Saturday, May 9, 2009

“မြောက်ဥက္ကလာပက စစ်တပ်အလိုတော်ရိတစ်ဦး၏ လုပ်ရပ်နှင့် ကလေးငယ်များဘ၀”

အရွယ်မရောက်သေးတဲ့ မိန်းကလေးပျိုလေးများဟာ KTV NIGHTCLUB နဲ့  ကာရာအိုကေစားသောက်ဆိုင်တွေမှာ ဘ၀တွေ ချရောင်းခံနေရချိန်မှာ အရွယ်မရောက်သေးတဲ့လူငယ်တွေဟာလည်း မြောက်ဥက္ကလာမြိုနယ်အတွင်း စစ်တပ်အလိုတော်ရိတွေကြာင့် စစ်တပ်ထဲအတင်းအဓမ္မပို့ ဆောင်ခံရမှုတွေ တွေ.ကြုံနေရကြောင်း စုံစမ်းသိရှိရသဖြင့် မြောက်ဥက္ကလာမြို့ နယ်အတွင်းမှ လူငယ်များနှင့် မြို.နယ်အသီးသီးမှ လူငယ်မောင်မယ်များ အထူးသတိထား ရှောင်ကြဉ်နိင်ရန် အဖြစ်မှန်နှင့်တွဲ၍ တင်ပြလိုက်ပါသည်။

သူနာမည်က “မိုးဒီ” တဲ့။ မြောက်ဥက္ကလာရဲ့ အ၀င်ရပ်ကွက်တခုရဲ့ လမ်းသွယ်တခုမှာ နေတယ်။ သူ့ အလုပ်က လက်ဘက်ရည်ဆိုင်မှာ အကြော်ဆရာပေါ့လေ။ ဒါက မည်ကမတ်တ။ သူတကယ်လုပ်တာက ရပ်ကွက်အတွင်းက လူလားမမြောက်သေးတဲ့ လူငယ်ကလေးတွေကို စစ်တပ်ကို ပို့ဆောင်ဆက်သွယ် ရောင်းစားနေတာပဲ။ သူကသာ ဖုန်းဆက်ခေါ်ရင် လူယူဖို့  စစ်တပ်ကလည်း (၁၅)မိနစ်အတွင်းမှာ အရောက်လာလေ့ရှိတယ်ဆိုတာ ကိုယ်တွေ့ ကြုံခဲ့ရတဲ့ လက်ဘက်ရည်ဆိုင်က စားပွဲထိုးလေးတစ်ယောက်က ဖွင့်ဟပြီး သူအတွေ့ အကြုံကို ဒီလိုပြောပြခဲ့ပါတယ်။

ကျွန်တော်က မြောက်ဥက္ကလာရဲ့ အ၀င်ရပ်ကွက်တစ်ခုက လမ်းမကြီးတစ်ခုမှာ စားပွဲထိုးလုပ်ပါတယ်။ ကိုမိုးဒီက အကြော်ဆရာ။ ကျွန်တော်တို့ က တစ်ဆိုင်ထဲမှာ လုပ်နေတာဆိုတော့ သူ့ ကို ကျွန်တော်ကလည်း အကိုကြီးလို ရိုသေပြီး သူခိုင်းတာကို မညည်းမညူလုပ်ပေးတတ်ပါတယ်။

တစ်နေ့  တော့ ကျွန်တော့်အမနေတဲ့ အိမ်ဘက်သွားရင်း သူက ကျွန်တော့်ကို သူအိမ်ထဲကို ခေါ်ပါတယ်။ ကျွန်တော်လည်း လိုက်သွားတာပေါ့ဗျာ။ အိမ်ထဲရောက်တော့ စကားနည်းနည်းပြောပြီး နပမ်းလုံးတမ်းကစားမယ်ဆိုပြီး ကစားနေရာက ကျွန်တော်ကို မှောက်ခိုင်းတယ်။ ပြီးတော့ နောက်နေပြီး လက်ကို ကြိုးနဲ့ တုတ်တယ်။ ကျွန်တော်လည်း နောက်နေတာပဲဆိုပြီး ငြိမ်နေတာပေါ့။ လက်တွေ တုတ်ပြီးတော့ ပါးစပ်ထဲပါ အ၀တ်နဲ့ စို့ တော့ ကျွန်တော် နည်းနည်းလန့် လာတယ်။ ဘာမှလည်း မလုပ်နိင် မပြောနိင်။ မျက်လုံးနဲ့ ကြည့်ပြီး သူ့ ကို တောင်းပန်ပြီး စိတ်ထဲက ကြိုးဖြည်ပေးဖို့  ပြောပေမယ့် သူကတော့ အပြင်ထွက်သွားတယ်။

အလူးလူး အလွန်.လွန်.နဲ့ ရုံးကန်ကြည့်ပေမယ့် လက်တွေနာ ကိုယ်တွေနာပေမယ့် မလွတ်သာတော့ဘူး။ ခဏကြာတော့ သူပြန်ရောက်လာတယ်။ ကျွန်တော်ကို ငြိမ်ငြိမ်နေဖို့ ပြောပြီး ခဏကြာရင် စစ်တပ်က လာလိမ့်မယ်။ သူတို့နဲ့ လိုက်သွားပြီး စစ်ထဲမှာဆို ကျွန်တော်ဘ၀ ပိုကောင်းလာမယ်။ အေးအေးဆေးဆေးလိုက်သွား။ မလိုက်ရင် မင်းကိုသတ်လိမ်.မယ်လို့ ပြောတယ်။

မကြာဘူးဗျာ။ သူပြောနေတုန်းဘဲ တက္ကစီတစီးနဲ့  လူနှစ်ယောက် ရောက်လာတယ်။ ကျွန်တော့်ကို လက်ကိုတော့ ကြိုးဖြည်ပြီး ပါးစပ်ထဲက အ၀တ်တော့ မဖယ်ဘဲ တဖတ်တချက်ရံပြီး ခေါ်သွားတယ်။ ကျွန်တော်လည်း ကြောက်တာနဲ့ ငြိမ်ပြီး လိုက်သွားရတယ်။ အဲဒီနောက် ခေါ်သွားခဲ့တဲ့ စစ်တပ်ထဲကနေပြီး နောက်တော့ နောက်တစ်နေရာ ပြောင်းတယ်။ (၅)ရက်ကြာတော့ ဆိုင်ရှင်နဲ့ ဘုန်းကြီးတွေ ရောက်လာပြီး ခေါ်ကြတယ်။ ကျွန်တော်ပြန်ရဖို့  တော်တော့်ကို သူတို့ ပြောကြပြီး ကျွန်တော် ပြန်လိုက်ခွင့်ရလိုက်တယ်။

ပြန်ရောက်ပြီး (၃)ရက်လောက်ထိ ညညဆို ကျွန်တော် အရမ်းကြောက်ပြီး ထထယောင်တတ်လို့  ဆိုင်ရှင်က အထူးဂရုစိုက်ပြီး စောင့်ကြည့်ကူညီပေးခဲ့လို့ သာ ကြောက်စိတ် နည်းနည်းလျော့လာနိင်တာလို့ သိရပါတယ်။

ကလေးမိဘများမှလည်း သားပြန်ရောက်လာတာရယ်၊ ကြောက်တာရယ်ကြောင့် ဘယ်ကိုမှ မတိုင်ကြားရဲကြောင်း၊ ဆိုင်ရှင်ကလည်း ကြောက်တာရယ် စီးပွားရေးကို နှောင့်ယှက်မှာရယ် မိသားစုဒုက္ခရောက်မှာ စိုးတာတွေကြောင့် ဘယ်ကိုမှ ထိရောက်စွာ မတိုင်ကြားရဲကြောင်း။ ကျေတော့ လုံးဝမကျေနပ်နိင်ကြောင်း။ သူ့ ကို ပထမအကြိမ် ခေါ်ယူသွားသော တပ်ကြပ်ကြီးများနှင့် သွားရောက်ပြောစဉ်က မင်းကဘာကောင်လည်း၊ မင်းဆိုင်မှာနေလို့  ဒီကောင်ဘာဖြစ်မှာလည်း စသည်ဖြင့် ပြောဆိုခံခဲ့ရကြောင်း ပြောပြပါတယ်။

“မိုးဒီ” အနေနဲ့  ဒီလိုလုပ်ရဲတာနဲ့  သူဖုန်းဆက်ခေါ်တာနဲ့ မကြာခင် ရောက်လာကြပုံတွေကို ကြည့်ရင် ဒါဟာ ပထမအကြိမ် မဖြစ်နိင်ဘူးလို့ ယူဆကြောင်း စုံစမ်းသိရှိရသဖြင့် ယနေ့ မြန်မာနိင်ငံမှာ လူငယ်တွေဘ၀ဟာလည်း အင်မတန် ရင်လေးစရာကောင်းနေပါသဖြင့် မိုးဒီလို စစ်အလိုတော်ရိများနှင့် လူငယ်လူရွယ်အပေါင်း ကင်းဝေးနိင်စေရန် ရှောင်ရှားကာ သတိထားနိင်စေဖို့  ရေးသားတင်ပြလိုက်ပါတယ်။

မှတ်ချက်။ အဖြစ်အပျက်မှာ အမှန်ဖြစ်သော်လည်း ထိုဆိုင်ရှင်နှင့် ကလေး၏ လုံခြုံရေးအရ လမ်း ရပ်ကွက်နာမည်များ မဖော်ပြနိင်သည်ကို နားလည်ပေးနိင်ကြပါစေ။

ရေးသားသူ - ဇွဲမာန်။

မေလ (၉) ရက်၊ ၂၀၀၉ ခုနှစ်။

No comments: