Friday, July 17, 2009

လွမ်းနေမိသော ငယ်ငယ်တုန်းက ဇူလိုင်လ။






















ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆို ဇူလိုင်လ ၀င်လာပြီဆိုတာနဲ့ သတင်းစာတွေ ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းတွေကို အမြဲတွေ့ရတယ်။ အမြဲဖတ်ရတယ်။

ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆို ဇူလိုင်လထဲမှာ ၀င်လာပြီ ဆိုတာနဲ့ မြန်မာ့ အသံနဲ့ ရုပ်မြင်သံကြားမှာ အာဇာနည်နေ့ အမှတ်တယသီချင်းတွေ နဲ့ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေ အမြဲကြည့်ရ၊ ကြားရတယ်။

ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆို ဇူလိုင်လထဲမှာ အာဇာနည်နေ့ နီးလာပြီ ဆိုတာနဲ့ ကျောင်းမှာ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ နားထောင်ရတာ၊ ဆရာမတွေက အတန်းထဲမှာ အာဇာနည်နေ့အကြောင်းတွေ ပြောပြကြတယ်။

ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းနေမိတယ်။ ငယ်ငယ်တုန်းကဆို ဇူလိုင်လမှာ ထုတ်တဲ့ မဂ္ဂဇင်းတွေမှာ အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ အာဇာနည်ခေါင်းဆောင်တွေရဲ့ အကြောင်းတွေကို ဖတ်ရတာ ဖတ်လို့ကို မ၀ဘူး။
ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကို လွမ်းမိတယ်။ အာဇာနည်နေ့ရောက်ပြီဆိုရင် ကစားနေရင်းနဲ့ ဥသြဆွဲသံ၊ ဟွန်းသံ တွေကို နားစွင့်နေရင်း ဥသြဆွဲသံကြားတာနဲ့ ကစားတာတွေကိုရပ်ပြီး အလေးပြုခဲ့ကြတာတွေကို မှတ်မိနေတယ်။

ခုတော့ အရင်တုန်းကနဲ့ မတူတဲ့ ဇူလိုင်လ တွေကိုပဲ ကိုယ်ပိုင်ဆိုင်နေရတယ်။ အာဇာနည်စိတ်ဓါတ်ကို ကျောင်းသားလူငယ် တွေဆီ လက်ဆင့်ကမ်းပေးတာလည်း မတွေ့ရတော့ဘူး။ အာဇာနည်နေ့ရဲ့ အနှစ်သာရဖြစ်တဲ့ စွန့်လွှတ်ခြင်း၊ အနစ်နာ ခံခြင်း၊ တိုင်းပြည်အတွက် ပေးဆပ်ခြင်းဆိုတဲ့ အရာတွေကိုလည်း ကလေးတွေ မသိဘူး၊ မကြားဘူးကြတော့ဘူး။ ခု ကလေးတွေက အာဇာနည်နေ့ရဲ့ အနှစ်သာရကို သိဖို့ ဆိုမထားနဲ့ အာဇာနည်နေ့ ဆိုတာ ဘာနေ့လည်း၊ အဲဒီနေ့ကို ဘာဖြစ်လို့ အားလပ်ရက်အဖြစ် သတ်မှန်ကြတာလည်း၊ အဲဒီနေ့မှာ ကျဆုံးသွားတဲ့ အာဇာနည်တွေက ဘယ်နှစ်ယောက် လည်း၊ ဘယ်သူတွေလည်း၊ သူတို့က ဘာတွေလုပ်ခဲ့လို့ အာဇာနည်လို့ ခေါ်တာလဲ….. လဲ….. လဲ…. လဲ ပေါင်းများစွာ ကို မသိကြတော့ဘူး။ ရင်နာဖို့ကောင်းလိုက်တာ။

ကိုယ်နဲ့ ရင်းနှီးခဲ့တဲ့ လေးစားချစ်ခင်ရတဲ့ အကိုတစ်ယောက်ကတော့ ပြောခဲ့ဘူးပါတယ်… ကိုယ်လုပ်တာတွေ ကောင်းရင်၊ ကိုယ်လုပ်တာကို သူများက ချီးကျူးရင် ကိုယ့်အတွက်ကိုယ် ဂုဏ်မယူပါနဲ့ အဲဒါ ကိုယ်တော်တာမဟုတ်ဘူး။ ကိုယ့်ကို ပြုစု ပျိုးထောင်ပေး၊ အသိပညာတွေပေးခဲ့တဲ့ ကိုယ့်အထက်က၊ ကိုယ့်အရင်က လူတွေ တော်ခဲ့တာ။ ကိုယ်တော်လား မတော်လားဆိုတာကို ကိုယ့်နောက်က ကိုယ်လက်ဆင့်ကမ်းပေးရမယ့်လူငယ်လေးတွေရဲ့ လုပ်ဆောင်မှုနဲ့ တိုင်းရတယ်။ ကိုယ့်နောက်ကလူငယ်လေးတွေ မတော်ရင် ကိုယ်မတော်တာပဲ။ ကိုယ့်အနောက်က လူငယ်လေးတွေ ညံ့ရင် ကိုယ်ညံ့တာ ပဲ တဲ့။ ဒီလိုဆို ခုခေတ် လူငယ်လေးတွေ အာဇာနည်နေ့အကြောင်းကို မသိကြတော့တာ ဘယ်သူတွေ ညံ့လို့လည်း။
ကိုယ်ကတော့ ငယ်ငယ်တုန်းက ဇူလိုင်လလေးတွေကိုပဲ ပြန်လွမ်းနေမိတယ်။ ခုခေတ် လူငယ်လေးတွေကို ငယ်ငယ်တုန်း က ဇူလိုင်လမှာ ထုတ်တဲ့ သတင်းစာတွေ၊ မဂ္ဂဇင်းတွေ ပေးဖတ်ချင်တယ်။ ငယ်ငယ်တုန်းက ကျောင်းမှာ ဟောပြောခဲ့တဲ့ ဆရာမကြီးတွေရဲ့ ဟောပြောပွဲတွေကို ပြန်နားထောင်စေချင်တယ်။ ငယ်ငယ်တုန်းက ဇူလိုင်လမှာ လွှင့်ခဲ့တဲ့ အာဇာနည် နေ့သီချင်းတွေကို ပြန်နားထောင်စေချင်မိတယ်။ ငယ်ငယ်တုန်းကလို အာဇာနည်ခေါင်းဆောင်ကြီးတွေ ကျဆုံးချိန်မှာ ဆွဲလာမယ့် ဥသြသံကို နားစွင့်နေမိတယ်။ ကိုယ်လေ ကိုယ့်နောက်က နောင်လာနောက်သားတွေကို အာဇာနည်နေ့ဆိုတာ ကတော့ ဒီလိုပဲဟေ့ ဆိုပြီး ပြောပြချင်နေမိတယ်။

ဘာပဲ ဖြစ်ဖြစ်ပေါ့လေ….. ကိုယ်… ငယ်ငယ်တုန်းက ကိုယ်ကြုံတွေ့ခဲ့ရတဲ့၊ ကိုယ်ဖြတ်သန်းခဲ့ရတဲ့ ဇူလိုင်လလေးတွေကို တော့ လွမ်းနေမိပါတယ်။

(ရေးသားသူ - မေမင်းဆက်)။

No comments: