“နိုင်ငံရေးအကျဉ်းသား” ဆိုတာ “နိုင်ငံသား အကျဉ်းသား” မဟုတ်။ “အာဏာသိမ်းသောနေ့ ” မဟုတ်၊ “အာဏာရူးများ အာဏာလုယူသောနေ့ ” ဖြစ်တယ်။
နအဖ သတင်းစာထဲမှာ “နိုင်ငံသား အကျဉ်းသား” လို့  သုံးထားတော့ နအဖကလည်း “နိုင်ငံသား အာဏာရူးအဖွဲ့  (နအဖ)” လို့  သတ်မှတ်ရမယ်။ မြန်မာပြည်ကို နိုင်ငံခြားက နိုင်ငံခြားသားက အာဏာလုပြီး အုပ်ချူပ်ထားတာမှ မဟုတ်တာ။
နိုင်ငံသား အာဏာရူးတွေဘဲ ပြည်သူ့ အာဏာကို မဆလတစ်ပါတီအာဏာရှင်လက်အောက်မှာ ၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့  တုန်းက ပထမအကြိမ်၊ ဒီနေ့  စက်တင်ဘာ (၁၈) ရက်နေ့  ၁၉၈၈ ခုနှစ်တုန်းက ဒုတိယအကြိမ် လုယူခဲ့လို့ ပြည်သူတွေ အသက်ပေါင်းများစွာ မိစ္ဆာကောင်တွေရဲ့ သေနတ်အောက်မှာ အသက်ပျောက်ခဲ့ကြရတယ်၊ ပြည်သူတွေ ချုပ်နှောင်ပိတ်လှောင်ထားတဲ့ သံတိုင်တွေနောက်မှာ ဘ၀တွေ အမှောင်ကျနေကြရတယ်၊ ပြည်သူတွေ အိုးအိမ်စည်းစိမ်တွေ ပျက်စီးဆုံးရှုံးကြရတယ်၊ ပြည်သူတွေ မိသားစုတွေ တကွဲတပြားနဲ့  ဝေးကွာကြရတယ်၊ ပြည်သူတွေ လူစင်မမီကြရတဲ့ နိမ့် ကျနေရတဲ့ ဘ၀တွေ ပိုင်ဆိုင်ကြရတယ်၊ ပြည်သူတွေ အနာဂတ်လှပဖို့  မပြောနဲ့  နေ့ စဉ် စားဝတ်နေရေးအတွက် ပူပင်သောကရောက်နေကြရတယ် - ဒါတွေဟာ အာဏာရူးတွေ အာဏာမက်မောပြီး ဆုပ်ကိုင်တွယ်တာ မက်မောနေကြလို့ ဘဲ ဖြစ်တယ်။
မြန်မာပြည်မှာ တိုင်းပြည်အကျိုး လူမျိုးအကျိုးအတွက် ပြည်သူတိုင်း ဘ၀လုံခြုံပြီး လူသားအခွင့်အရေးအပြည့်အ၀နဲ့  စားဝတ်နေရေး မပူပင် မကြောင့်ကြရတဲ့ ဘ၀တွေ ပိုင်ဆိုင်ရရှိစေဖို့ အတွက် ယုံကြည်ချက် အပြည့်အ၀၊ စွန့် လွှတ်အနစ်နာခံမှု အပြည့်အ၀၊ ဖွဲလုံ့ လ ကြိုးပမ်းမှု အပြည့်အ၀နဲ့  နိုင်ငံ့အရေးကို လုပ်ဆောင်နေကြတဲ့ အမျိုးသားနိုင်ငံရေးသမားတွေ အများကြီးရှိကြတယ်။ ဒီ အမျိုးသားနိုင်ငံရေးသမားတွေဟာ အာဏာရူးတွေရဲ့  လက်ချက်ကြောင့် ဘ၀တွေ ပေးဆပ်သွားကြရတယ်၊ ဘ၀တွေ ပေးဆပ်နေကြတယ်၊ ဘ၀တွေ ပေးဆပ်ကြဦးမှာ ဖြစ်တယ်။
နိုင်ငံ့အရေးကို လုပ်နေကြတဲ့ အမျိုးသားနိုင်ငံရေးသမားတွေ မတရား အကျဉ်းချခံနေကြရတယ်။ သူတို့ ဟာ “နိုင်ငံသား အကျဉ်းသား” ဆိုပြီး နအဖကနေ အခြားသော ရာဇ၀တ်မှုကို ကျူးလွန်ဖောက်ဖျက်ကြတဲ့ လိမ်လည်ခိုးယူလုယက်သတ်ဖြတ် အစရှိတဲ့ အကျဉ်းသားတွေနဲ့  တူသလိုလို ရောချပြောဆိုလို့  မရဖူး။
ဒီလိုပြောမယ်ဆိုရင် နအဖဟာ ထိပ်ဆုံးက ရာဇ၀တ်မှု ကျူးလွန်သူဘဲ ဖြစ်တယ်။ ပြည်သူ့ အာဏာကို မတရားလုယူထားတယ်၊ တိုင်းပြည်ရဲ့  သဘာဝသယံဇာတတွေကို အလွဲသုံးစားလုပ်နေတယ်၊ ရဟန်းရှင်လူပြည်သူအပေါင်းကို သတ်ဖြတ်ခဲ့တာ ကမ္ဘာက အသိဘဲ၊ မုသားစကားတွေ ပြောပြီး လိမ်လည်လှည့်ဖြားနေတာ အမြဲတန်းဘဲ ဖြစ်တယ်၊ နအဖလက်အောက်မှာ တိုင်းရင်းသူတွေ အပါအ၀င် တိုင်းပြည်ရဲ့  အမျိုးသမီးကောင်းတွေရဲ့  ဘ၀တွေကို အနုနည်းနဲ့ ရော အကြမ်းနည်းနဲ့ ပါ ဖျက်ဆီးတယ် ပျက်ဆီးစေတယ်၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုတွေမှာ တိုက်ရိုက်ရော သွယ်ဝိုက်လို့ ရော ပါဝင်ကြတယ်။ ဒီလို ခိုးတယ်၊ လုယုတယ်၊ လူသတ်တယ်၊ မုသားစကား ပြောဆိုတယ်၊ အဓမ္မကျင့်ကြံဆောင်ရွက်တယ် အစရှိတာတွေဟာ ဥပဒေချိုးဖောက်တာ ရာဇ၀တ်မှု ကျူးလွန်တာဘဲ ဖြစ်တယ်။ ဒါကြောင့် နအဖကိုယ်တိုင်က ပြောတဲ့ “နိုင်ငံသား အကျဉ်းသား” အနေနဲ့  အပြစ်ပေးရမှာ ထိပ်ဆုံး ရှေ့ ဆုံးက ဖြစ်တယ်။ တရားဥပဒေများကို ဖောက်ဖျက် ကျူးလွန်လွန်းသူဟာ နအဖအာဏာရူးတွေသာ ဖြစ်တယ်။ အခုပြောတာတွေ မှန် မမှန်ကို မြန်မာတစ်နိုင်ငံလုံးမပြောတဲ့ တကမ္ဘာလုံးက ပြည်သူတွေရဲ့  သဘောဆန္ဒအမှန်ကို လွတ်လွတ်လပ်လပ် မဲဆန္ဒခံယူကြည့်လိုက်ပါလား။
ယနေ့  နအဖလုပ်ဆောင်ပြနေတဲ့ ဟန်ဆောင်ပန်ဆောင် နာမည်ကောင်းယူပြီး လွတ်ငြိမ်းသက်သာခွင့် ပေးပြီး လွတ်တယ်လို့  လုပ်ပြနေတာ အာဏာရူးတွေ မတရားဖမ်းလို့  အဖမ်းခံနေရတဲ့သူတွေကို မတရားဖမ်းတဲ့သူက လွှတ်ပေးဖို့  မပြောနဲ့  အစကတည်းက ဖမ်းသင့်တဲ့ဟာမျိုး မဟုတ်တာနဲ့  ကြည့်ရင် “ငပြူးကများ ငပြဲလုပ်သေးတယ်” ဆိုတဲ့စကားနဲ့ တောင် မလုံလောက်လို့  “ခွေးပါးစပ်က နတ်စကားထွက်တယ်” ပြောရရင် တိရိစ္ဆာန် ခွေးကတောင် သူတို့ နဲ့  မနှိုင်းပါနဲ့  ဆိုပြီး ထ နာဦးမယ်။
မြန်မာပြည်မှာ နိုင်ငံ့အရေးဖြစ်တဲ့ တိုင်းပြည်နဲ့  လူမျိုးအကျိုးအတွက် လုပ်ဆောင်ကြလို့  မတရားအကျဉ်းကျနေကြရတဲ့ “နိုင်ငံရေး အကျဉ်းသား” တွေ နအဖအာဏာရူးတွေရဲ့  ထောင်တွေထဲမှာ ရှိနေတယ်။ ဒီ နိုင်ငံရေးအကျဉ်းသားတွေမှာ မည်သည့် ရာဇ၀တ်မှုကိုမှ ကျူးလွန်တာ မည်သည့် တရားဥပဒေကိုမှ ဖောက်ဖျက်တာ မရှိဖူး။ ယုံကြည်ချက် ခံယူချက်ကြောင့် မတရား အကျဉ်းချခံနေရသော နိုင်ငံရေးအကျဉ်းသားများသာ ဖြစ်တယ်။
မြန်မာနိုင်ငံရဲ့  ပြည်သူ့ အာဏာကို မတရား လုယူထားတဲ့ နိုင်ငံသားအာဏာရူး နအဖတွေသာ ရာဇ၀တ်မှုတွေ ကျူးလွန်နေတယ်၊ တရားဥပဒေတွေကို ချိုးဖောက်နေတယ်။ တရားဥပဒေကို အချိုးဖောက်ဆုံးဖြစ်နေတဲ့ နအဖအာဏာရူးတွေကိုသာ အရေးယူအပြစ်ပေးရမယ်ဆိုရင် “နိုင်ငံသားအကျဉ်းသား” ဟာ နအဖတွေဘဲ ဖြစ်မယ်။
စက်တင်ဘာလ (၁၈) ရက်နေ့  “အာဏာသိမ်း” တယ်ဆိုတာထက် အာဏာရူးတွေ ပြည်သူ့ အာဏာကို မတရာလုယူသိမ်းပိုက်တာ ဖြစ်လို့  “အာဏာရူးများ အာဏာလုယူသောနေ့ ” လို့  ခေါ်ဝေါ်သတ်မှတ်တယ်။
အာဏာရူးတွေရဲ့  ထောင်တွေအတွင်းမှာ “နိုင်ငံရေးအကျဉ်းသား” တွေ အမြောက်အမြား ကျန်ရှိနေသေးတယ်။
(နစ်နေမန်း) ။
Burma's forgotten prisoners
No comments:
Post a Comment