲ့ ထိုးနှက်တာတွေ၊ ယုံထင်ကြောင်ထင် ဖြစ်အောင် ဂုံးတိုက်တာတွေ၊ လုပ်ကြံဖန်တီးပြောဆိုတာတွေကို တမင်သက်သက်ကို လုပ်ကြတာ တွေ့ မြင်ကြားသိရပါတယ်။ ပြောတဲ့လေသံ သုံးတဲ့စကားလုံး အသုံးအနှုံး၊ နေရာအချိန်ကာလနဲ့  ပြောတဲ့အချက်အလက် အကြောင်းအရာတွေက ဘယ်လိုရည်ရွယ်ချက်နဲ့  ပြောလည်းဆိုတာ ပါးစပ်ထဲက ဇာတိပြဆိုတာလို သိသာပါတယ်။

နစ်နေမန်းတို့  ဘာမှ လက်တွေ့ မလုပ်ဘဲ သူများတွေကို အတင်းလုပ်ခိုင်းနေတယ်၊ ကိုယ်တိုင်ကိုယ်ကျတော့  ထွက်မလုပ်ရဲဖူး၊ မြှောက်ပေးနေတယ်ဆိုပြီး ရန်သူဘက်ကလည်း သွေးခွဲပြောတယ်၊ ရန်သူဘက်မဟုတ်တဲ့ဘက်ကလည်း အချို့ သောသူတွေ လိုက်ပြောကြတယ်။

ဒီနေရာမှာ တိတိကျကျ သေသေချာချာ ပြောပြထားမယ်။ နစ်နေမန်းဟာ အာဏာရှင်တွေကို လမ်းမပေါ် ကိုယ်တိုင်ကိုယ်ကျ ထွက်ပြီး ရင်ဘတ်တည့်တည့်ချိန်ထားတဲ့ အာဏာရူးလက်ပါးစေတွေရဲ့  သေနတ်ရှေ့ ကို ရောက်ခဲ့ဖူးသူပါ။ လမ်းမပေါ်ထွက်ပြီး အာဏာရှင်ဆန့် ကျင်ရေး ဆန္ဒပြပွဲတွေမှာ ဆက်တိုက်ပါဝင်ခဲ့ဖူးသူပါ။ ပြည်သူအများစု ပူးပေါင်းမှု မပြုလုပ်လာခင် အစောဦး ဆန္ဒပြလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူပါ။ အာဏာရှင်ဆန့် ကျင်ရေး လျှို့ ဝှက်လုပ်ဆောင်ကြတဲ့ အနေအထားတွေမှာ ပါဝင်ခဲ့ဖူးသူပါ။ ကိုယ်ဂုဏ်ကိုဖေါ် မသူတော်ဆိုတာမျိုး ဖြစ်မှာစိုးလို့  ဘယ်သောအခါမှ ကိုယ်ဘာလုပ်ခဲ့တယ်ဆိုတာ ပြောလေ့ပြောထ မရှိဖူးဆိုတာ နစ်နေမန်းနဲ့ နီးကပ်စွား ပေါင်းသင်းခဲ့ဖူးသူတိုင်း သိကြတယ်။ ဒါပေမယ့် ဒီနေရာမှာ နစ်နေမန်းဟာ သွေးထိုးမြောက်ပင့်ပေးနေသူ ပြောပြောနေလို့  မပြောချင်ပေမယ့် လိုအပ်ချက်အရ ပြောလိုက်ပါတယ်။

သမိုင်းပေးတာဝန်ကို ကိုယ့်ပုခုံးပေါ်ရောက်တဲ့ အလှည့်မှာ ပြည်သူတစ်ဦးရဲ့ တာဝန်လို့  ကိုယ့်ဖာသာ ရဲရဲကြီး ခံယူပြီး ကြိုးစားနိုင်သမျှ ကြိုးစားပြီး စွန့် လွှတ်မှုတွေ ပေးဆပ်မှုတွေနဲ့  လုပ်ခဲ့တဲ့သူများထဲက တစ်ဦးပါ။ မသေကောင်း မပျောက်ကောင်းသေးလို့ သာ အသက်သေတဲ့အထိ မရောက်ခဲ့ရပေမယ့် အထိုက်အလျောက်တော့ ကိုယ့်သမိုင်းမှတ်တမ်း ရှိပါတယ်။ အာဏာရှင်ကို တစ်ထောင့်တစ်နေရာကနေ ဆန့် ကျင်ခဲ့တဲ့ ဆန့် ကျင်နေတဲ့ အညတြရ တော်လှန်သူ ပြည်သူတစ်ယောက်အဖြစ်တော့ ဖြစ်ခဲ့ပါတယ်။ နစ်နေမန်းဟာ ဘလော့ရေးမှ ဘလော့ဂါဖြစ်မှ အာဏာရှင်ကို ဆန့် ကျင်တာ မဟုတ်ဖူးဆိုတာ အသိပေးချင်ပါတယ်။

ဒီလိုပြောလို့  အာဏာရှင်ဆန့် ကျင်တော်လှန်ရေးမှာ အစောဆုံးလုပ်တာ နောက်ကျမှ လုပ်တာကို ခွဲခြားပြောနေတာ မဟုတ်ဖူး။ တော်လှန်ရေးဆိုတာ အရင်ကဘဲ စလုပ်ခဲ့ လုပ်ခဲ့၊ အခုမှ စလုပ် စလုပ် တော်လှန်ဆန့် ကျင်တာပါဘဲ။ ကိုယ့်ထက်စောပြီး လုပ်ခဲ့ကြတဲ့သူတွေကို အားကျဂုဏ်ယူသလို နောက်မှ လုပ်ကြတဲ့သူတွေကိုလည်း နစ်နေမန်းက ချီးကျူးလေးစားတယ်ဆိုတာ နစ်နေမန်းနဲ့  ပြောဆိုဖူးသူတွေ သိကြပါတယ်။ သို့ ပေမယ့် အချို့ သောသူတွေဟာ ဒီလို အပြန်အလှန် ဂုဏ်ယူပေးသင့်မှန်းမသိ လေးစားပေးရမှန်းမသိနဲ့ ။ မလေးစားချင်ရင် နေပါ။ ဂုဏ်မယူချင်နေပါ။ လေးစားပါလို့ လည်း အလေးစားခံလို စိတ်နဲ့  ပြောနေတာမဟုတ်ဖူး။ ဒါပေမယ့် လူတစ်ယောက် သူနိုင်တဲ့အတိုင်းအတာနဲ့  ကောင်းကောင်းမွန်မွန် လုပ်နေရင် အသားလွတ် စော်ကားတာမျိုး မလုပ်ကြဖို့ ပါ။

ထိုနည်းတူ ဘလော့ဂါတွေထဲမှာလည်း ဘလော့ရေးရုံသက်သက်မဟုတ်ဖူး။ သူနေရာနဲ့ သူ သူ့ မှတ်တမ်းနဲ့ သူ အာဏာရှင်တွေကို လက်တွေ့ ကျကျ လုပ်ဆောင်နေကြသူတွေ ရှကြပါတယ်။ ဘလော့ပေါ်မှာ ပို့ စ်လေးရေးတင်တာလောက်ကြည့်ပြီး၊ ဘလော့မှာ ရေးတင်ထားတဲ့ စာလောက်ကြည့်ပြီး၊ စီဘောက်ထဲမှာ ရေးထားတဲ့ စာလုံးလေးတွေလောက်ကြည့်ပြီး ကိုယ်ကိုလည်း ဘယ်သူကမှ စတင် မစော်ကားဘဲနဲ့  တစ်ဘက်သတ် အထင်အမြင်တွေနဲ့  မဝေဖန် မပုတ်ခတ် လုပ်ကြံ မတိုက်ခိုက်ကြပါနဲ့ ။

ကိုယ်တိုင်ကိုယ်ကျ မဆောင်ရွက်ခဲ့ဘဲ အခုမှ လေကျယ်ပြောနေတာ မဟုတ်ဖူး။ ဒီအချိန်ဒီကာလမှာ ကျရာတာဝန်ကို လုပ်သင့်တဲ့ လုပ်လို့ ရတဲ့ အနေအထားတစ်ခုကနေ ဘယ်သူကမှ ခိုင်းတာမျိုးမဟုတ်ဘဲ အချိန်ပေးပြီး လုပ်နေတာဆိုတာ သိစေချင်ပါတယ်။ သိစေချင်တဲ့သူတွေကတော့ လူတစ်ယောက် လုပ်နိုင်သလောက် လုပ်နေတာကို ကပ်ဖဲ့ယတ်ဖဲ့ တစ်ဘက်သတ် တိုက်ခိုက်ပြောဆိုနေသူတွေကို တိုက်ရိုက်ပြောတာပါ။ ဒီလောက်ထိ ပြောနေရတာက နစ်နေမန်း အာဏာရှင်ဆန့် ကျင်ရေးမှာ တစ်ထောင့်တစ်နေရာကနေ လက်တွေ့ ပါဝင်ခဲ့တယ်ဆိုတာကို နစ်နေမန်းနဲ့  အတူလက်တွဲလုပ်ခဲ့သူတွေ သိပါတယ်။ မှတ်တမ်းမှတ်ရာတွေနဲ့  တိတိကျကျပြောလို့  ရပါတယ်။ ဒီလောက်ပါဘဲ။

အာဏာရူးရန်သူတွေကတော့ ရန်သူမို့ လို့  တိုက်ခိုက်ပြောတာဟာ မထူးဆန်းပါဖူး။ ဆင်တူစကားလုံးမျိုးတွေနဲ့  သုံးပြီး လူအများမြင် ဟုတ်ပြီဆိုပြီး ငါ့စကားနွားရလိုပုံစံနဲ့  နစ်နေမန်းကို လာတိုက်ခိုက်တာတဲ့သူအချို့ ကို သိစေချင်လို့  ပြောပြလိုက်ပါတယ်။

နစ်နေမန်းပြောပြီးပါပြီ။ နစ်နေမန်း ရေးသားခဲ့တဲ့ စာတွေထဲမှာလည်း ဖေါ်ပြပြီးပါပြီ။ နစ်နေမန်း သူများထံကနေ ဘာစီမံချက်လုပ်မယ် ညာစီမံချက်လုပ်မယ်ဆိုပြီ ငွေကြေးတောင်းခံပြီး ကိုယ်ကျိုးအလွဲသုံးစားလုပ်ကာ ငွေနဲ့ ဘဲ လုပ်တဲ့ ငွေနိုင်ငံရေးကို လုပ်တာ လုံးဝ မရှိဖူး ဆိုတာ။ ဒီ့အတွက် နစ်နေမန်းကို နာမည်ဖျက်လိုတဲ့စိတ်နဲ့  ပုတ်ခတ်တိုက်ခိုက်နေသူတွေကို ဂရုစိုက်လို့ တော့ မဟုတ်ဖူး၊ အများရှေ့ မှာ သိအောင်တော့ ပြောပြလိုက်ပါမယ်။ နောက်ကွယ်ကနေတော့ သိက္ခာမရှိဘဲ သွားပုတ်လေလွင့် မပြောကြပါနဲ့ ။ တကယ်သတ္တိရှိရင် တစ်ဦးချင်းစီ တိုက်ရိုက်ပြောရဲရင် ပြောပါ။

အာဏာရှင်တွေနဲ့  လက်ပါးစေတွေကတော့ မဟုတ်မမှန် လုပ်ကြံပြီး နစ်နေမန်းကို တိုက်ခိုက်မှာဘဲ။ တိုက်ခိုက်နေတာဘဲ။ ဒါ နစ်နေမန်းမှ မဟုတ်ဖူး၊ အာဏာရှင်ကို ဆန့် ကျင်တော်လှန်နေကြသူတိုင်းကို စော်ကားတိုက်ခိုက်နေမှာဘဲ။ အာဏာရှင်တွေနဲ့  အာဏာရှင်လက်ပါးစေတွေက ရန်သူ့ စစ်စစ်ဖြစ်လို့  ရန်သူတို့  လုပ်နေကြသဘာဝအတိုင်းလုပ်တာ မဆန်းပါဖူး။ နစ်နေမန်းကို လာတိုက်ခိုက်လို့  နစ်နေမန်းကလည်း မှုမှာ မဟုတ်ဖူး။ ထိုနည်းတူ အာဏာရှင်ကို တော်လှန်နေကြတဲ့ တော်လှန်ရေးအင်အားစုတွေတင်မက ပြည်သူတွေကလည်း မှုမှာ မဟုတ်ပါဖူး။

ဒါပေမယ့် နစ်နေမန်းအကြောင်း ကကြီးကနေ အ အထိ မသိဘဲနဲ့  မိတ်ဆွေယောင်ယောင် ရန်သူယောင်ယောင်နဲ့ တော့ စွပ်စွဲပြောဆိုချက်တွေကို ဟိုမှာရေး ဒီမှာရေး နာမည်ဆင်တူနဲ့  လုပ်ကြံပြောနေသူတွေကိုတော့ ကိုယ့်ကိုကိုယ် ရန်သူ့ လူအထင်မခံရအောင်တော့ နေတတ်အောင်နေပါ။ ရန်သူသဘောကျ အချင်းချင်း စိတ်ဝမ်းကွဲရတာမျိုး မဖန်တီး မလုပ်ကြံပါနဲ့ ။ ရန်သူအာဏာရှင်နဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ့ ။ ဒီလို မကူညီဘဲ အရေမရ အဖတ်မရတွေနဲ့  သူများအကြောင်းတစ်ခုခုများ ငါပြောလိုက်ရရင် လူများစိတ်ဝင်စားမလားဆိုတဲ့ တန်ဖိုးမဲ့ စိတ်နေစိတ်ထားတွေ မထားကြပါနဲ့ ။ အပြောအဆိုတွေ ဆင်ခြင်ကြပါ။ သူများကို ဝေဖန်ပုတ်ခတ်ရင်း ပုတ်ခတ်ရင်းနဲ့  ကိုယ့်ကိုကိုယ် ဘာမှန်းမသိ ဘယ်အဆင့်ရောက်မှန်း မသိ၊ ကိုယ်ဘယ်လို လူစားမျိုး ဖြစ်နေပြီဆိုတာမသိနဲ့  ကိုယ့်ကိုကိုယ် သတိထားဖို့  လိုပါတယ်။

ပုဆိုးခြုံထဲကနေ လက်သီးပုန်းနဲ့ ထိုးသလို နောက်ကွယ်ကနေ နောက်ကျောဒါးနဲ့ ထိုးသလို လုပ်ကြံဖန်တီးမှုတွေနဲ့  မလုပ်ပါနဲ့ ။ နစ်နေမန်းလည်း စိတ်ဓါတ်ရှိလို့  မိမိဖာသာ တတ်နိုင်သလောက် ကြိုးစားလုပ်နေတဲ့ အာဏာရှင်ဆန့် ကျင်ရေးလုပ်ရှားမှုတွေကို မကူညီချင် ဝေးဝေးကနေပါ။ ကူညီချင်ရင် လက်တွဲပါ။ ကဖျက်ကယက်နဲ့ တော့ လာမလုပ်ပါနဲ့ ။

သူကတော့ ငါ့လူ မဟုတ်ဖူး၊ သူကတော့ ဟိုလူ့ လူ၊ သူကတော့ ဟိုအဖွဲ့ က လူ၊ သူကတော့ ငါ့အဖွဲ့ က မဟုတ်ဖူး၊ သူကတော့ ငါ့အလိုကျ လိုက် မလုပ်ဖူး၊ သူကတော့ ငါပြောတဲ့အတိုင်း မလုပ်ဖူး ဒီတော့ သူဘာလုပ်လုပ် ဘာပြောပြော ကဖျက်ကယက်လုပ်မယ်ဆိုတဲ့ ညံ့ဖျင်းတဲ့စိတ်ဓါတ်တွေနဲ့  အာဏာရူးရန်သူက မလုပ်ခိုင်းဘဲ၊ မိမိဖာသာ မလုပ်သင့်တာ မပြောသင့်တာတွေနဲ့  သူတပါးကို ထိခိုက်နစ်နာအောင် လုပ်နေတာပါ။ စည်းလုံးညီညွတ်မှုမရှိကြတဲ့ အဓိက အကြောင်းရင်းတွေထဲမှာ ဒီ မကောင်းတဲ့ စိတ်မွေးတာက စတာ။ မိမိကိုယ်တိုင်က စတာ။

နစ်နေမန်းဟာ တော်လှန်ရေးလုပ်တာ မည်သူ့ တစ်ဦးတစ်ယောက်ရဲ့  လူမှ မဟုတ်ပါ။ အာဏာရှင်ဆန့် ကျင်တော်လှန်ရေးတိုက်ပွဲအတွင်းမှာ အာဏာရှင်ပြုတ်ကျရေးလုပ်ငန်းတွေနဲ့  ပြည်သူလူထုအကျိုးကို မှန်မှန်ကန်ကန် ဆောင်ရွက်ကြမယ့် မည်သူနဲ့ မဆို မည်သည့်အဖွဲ့ နဲ့ မဆို နစ်နေမန်း လက်တွဲဆောင်ရွက်မှာ ဖြစ်ပါတယ်။ နစ်နေမန်း အာဏာရှင်ဆန့် ကျင်တော်လှန်တဲ့နေရာမှာ နစ်နေမန်းဟာ နစ်နေမန်းပါဘဲ။ သဲတစ်ချပ် အုတ်တစ်ပွင့်နေရာကနေ လုပ်နေမှာ။ အပြောသက်သက်လုပ်နေတဲ့သူ မဟုတ်ဖူးဆိုတာပါ။ စိတ်ထားချင်းတူညီရင်၊ တော်လှန်ရေးရဲဘော်ရဲဘက် စိတ်ထားနိုင်ရင်၊ အပြောထက် လက်တွေ့ ကျကျ လုပ်နိုင်ရင်၊ တော်လှန်ရေးအပေါ်မှာ သစ္စာရှိတာ မှန်ရင်၊ ကိုယ်ကျိုးအတ္တကြီးမားပြီး တော်လှန်ရေးဗန်းပြသူ မဟုတ်ရင်၊ အာဏာရူးရန်သူတွေအပေါ် ဒူးထောက်အညံ့ခံမယ့်သူ မဟုတ်ရင် လာခဲ့ပါ။ နစ်နေမန်းအနေနဲ့  ခေါင်းဆောင်တင်ထိုက်သူလို့  သတ်မှတ်ရင် ခေါင်းဆောင်မှု ခံယူမယ်။ လက်တွဲထိုက်သူလို့  သတ်မှတ်ရင် အတူလက်တွဲမယ်။ အာဏာရူးတွေဘက်ကနေ ပြည်သူ့ ဘက်တော်သားအဖြစ် မှန်ကန်စွာ ရပ်တည်လာလိုသူဆိုရင်လည်း ကြိုဆိုနေမှာပါ။

နစ်နေမန်းကို မိတ်ဆွေစစ်စစ်လို လက်တွဲကြမယ်ဆိုရင် မိတ်ဆွေစစ်စစ်လို လက်တွဲပါမယ်။ ရန်သူစစ်စစ်လို ဆက်ဆံရင် ရန်သူစစ်စစ်လို ပြန်ဆက်ဆံမှာပါ။ မိတ်ဆွေယောင်ယောင် ရန်သူယောင်ယောင်ဆိုရင် ရန်သူလို ဆက်ဆံမှာပါ။ နစ်နေမန်းအကြောင်း လုပ်ကြံဖန်တီးပြီး ပြောဆိုသူတွေ နစ်နေမန်းနဲ့  တိုက်ရိုက် လာပြောပါ။

မိတ်ဆွေဆိုလျှင် မိတ်ဆွေလို ဆက်ဆံမယ်၊ ရန်သူဆိုရင် ရန်သူလို ဆက်ဆံမယ်။ မိတ်ဆွေယောင်ယောင် ရန်သူယောင်ယောင်ယောင်နဲ့  သူရဲဘောကြောင်သူ မဟုတ်ပါ။

အာဏာရှင်ကို ဆန့် ကျင်တော်လှန်နေတာ တော်လှန်နေကြသူတိုင်း မိမိကိုယ်ကို မိမိ အသိဆုံးဘဲ။ နစ်နေမန်းဟာ သာမန်ပြည်သူတစ်ဦးပါ။ ကိုယ်လုပ်သင့်တာကို ကိုယ်လုပ်နိုင်တဲ့ဘက်ကနေ ကိုယ်လုပ်နေတာဘဲ ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

(ယခုရေးသားချက်ဟာ ရန်သူနှင့် ရန်သူဘက်တော်သားများတင်မက မိတ်ဆွေယောင်ယောင် ရန်သူယောင်ယောင်ယောင်နဲ့  နစ်နေမန်းအား လိုက်လံပုတ်ခတ်နေသူများအား တိုက်ရိုက် ရည်ညွန်းပြောဆိုတာပါ။ ဒီပြောဆိုချက်ကို အဆိုပါသူများ အနေဖြင့် မကျေနပ်ပါက နစ်နေမန်းနဲ့  တိုက်ရိုက်ရှင်းနိုင်ပါတယ်)။

လေးစားလျက် -

နစ်နေမန်း။

No comments: