Monday, June 29, 2009

ကိုယ့် ကိုကိုယ် တိုက်ပေါ်ကနေ ခုန်ချသတ်သေခဲ့တဲ့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးမြင့်လွင်ရဲ့  အဖြစ်အပျက်အကြောင်း။

(၂၃-၆-၀၉) ရက်နေ့  နံနက် ၁၀း၁၅နာရီက ဦးမြင့်လွင် (မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ရုံးအဖွဲ့မှူး) ဟာ စာပေဗိမာန်အဆောက်အဦးပေါ်ကနေ ခုန်ချသတ်သေခဲ့ပြီး ထိုသို့ပြုလုပ်ရခြင်းမှာ အထက်လူကြီး၏ ဖိအားကြောင့်ဟု သေတမ်းစာရေးခဲ့သည်ဟု သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး နအဖအထက်လူကြီးများကနေ သဘာဝဘေးအန္တရာယ်ကြောင့် ခုန်ချသွားခြင်းဖြစ်တယ်လို့ သတင်းလွှင့်ခိုင်းထားပြီး ပြည်တွင်းစာနယ်ဇင်းများကို သတင်းရေးသားဖော်ပြခြင်း မပြုရန်လည်း တားမြစ်ထားကြောင်းသိရှိရပါတယ်။

ကွယ်လွန်သွားခဲ့တဲ့ ဦးမြင့်လွင်ဟာ သေဆုံးချိန်တွင် အသက် (၆၈) နှစ်ရှိပြီဖြစ်ပြီး မြောင်းမြခရိုင် ရန်မြင်နိုင်ကျေးရွာနေ (ဦးမောင်သင် + ဒေါ်သိန်းတင်) တို့ရဲ့  သားကြီးဖြစ်ကြောင်း၊ မကွယ်လွန်မီအချိန်ထိ ဝေဘာဂီမြို့သစ်၊ (၆) ရပ်ကွက်၊ သပြေလမ်း၊ အမှတ်(၁၉၇) မှာ နေထိုင်ခဲ့ကြောင်း သိရှိရပါတယ်။

အဆိုပါ ကိုယ့် ကိုကိုယ် တိုက်ပေါ်ကနေ ခုန်ချသတ်သေခဲ့တဲ့ မြန်မာနိုင်ငံစာပေနှင့် စာနယ်ဇင်းအဖွဲ့၊ ရုံးအဖွဲ့မှူးဖြစ်သူ ဦးမြင့်လွင်ရဲ့  အဖြစ်အပျက်နဲ့ ပတ်သက်ပြီး ထပ်မံသိရှိရသော အချက်များမှာ - နီးစပ်ရာအသိုင်းအ၀ိုင်းများထံမှ ပြောကြားချက်အရ ဦးမြင့်လွင်ဟာ မောင်ဆုရှင် (ဦးမျိုးသန့်) နှင့် ပတ်သက်ဆက်နွှယ်နေသည့် အချက်အလက်များကို သိမ်းဆည်းထားရသူတစ်ဦးဖြစ်ပြီး၊ မောင်ဆုရှင် ကွယ်လွန်ပြီးနောက် ၎င်းအချက်အလက်များကို ဦးသန်းလှိုင် (တက္ကသိုလ်တင်ခ) မှ ပြန်လည်တောင်းယူခြင်းမှစတင်၍ ယခုကဲ့သို့ မိမိကိုယ်ကို သတ်သေရသည့်အဆင့်ထိ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့တောင်းခံစဉ်တွင် ဦးမြင့်လွင်က ၎င်းအချက်အလက်များမှာ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း ပြောဆိုသော်လည်း လက်မခံပဲ၊ ဦးသန်းလှိုင် (တက္ကသိုလ်တင်ခ) မှာ အထက်လူကြီးကို အကြောင်းပြ ချိန်းခြောက်တောင်းခံခြင်းများ အကြိမ်ကြိမ်ပြုခဲ့ကြောင်း၊ မောင်ဆုရှင်နှင့်ပတ်သက်သည့် အချက်အလက်ဆိုသည်မှာ မည်သည့်အချက်အလက်များဖြစ်သည်ကိုမူ မသိရှိရကြောင်း၊ အရေးကြီးအချက်အလက်များ ဖြစ်နိုင်ဖွယ်ရှိကြောင်း ဦးမြင့်လွင်နှင့် နီးစပ်သူအသိုင်းအ၀ိုင်းက ပြောဆိုကြောင်း သိရှိရပါတယ်။

ဦးမြင့်လွင်သည် စာပေဗိမာန်အဆောက်အအုံပေါ်မှ မခုန်ချမီ ပထမအကြိမ်က ကြိုးဆွဲချသေရန် ကြံစည်ခဲ့သော်လည်း ကြိုးပြတ်ကျသဖြင့် အထမမြောက်ခဲ့သည့်အတွက် ယခုလို ဒုတိယအကြိမ် သုံးထပ်တိုက်ပေါ်မှ ခုန်ချခြင်းဖြစ်ပြီး ခုန်ချစဉ်တွင် အသက်မသေဆုံးသေးဘဲ ဆေးရုံရောက်မှ သေဆုံးသွားခြင်းဖြစ်ကြောင်း ထပ်မံသိရှိရပါတယ်။

ဦးမြင့်လွင်အား မိမိကိုယ်မိမိ သေကြောင်းကြံစေရန် လုပ်ဆောင်ခဲ့သူ ဦးသန်းလှိုင် (တက္ကသိုလ်တင်ခ) သည် ယခင်က ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးရုံးတွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး သက်ပြည့်ပင်စင်ရရှိပြီးနောက် နေ့စားဝန်ထမ်းအဖြစ်လုပ်ရန် ကြံစည်ခဲ့သော်လည်း ပြန်ကြားရေးဝန်ကြီးမှ ပယ်ချခဲ့သူဖြစ်ပြီး၊ ထို့နောက် အပြင်စာနယ်ဇင်းတစ်ခုတွင် အယ်ဒီတာရာထူးဖြင့် ၀င်ရောက်လုပ်ကိုင်ခဲ့သူဖြစ်ပြီး၊ ထို့နောက်မှ ဒုတိယအကြိမ် ပြန်ကြားရေးတွင် တာဝန်ထမ်းဆောင်နိုင်ရန်ကြိုးစားခဲ့ရာ ၀န်ကြီးထံမည်သို့ ၀င်လုံးခဲ့သည် မသိ ယခု ဒုတိယအကြိမ်တွင် ၀န်ကြီးမှ မြန်မာနိုင်ငံစာပေနှင့်စာနယ်ဇင်း၊ စာပေဗိမာန်တွင် အကြံပေးဖြစ် တာဝန်ထမ်းဆောင်စေကြောင်း သိရှိရပါတယ်။

ထိုမှစတင်၍ ဦးသန်းလှိုင် (တက္ကသိုလ်တင်ခ) မှာ ၀န်ကြီးဝိတ်ကို နေရာတကာတွင် အသုံးချကာ အောက်လက်ငယ်သားများကို မညှာမတာ ခိုင်းစေခြင်း၊ ဟိန်းဟောက်ခြင်း စသည့် ဟောက်စားအလုပ်ကို တွင်တွင်ကျယ်ကျယ်လုပ်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ကြောင်း၊ ယခု ဦးမြင့်လွင် သေဆုံးခဲ့ရခြင်းမှာလည်း ၀န်ကြီး၏ ၀ိတ်ကိုသုံးကာ နေ့စဉ်နှင့်အမျှ ပြောဆိုချိန်းခြောက်နေရာမှ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

(သတင်းပေးပို့ သူ - အစိမ်းရောက်လွင်ပြင်) ။

(တက္ကသိုလ်တင်ခနဲ့  ပတ်သက်သော ရေးသားချက် တစ်ခု - တောင်သူလယ်သမားများ၏ ဘ၀အခြေအနေမှန်ကို သိရှိရန်နှင့် တကယ့်အဖြစ်မှန်ကို ၀ိုင်းဝန်းဖုံးဖိမထားရန် လိုအပ်ပါသည်။ နအဖ၏တာဝန်ရှိသူများ၊ ဆောင်းပါးရှင် ဆိုသူ များက လယ်သမားတွေမှာ သွပ်မိုးပျဉ်ထောင်အိမ်နဲ့ လျှပ်စစ်မီးနဲ့နေနိုင်ကြပြီဟု ပြောဆိုကြသည်၊ ရေးသားနေကြပါသည်။ အင်မတန်နဲပါးလှသည့် အနဲစုကိုတွေ့မြင်ပြီး ပြောကာဆိုကာနှင့် ရေးသား ကြခြင်း သာဖြစ်ပါလိမ့်မည်။ လယ်သမားအများစုကြီးမှာ ဆင်းရဲမြဲ ဆင်းရဲနေကြပါသည်။ ထုတ်လုပ် စရိတ်ပင် အနိုင်နိုင်ဖြစ်နေရပြီး ၀မ်းစာမနည်းကျန်အောင် လုပ်နေကြရသည်ဟု ငြီးတွားသံများ၊ လယ်မြေအပိုင်စီးမှုကိစ္စများ ကြားသိနေရပါသည်။ သွပ်မိုး ပျဉ်ထောင်အိမ်နဲ့ လျှပ်စစ်မီးနဲ့ နေထိုင်နိုင် ကြပြီဟု ပြောဆိုရေးသားခြင်းမှာ စော်ကားခြင်း တစ်မျိုးပင်ဖြစ်ပါသည်။ တကယ့်အဖြစ်မှန်ဖြစ်သည့် လယ်သမားအများစုကြီး ဆင်းရဲနေတာကို ဖုံးဖိခြင်းပင်ဖြစ်သည်။ ထိုသို့ ၀ိုင်းဝန်းဖုံးဖိကြသူများထဲ တွင် တက္ကသိုလ်တင်ခ၊ ငါးမင်းဆွေ၊ မြင့်စိုး (နတလ) ဆိုသူများ သည် ရှေ့ဆုံးက ပါဝင်ကြပါသည်)။

No comments: