ဒီမိုကရေစီကို ကာကွယ်ကြ ( အပိုင်း - ၃ နှင့် ၄ )။
ဒီမိုကရေစီကို ကာကွယ်ကြ ( အပိုင်း - ၃) ။
ဂရိနိုင်ငံများ။
ရှေးခေတ် ဂရိလူမျိုးများဟာလည်း လူ့ ဘ၀ရဲ့ ဂုဏ်သိက္ခာကို ရိုသေလေးစားတတ်ကြတာကို တွေ့ ရပါတယ်။ ဒီမိုကရေစီ ဆိုတဲ့ဝေါဟာရဟာ ဂရိတို့ ရဲ့ ဝေါဟာရပါဘဲ။ အဓိပ္ပါယ်ကတော့ ” လူအများရဲ့ အုပ်ချုပ်ရေး“ လို့ အဓိပ္ပါယ် ရပါတယ်။ ရှေးခေတ်ဂရိလူမျိုးများဟာ ဒီမိုကရေစီစနစ်အရ တိုင်းပြည်ကို အုပ်ချုပ်သူများ ဖြစ်တယ်။ သူတို့ မှာ အက်ကလီရှာ လို့ ခေါ်တဲ့ ပြည်သူ့ဆန္ဒဖြင့် ရွေးကောက်တင်မြောက်တဲ့ အုပ်ချုပ်ရေးအဖွဲ့ ရှိတယ်။ အသက် (၁၈) နှစ်ပြည့်တဲ့ ဂရိနိုင်ငံသားတိုင်းဟာ ဒီအဖွဲ့ အတွက် မဲဆန္ဒပေးပိုင်ခွင့်ရှိပြီး အစည်းအဝေးမှာ ပါဝင်ပြောဆို ဆောင်ရွက်ခွင့် ရရှိကြတယ်။
ယခုတိုင် ကျော်ဇောထင်ရှားတဲ့ ရှေးခေတ် ဂရိပုဂ္ဂိုလ်ထူး နှစ်ဦးအနက် ဆိုလွန်ဆိုတဲ့ ဂရိပုဂ္ဂိုလ်ကြီးဟာ မည်သူမဆို ဆင်းရဲချမ်းသာမရွေး တရားဥပဒေရဲ့ မျက်မှောက်မှာ အခွင့်အရေး အညီအမျှ ရရှိနိုင်ကြအောင် ဥပဒေကောင်းများကို ပြုခဲ့တယ်။ ဂျူရီလူကြီးစနစ်ဖြင့် တရားကို စီရင်ဆုံးဖြတ်စေတယ်။ ပရီကလီ မင်းကြီးဟာ အက်ကလီရှာအဖွဲ့ အတွက် မဲပေးနိုင်ပြီး ပါဝင်ဆောင်ရွက်နိုင်စေရန် အဖွဲ့ ဝင်ရဲ့ အသက်ကို (၁၈) နှစ် သတ်မှတ်ခဲ့တယ်။ တရားသူကြီးများကို ရွေးကောက်တင်မြောက်တဲ့စနစ်ဖြင့် ခန့် ထားစီရင်စေတယ်။ ရှေးခေတ်ရောမမင်းများထဲက ဆိုရင်လည်း ဂျက်စတီနီယန်မင်းဆက်ဟာ ယခုတိုင် ကျော်စောတယ်။ ဒီမင်းဟာ ရှေးမင်းအဆက်ဆက်က ပြဌာန်းခဲ့တဲ့ဥပဒေတွေ၊ အမိန့် တော်တွေကို ပြန်လည်လေ့လာစေပြီး တရားမျှတမှု ရှိလာစေရန် တစုတပေါင်း ပြုပေးခဲ့တယ်။
ဒီနောက် ဂရိနိုင်ငံတွေ ရောမနိုင်ငံတွေ ပျက်သုဉ်းသွားကြတဲ့အခါ ဥရောပတိုက်ကြီးမှာ မငြိမ်မသက်ဖြစ်ပြီး သူတလူ ငါတမင်းတွေ ပေါ်လာကြတယ်။ ဒီအခါ မင်းတွေဟာ သူတို့ ကိုယ်ကို သူတို့  သက်ဦးဆံပိုင် လောက သမုတိနတ်လို့ အထင်ရောက်ပြီး ကိုယ်ထင်ရာ ကိုယ်စိုင်းလာကြပြန်တယ်။ တရားတော်တွေလဘ်း ရှိပါရဲ့၊ ရှေးက ဥပဒေကောင်းတွေလည်း ရှိပါရဲ့ ၊ ဒါပေမယ့် ဒီတရားတော်တွေ ဥပဒေကောင်းတွေကို သူတို့ က မလိုရင် မလိုသလို ပစ်ပယ်ပြီး ထင်ရာစိုင်းကြတယ်။ ဒီတော့ တိုင်းသူပြည်သားတွေမှာ လူ့ လွတ်လပ်ရေး ဆုံးရှုံးကြရတယ်။ လူ့ လွတ်လပ်ရေး ဆုံးရှုံးတော့ ဒီမိုကရေစီလည်း ဆိတ်သုဉ်းရတယ်။ ဒီမိုကရေစီလည်း ဆိတ်သုဉ်းတော့ လူတွေဟာ အုပ်ချုပ်မင်းလုပ်သူတွေရဲ့  မထီလေးစား ပြုကျင့်ခြင်းကို ခံကြရတယ်။
ဒီတော့ လူ့ဘ၀ရဲ့  ဂုဏ်သိက္ခာဆိုတာ မရှိတော့ဘူး။ လူဟာ လူနဲ့ မတုတော့ပဲ တိရိစ္ဆာန်သာသာလောက်ပဲ ဖြစ်လာတယ်။ ဒီလို ကံဆိုးမိုးမှောင်ကျတဲ့ ခေတ်ကြီးထဲမှာ လင်းရောင်ခြည်ကလေး ပေါ်ထွက်လာပြန်တယ်။ ဒီမိုကရေစီလမ်းစဟာ ပြန်ပေါ်လာတယ်။
ဒီမိုကရေစီကို ကာကွယ်ကြ ( အပိုင်း - ၄)။
မဟာစာချုပ်။
ဒီလင်းရောင်ခြည် ဒီ ဒီမိုကရေစီ လမ်းစ ပေါ်ထွက်လာရာဟာ တခြား မဟုတ်ဘူး။ အင်္ဂလန်နိုင်ငံဘဲ။ အခုအခါမှာဆိုရင် အင်္ဂလန်နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံဘဲ။ ဒီနိုင်ငံမှာ တိုင်းသုပြည်သားတွေဟာ ပြည်သူ့ကိုယ်စားလှယ် ပါလီမန် အမတ်တွေကို ရွေးကောက်တင်မြောက်ကြတယ်။
ရွေးကောက်ပွဲပြီးလို့  ပါလီမန်အစည်းအဝေး ကျင်းပကြတဲ့အခါမှာ အမတ်များရာက ၀န်ကြီးချုပ်ကို ရွေးတယ်။ ၀န်ကြီးချုပ်က သက်ဆိုင်ရာ ၀န်ကြီးများကို ခန့် ထားပြီး အစိုးရအဖွဲ့ ကို ဖွဲ့ စည်းတယ်။ ဒီအစိုးရအဖွဲ့ ဟာ ပြဌာန်းထားတဲ့ ဥပဒေများနဲ့ အညီ တိုင်းပြည်ကို အုပ်ချုပ်သွားတယ်။
ပါလီမန်သက်တမ်း ကုန်ဆုံးတဲ့အခါမှာ ရွေးကောက်ပွဲအသစ် ကျင်းပပြီး ဆောင်ရွကိမြဲအတိုင်း ဆောင်ရွက်ပြန်တယ်။ ဒီလိုအုပ်ချုပ်ရေးမျိုးကို ဒီမိုကရေစီအုပ်ချုပ်ရေးလို့ ခေါ်တယ်။ အင်္ဂလန်မှာရှိတဲ့ အုပ်ချုပ်ရေးစံနစ်ဟာ ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ပါဘဲ။ ကျွန်တော်တို့  ပြည်ထောင်စုမြန်မာနိုင်ငံမှာလည်း ဒီစံနစ်မျိုးအတိုင်း အုပ်ချုပ်နိုင်အောင် ဖွဲ့ စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကြီးကို ၁၉၄၇ ခုနှုစ်မှာ တိုင်းပြည်ပြုလွတ်တော်က ရေးဆွဲ အတည်ပြုခဲ့တာဟာ အထင်အရှား ဖြစ်ပါတယ်။
ကောင်းပြီ။ အင်္ဂလန်နိုင်ငံရဲ့  လက်ရှိအုပ်ချုပ်ရေးစနစ်ဟာ ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်ဖြစ်တယ် ဆိုတာတော့ သိပါပြီ။ ဒါပေမယ့် ဒီစနစ်ဟာ အင်္ဂလန်ပြည်ပေါ်ကို မိုးကျရွှေကိုယ်လို မိုးပေါ်က ကျလာတာလား။ ဘယ်ဟုတ်မလဲ။ အင်္ဂလန်ပြည်သူ ပြည်သားတွေဟာ ဒီမိုကရေစီ အုပ်ချုပ်ရေးစံနစ်မျိုးကို တင်းပြည့်ကျပ်ပြည့် ရရှိလာအောင် ဆယ့်သုံးရာစုလောက်က စပြီး နှစ်ပေါင်း ငါးရာလောက် ကြိုးပမ်းခဲ့ကြရတယ်။ ဒီကာလအတွင်းမှာ အင်္ဂလန်ပြည်သူပြည်သားတွေဟာ အင်္ဂလိပ်လောက သမုတိနတ်မင်း (မင်းဆိုးတွေ) တွေကို တစ်မင်းပြီး တစ်မင်း တော်လှန်ခဲ့ကြတယ်။
တော်လှန်ကြရာမှာ ပြည်သူ့အင်အားစုတွေကို စည်းရုံးပြီး တော်လှန်ကြရတယ်။ သွေးချေုာင်းစီးခဲ့ကြရတယ်။ အရိုးတောင်လို ပုံခဲ့ကြရတယ်။
ဒါပေမယ့် အင်္ဂလန်ပြည်သူပြည်သားတွေဟာ ဒီမိုကရေစီအုပ်ချုပ်ရေးအတွက် တဗိုလ်ကျ တဗိုလ်တက် စနစ်နဲ့ တော်လှန်ခဲ့ကြတယ်။ ရှုံးတဲ့အခါတွေလည်း ရှိခဲ့ကြတယ်။ အောင်မြင်တဲ့အခါတွေလည်း ရှိခဲ့ကြတယ်။ ဒါပေမယ့် ဇွဲမလျှော့ပဲ တော်လှန်ခွင့်ရတိုင်း တော်လှန်လာလိုက်ကြတာဟာ ဆယ့်သုံးရာစုလောက်ကျမှ သူတို့ အလိုရှိတဲ့ ဒီမိုကရေစီအုပ်ချုပ်ရေးစံနစ်ကို ရရှိလာခဲ့ကြတယ်။
အင်္ဂလန်ပြည်သူလူထုဟာ ဒီမိုကရေစီအတွက် ဘယ်လိုကြိုးပမ်းကြရသလဲ။ အင်္ဂလန်နိုင်ငံမှာ ဒီမိုကရေစီလမ်းစဟာ ၁၂၁၅ ခု နှစ်မှာ ပေါ်လာတယ်။ ဒီအခါတုန်းကဆိုရင် အင်္ဂလိပ်မင်းဟာ “ဂျွန်” ဖြစ်တယ်။ “ဂျွန်” ဟာ သူ့ကိုယ်သူ လောက သမုတိနတ်လို့ ထင်တယ်။ ဘာပဲလုပ်လုပ် သူလုပ်တာ မှန်တယ်၊ တရားတယ်လို့ သူထင်တယ်။ ထင်တဲ့အတိုင်းလည်း လုပ်တယ်။ သူလုပ်တာတွေဟာ လူ့လွတ်လပ်ရေးအန္တရာယ်တွေဘဲ။ လူ့ဘ၀ ဂုဏ်သိက္ခာရဲ့ ဆူးငြောင့်ခလုတ်တွေဘဲ။ အင်္ဂလန်မှာ တရားတော်တွေလည်းရှိပါရဲ့ ။ ဥပဒေကောင်းတွေလည်း ရှိပါရဲ့ ။ ဒါပေမယ့် “ဂျွန်”ဟာ တရားတော်တွေ ဥပဒေကောင်းတွေကို ဘေးချိတ်ပြီး သူထင်ရာလုပ်တယ်။ သူမကြိုက်ရင် ဖမ်းတယ်။ မစစ်ဆေးဘဲ ထောင်သွင်းအကျဉ်းချတယ်။ သတ်တယ်။ ငွေဒဏ်ရိုက်တယ်။ စည်းစိမ် ဥစ္စာတွေကို သိမ်းတယ်။ ဒီအခါမှာ နယ်စား မူးမတ်ကြီးတွေကတောင် မခံမရပ်နိုင် ဖြစ်လာကြတယ်။
ဒါကြောင့်မို့ အမတ်ကြီးတွေ အချင်းချင်း တိုင်ပင်စည်းရုံးပြီး အစည်းအရုံး ဖြစ်လာတဲ့အခါမှာ ဘုရင် “ဂျွန်” ကို မဂ်ဂနာကားတား လို့ ခေါ်တဲ့ မဟာစာချုပ်မှာ လက်မှတ်အထိုးခိုင်းတယ်။ ဘုရင်က လက်မှတ်မထိုးရင် မူးမတ်တွေက စစ်ထိုးရလိမ့်မယ်လို့  မှူးမတ်တွေက “ ဂျွန်” ကို ခြိမ်းခြောက်တယ်။
“ဂျွန်” လည်းကြောက်ကြောက်နဲ့  လက်မှတ်ထိုးလိုက်ရတယ်။ ဒီမဟာစာချုပ်ရဲ့ အလိုအရ ရှင်ဘုရင်ဟာ နိုင်ငံတော်ရဲ့  ဥပဒေအရမှတပါး တိုင်းသူပြည်သားတွေကို မဖမ်းပါ မချုပ်နှောင်ပါ၊ ပစ္စည်းဥစ္စာတွေ မသိမ်းပါလို့  ကတိပေးရတယ်။ အမှုအခင်း ဖြစ်ပွါးလာရင် တရားမျှတအောင် ပြုလုပ်ပေးပ့ါမယ်လို့  ကတိပေးရတယ်။ ရာဇ၀တ်မှု ကျူးလွန်မိတဲ့အတွက် ငွေဒဏ်တပ်တဲ့အခါမှာ ဆင်းရဲမွဲပြာကျသွားအောင် ငွေဒဏ်မတပ်ပါလို့  ကတိပေးရတယ်။ ကုန်ပစ္စည်းများကို ရောင်းနိုင်အောင် ကုန်သည်များအား လွတ်လပ်စွာ သွားလာခွင့်ပေးပါ့မယ်လို့  ကတိပေးရတယ်။ လယ်သမားများထံမှာ ကောက်ပဲသီးနှံများကို ယူတဲ့အခါ လျော်ကြေးပေးပြီး ယူပါ့မယ်လို့ ကတိပေးရတယ်။ “ဂျွန်” ဟာ ဒီလိုကတိတွေကို ပေးပြီး မဟာစာချုပ်မှာ လက်မှတ်ရေးထိုးလိုက်ရတယ်။
ဒီလို မဟာစာချုပ်ကို ဘုရင်“ဂျွန်” ဟာ လက်မှတ်ရေးထိုးလိုက်ရတဲ့အတွက် ထင်ရာလုပ်ချင်တတ်တဲ့ မင်းရဲ့ အာဏာဟာ အကန့် အသတ်နဲ့ ဖြစ်လာရတယ်။ တနည်းအားဖြင့်ဆိုရရင် မင်းဟာ ပြည်သူ့ အလိုကိုလည်း လိုက်နာလာရတယ်။ ပြည်သူတို့ ရဲ့  လွတ်လပ်မှုအခွင့်အရေးကို လေးစားလာရတယ်။ ဒီတော့ မင်းဆိုပေမယ့် ထင်တိုင်း မကျင့်ရဘူးဆိုတဲ့ သဘောတရားရယ်၊ ပြည်သူလူထုရဲ့  လူ့ လွတ်လပ်ရေးနဲ့  လူ့အခွင့်အရေးတို့ ဟာ သက်ဦးဆံပိုင်ဆိုတဲ့ အာဏာထက်ပိုပြီး အရေးကြီးတယ်ဆိုတဲ့ သဘောတရားရယ်၊ ဒီသဘောတရားနှစ်ခုဟာ ဒီမိုကရေစီရဲ့  အခြေခံသဘောတရားများအနေနဲ့  “ဂျွန်” ဘုရင်လက်ထက်က စပြီး ထင်ရှားလာကြတယ်။
(ဆက်လက်၍ တင်ပြပါဦးမည်)။
(၁၉၅၉ ခုနှစ်က ရေးသားထုတ်ဝေခဲ့တဲ့ မြန်မာနိုင်ငံ ၀န်ကြီးချုပ်ဟောင်း ဦးနုရဲ့  “ဒီမိုကရေစီ ကာကွယ်ကြ” စာအုပ်အား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါတယ်)။
ဒီစာအုပ်အား စာရိုက်၍ ပြန်လည်ဖေါ်ပြပေးသော ရွှေဆည်းဆာအား အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်)။
No comments:
Post a Comment