Tuesday, August 11, 2009

လူထုခေါင်းဆောင်ကို ထိရင် လူထုက မခံဖူးဆိုရင် လူထုတိုက်ပွဲကို လက်တွေ့ ဆင်နွဲကြပါ။

ယနေ့ အင်းစိန်ထောင်ဝန်းကျင်လှုပ်ရှားမှုနှင့်ပတ်သက်၍ လှုပ်ရှားမှုအချို့ ရှိခဲ့ပါသည်။ အဆိုပါ လှုပ်ရှားမှုနှင့်ပတ်သက်၍ ကြိုတင်စီစဉ်မှုအချို့ ပြုလုပ်ခဲ့ပါသည်၊ ရန်ကုန်မြို့ အပါအ၀င် အခြားမြို့နယ်များမှ အင်အား (၃၀၀) ခန့်သည် ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ်အပြစ်ချခဲ့ပါက အိမ်မပြန်ကြေး လှုပ်ရှားမှုပြုလုပ်ရန် စီစဉ်ခဲ့ကြပါသည်။

သို့သော် အင်းစိန်ထောင်ဝန်းကျင်တွင် စတင်ရန် အခွင့်အလမ်း မရခဲ့သဖြင့် ဒေါ်အောင်ဆန်းစုကြည်အား အမိန့်ချလိုက်သည့်အချိန်တွင် ဆက်လက်ချီတက်ရန် အစုအဖွဲ့အား ဦး ဆောင်သည့် ကိုမြင့်စိုး(တွံတေး) နှင့်မလှသန်းတို့မှ အဖွဲ့ချုပ်ကို ချီတက်ကြမယ်ဟူ၍ အော်ဟစ်လှုံ့ဆော်၍ စတင်ချီတက်ခဲ့ကြပါသည်။

အင်းစိန်ဂုံးတံတားကျော်သည်ထိစီ တန်းလမ်းလျှောက်ခဲ့ကြရာ၊ ဘောလုံးကွင်းဒေါင့်အရောက်တွင် ဘယ်သွားကြမလဲဟုမေးကာ အသင့်စောင့်ဆိုင်းနေသော ရဲလုံထိန်းများ၏ ကားပေါ်သို့ အတင်းအဓမ္မဆွဲတင်ခြင်း ခံခဲ့ကြရသည်။

ထိုအချိန်မှစ၍ လူအုပ်စုမှာ ကွဲသွားပြီး အချို့ မှာ လိုင်းကားများပေါ်သို့ တက်ပြေးခဲ့ကြသည်။ ယဉ်ထိန်းရဲများမှကားများကို တားပေးပြီး လုံထိန်းများက ကားပေါ်ထိလိုက်၍ ဖမ်းဆီးကာ ကားများပေါ်သို့ ဆွဲတင်ခြင်းခံခဲ့ရသည်။

အဆိုပါကားများဖြင့် တင်ဆောင်ခေါ်သွားခဲ့ပြီး လူရှင်းသည့်နေရာအရောက်တွင် သွားချင်ရာသွားကြ တော့ဟုဆိုကာ ပြန်လွှတ်ပေးခဲ့ကြောင်း ဖမ်းဆီးခံခဲ့ရာတွင်ပါဝင်သူများက ပြောပြ၍ သိရှိရပါသည်။

ရန်ကုန်။ တွံတေး။ ကွမ်းခြံကုန်း၊ ကော့မှူး ၊ ပဲခူးအနောက်ခြမ်းဘက်မှ အဖွဲ့ချုပ် အဖွဲ့ဝင်အချို့  ၊ သာမန်တက်ကြွလှုပ်ရှားသူများနှင့် သာမန်ပြည်သူများ ပါဝင်ခဲ့ကြသည်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား မတရားအမိန့် ချလိုက်ခြင်းအပေါ် နအဖအား ပြည်သူလူထုအနေဖြင့် ရဲဝန့် စွာ ပူးပေါင်းပါဝင်တော်လှန်ကြရန် အထူး ပန်ကြားအပ်ပါသည်။

No comments: