ငါ စစ်ဗိုလ်ဘဲဆိုပြီး လက်လွတ်စပယ် ရမ်းကားလို့ ရတာ နအဖရဲ့  အုပ်ချူပ်ရေးကြောင့်လား။
ဇူလိုင်လ (၁၉) ရက်နေ့  ည (၁၂) နာရီလောက်က ဆရာစံလမ်းက “24 Hour Mark” မှာ လူနှစ်ယောက် ရန်ဖြစ်ကြပါတယ်တဲ့။ ရန်ဖြစ်ကြတဲ့သူ နှစ်ယောက်လုံး မူးနေပါတယ်။ တစ်ယောက်က ပြောက်ကြားစစ်ဝမ်းဆက်နဲ့ပါ။ စကားများနေရင်း ပြောက်ကြားစစ်ဝမ်းဆက်နဲ့ လူက ဘောင်းဘီအိတ်ထဲမှ သေနတ်တစ်လက်ဆွဲထုတ်လိုက်ပြီး ကျန်တစ်ယောက်ရဲ့ နဖူးကို တေ့လိုက်ပါတယ်။
နဖူးကို ချိန်ထားပြီး “ငါ့နာမည် ဗိုလ်ကြီးလှဌေးလှိုင်” လို့ခေါ်တယ်၊ ငါ မနေ့ကမှ ရှေ့တန်းက ပြန်ရောက်တာ ၊ မင်းလိုကောင်ကို ပစ်သတ်လိုက်လို့ ငါဘာမှမဖြစ်သွားကွ” ဆိုပြီး ကြိမ်းမောင်းနေပါတယ်။
အဲ့ဒီအချိန်မှာ ဆိုင်ရှေ့ ကားပေါ်က သူ့ တပည့်တစ်ယောက်ဆင်းလာပြီး တစ်ဘက်က စကားများသူရဲ့  ခေါင်းကို ၀င်ရိုက်လိုက်ပါတယ်။ နောက်တော့ ကားပေါ်ကနေ မိန်းမတစ်ယောက် ထပ်ဆင်းလာပြီး အဲ့ဒီ ပြောက်ကြားစစ်ဝမ်းဆက်နဲ့လူကို အတင်းဆွှဲခေါ်သွားပါတယ်။ မဆွှဲရင် ပစ်တော့မယ့်ပုံပါ။
Mark II 92 Model အဖြူရောင်ကား (နံပါတ် - ၇က/၂၈၈၇) စီးတဲ့ ဗိုလ်ကြီးလှဌေးလှိုင်လို အပြုအမူတွေဟာ အင်မတန် ရိုင်းစိုင်းလွန်းပါတယ်။ တစ်ဘက်က စကားများရန်ဖြစ်တဲ့သူဟာ ဘယ်သူဘဲ ဖြစ်နေပါစေ နှစ်ယောက်လုံး မူးနေလို့  ဖြစ်တယ်ဘဲ ထားပါ။ ငါဟာ ဗိုလ်ကြီး၊ ရှေ့ တန်းကနေ ပြန်ရောက်လာတာ၊ ပစ်သတ်လို့  ဘာမှ မဖြစ်ဖူး ဆိုတဲ့စကားတွေဟာ အာဏာရာထူးကို အလွဲသုံးစားလုပ်ရုံမက တစ်ဘက်သားကို လက်နက်အားကိုးနဲ့  ခြိမ်းခြောက်တာ ဖြစ်ပါတယ်။ ယောင်္ကျားမှန်ရင် သတ္တိတကယ်ရှိရင် တရားသဖြင့် ယှဉ်ပြိုင်ရဲရင် ရာထူးတွေ အာဏာတွေ လက်နက်တွေနဲ့  ခြိမ်းခြောက်တာ အားကိုးတာ မလုပ်ဘဲ လက်ချည်းသက်သက် ယှဉ်ပြိုင်ပါလား။
ဒီလို ထင်ရာစိုင်းလုပ်လို့ ရနေတာ နအဖရဲ့  တရားဥပဒေဆိုတာ ဘာလည်းလို့  မေးလိုပါတယ်။ တပ်မတော်ရဲ့  ဂုဏ်သိက္ခာဆိုတာရော ဘာလည်းလို့  မေးချင်ပါတယ်။
ဒီထက် ပိုမေးချင်တာကတော့ ပြည်သူ့  အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပါတယ်ဆိုတဲ့ စစ်သားအရာရှိတစ်ဦးရဲ့  ရမ်းကားတဲ့ လုပ်ရပ်ဟာ အပြောနဲ့ အလုပ် ညီပါရဲ့ လား ဆိုတာပါ။
ဒီတော့ကာ ဗိုလ်ကြီးလှဌေးလှိုင်လို အာဏာရာထူး အလွဲသုံးစားလုပ်ပြီး ပြည်သူတစ်ဦးအပေါ်မှာ လက်နက်နဲ့  ခြိမ်းခြောက်အနိုင်ယူတတ်တဲ့သူတွေကို နအဖက “တရားဥပဒေ” ဆိုတာနဲ့  လက်တွေ့ ကျကျ အရေးယူ မယူကို စောင့်ကြည့်လိုက်ပါမယ်။
ဒီလို ရမ်းကားစော်ကားသူ ဗိုလ်ကြီးလှဌေးလှိုင်ကို အရေးယူအပြစ်ပေးတာ နအဖရဲ့  သတင်းစာထဲမှာ လူသိရှင်ကြား ပါမလာရင်တော့ နအဖပြောတဲ့ တရားဥပဒေဆိုတာ အလကားဘဲလို့  သတ်မှတ်လိုက်ပါမယ်။
No comments:
Post a Comment