သံဃာ့သွေး မြေကျခဲ့ရခြင်း နှစ်ပတ်လည် လှုပ်ရှားမှု ပြုလုပ်ကြ။
နအဖမှ လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မနေ့  စက်တင်ဘာလ (၂၆) ရက်နေ့  စနေနေ့ နံနက်တွင် ရန်ကုန်မြို့၊ မြို့ နယ်အချို့ ၌ ကျောင်းသားလူငယ်များမှ နအဖဆန့်ကျင်ရေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြသည်။
ရွှေဝါရောင်တော်လှန်ရေးအတွင်း သံဃာတော်များ သွေးမြေကျခဲ့ရသည့် အထိမ်းအမှတ်အဖြစ် လမ်းမများပေါ်တွင် ဆေးနီများ လိုက်လံပက်ဖြန်းကာ နအဖ ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့ကြသည်။
အဆိုပါလှုပ်ရှားမှုကို ၂၀၀၇ မျိုးဆက်ကျောင်းသားသမဂ္ဂ ကျောင်းသားများနှင့် အခြားတော်လှန်ရေးအင်အားစုများ ပူးပေါင်းပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ လှုပ်ရှားမှု၏ အဓိကရည်ရွယ်ချက်မှာ သံဃာများသွေးမြေကျခဲ့ရခြင်းကို မြန်မာတနိုင်ငံလုံးက မမေ့သေးကြောင်း နအဖအား သတိပေးခြင်း နှင့်ပြည်သူများအားလည်း မမေ့ပျောက်စေရန် အသိပေးခြင်းဖြစ်ကြောင်း (၂၀၀၇) မျိုးဆက်ကျောင်းသားများမှ ပြောကြားခဲ့သည်။
အဆိုပါ လှုပ်ရှားမှုကို လသာ၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ သာကေတ၊ ဒေါပုံ၊ တာမွေ၊ ကျောက်မြောင်း၊ မင်္ဂလာတောင်ညွန့်၊ တောင်ဥက္ကလာ၊မြောက်ဥက္ကလာ မြို့နယ်များ၏ အဓိကလမ်းမကြီးများနှင့် ကားမှတ်တိုင်များတွင် ပြုလုပ်ခဲ့ကြသည်။
ပြီးခဲ့သည့် သြဂုတ်လအတွင်းကလည်း အဆိုပါ အင်အားစုများက ရန်ကုန်တိုင်း သန်လျင်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီကျောင်း စာသင်တိုက်များသို့ သံဃာ့ သမဂ္ဂီ၏ ကံဆောင်ပွဲကြေငြာချက်များကို ဖြန့်ချီခဲ့ကြောင်းလည်း သိရသည်။
ဆက်လက်၍လည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအတွက် လှုပ်ရှားမှုများ ဆက်လက် ပြုလုပ်သွားဦးမည် ဖြစ်ကြောင်း အဆိုပါအဖွဲ့ မှ(၂၀၀၇) မျိုးဆက်ကျောင်းသားတဦးမှ ပြောကြားခဲ့ သည်။
No comments:
Post a Comment