Friday, October 2, 2009

ဆင်လှူသော ဆင်ဖြူရှင်ဘွဲ့ ခံ မင်းတရားကြီး ဖြစ်ချင်လို့  ဆင်ဖြူတော်ပုံရိပ်ကို အဓိက ထည့်တဲ့ ဘုရင်ရူးကြီး သန်းရွှေရဲ့  ကျပ် ၅၀၀၀ တန် ငွေစက္ကူ။













တိုင်းပြည်တစ်ပြည်ရဲ့  ငွေစက္ကူတွေပေါ်မှာ ဖေါ်ပြတဲ့ ရုပ်ပုံလွှာတွေကို တော်ရုံတန်ရုံ ပေါ့ပျက်ပျက်နဲ့  ဖေါ်ပြလေ့ မရှိကြပါဖူး။ ထို့ အတူ တိုင်းပြည်မှာ လက်ရှိအာဏာရထားတယ်ဆိုပြီး တိုင်းသူပြည်သားတွေ သဘောတူချက်ချက် မရရှိဘဲ လက်ရှိအုပ်ချူပ်သူတွေကနေ စိတ်ထဲထင်တိုင်း လက်လွတ်စပယ် ဖေါ်ပြခွင့် မရှိပါဖူး။

နိုင်ငံတစ်နိုင်ကို ကိုယ်စားပြု ဖေါ်ညွှန်းတဲ့ အရေးကြီးတဲ့ အမှတ်အသားတွေ ဖြစ်ကြတဲ့ နိုင်ငံတော် အလံ၊ နိုင်ငံတော် တံဆိပ်၊ နိုင်ငံတော် စာတိုက်တံဆိပ်ခေါင်းတွေအပြင် နိုင်ငံတော် ငွေကြေးတွေဖြစ်တဲ့ ငွေစက္ကူတွေ အကြွေစေ့တွေမှာ ပုံရိပ်လွှာတွေ ရွေးချယ်တဲ့နေရာမှာ ခိုင်မာသော အကြောင်းပြချက်၊ တိကျသော အဓိပ္ပါယ်ရှင်းလင်းချက်၊ အရေးပါသော သမိုင်းကြောင်း၊ ရွေးချယ်သင့်သော စံပြုချက် အစရှိတဲ့ အချက်အလက်တွေနဲ့  ပြည့်စုံရပါတယ်။

ဒီလိုဖေါ်ပြပါ အချက်အလက်တွေနဲ့ ပြည်စုံပြီးတဲ့နောက်မှာ အကြမ်းလျာထားချက်နဲ့  ပုံသဏ္ဍန်နမူနာကို တိုင်းပြည်တစ်ပြည်ရဲ့ ဖွဲ့ စည်းအုပ်ချူပ်ပုံပါ စည်းကမ်းသတ်မှတ်ချက်တွေနဲ့  ကိုက်ညီမှု ရှိမရှိ ပြန်လည်စစ်ဆေးကာ ပြည်သူလူထုကို အသိပေးရပါတယ်။ ရွေးချယ်ဖေါ်ပြတဲ့ ပုံရိပ်လွှာတွေဟာ အချက်အလက်တွေနဲ့ လည်း မကိုက်ညီဖူး၊ နိုင်ငံတော်ဖွဲ့ စည်းပုံပါ စည်းကမ်းချက်တွေနဲ့ လည်း မကိုက်ညီဖူး၊ ပြည်သူလူထုအများကလည်း သဘောမတူဖူးဆိုရင် နိုင်ငံတော်ကိုယ်စားပြု ငွေစက္ကူမှာ ပုံရိပ်လွှာတွေကို အတည်ပြု မရပါဖူး။

ဒါဟာ နိုင်ငံတစ်နိုင်ရဲ့  အတွင်းကိစ္စနဲ့ ပတ်သက်တာဘဲ ရှိပါသေးတယ်။ နိုင်ငံတကာအနေနဲ့  ပြောရရင် နိုင်ငံတစ်နိုင်ရဲ့  ငွေစက္ကူတန်ဖိုးအသစ်နဲ့  ငွေစက္ကူထုတ်လုပ်မယ်ဆိုရင် ကမ္ဘာ့ငွေကြေးစံချိန်တွေနဲ့ လည်း ကိုက်ညီရပါတယ်။ နိုင်ငံတကာက တရားဝင် အသိအမှတ်ပြုတဲ့  ငွေစက္ကူ ဖြစ်ရပါမယ်။ ဒီလိုမှ မဟုတ်ရင် စက္ကူစက်ရှိတိုင်း ပေါပေါထုတ်နေတဲ့ စက္ကူအပိုင်းအစတွေသာ ဖြစ်နေပါလိမ့်မယ်။ ကမ္ဘာ့ငွေကြေးစံချိန်နဲ့ မညီတဲ့အတွက် ငွေလှဲလှယ်မှုမှာ တရားဝင်မှု မရှိပါဖူး။ ငွေကြေးလဲလှယ်မှု တန်ဖိုးကလည်း အင်မတန်ကို နိမ့်ကျလွန်းပါတယ်။

ငွေကြေးစက္ကူနဲ့  ငွေအကြွေတွေမှာ ဖေါ်ပြသင့် ဖေါ်ပြကြတဲ့ ပုံရိပ်လွှာတွေနဲ့  ပတ်သက်ရင် အဓိက အကြောင်းအရာတွေကို ကြည့်တဲ့အခါ - လူပုဂ္ဂိုလ်ပုံရိပ်များ၊ အဆောက်အဦးပုံရိပ်များ၊ နှစ်ပတ်လည် အထိမ်းအမှတ်ပုံရိပ်များ၊ တိရိစ္ဆာန်ပုံရိပ်များ၊ သဘာဝပတ်ဝန်းကျင်ပုံရိပ်များ အစရှိသည်တို့ ကို သမိုင်းမှတ်တမ်းတင်၊ ဂုဏ်ပြုမှတ်တမ်းတင်၊ ထူးခြားချက်မှတ်တမ်းတင်အဖြစ် အခြေခံပြီး ရွေးချယ်ဖေါ်ပြလေ့ ရှိကြပါတယ်။

လူပုဂ္ဂိုလ်ပုံရိပ်များ ဖေါ်ပြရာမှာ တိုင်းပြည်ရဲ့  လွတ်လပ်ရေးကို ရရှိအောင် ကြိုးပမ်းပေးခဲ့သူ၊ တိုင်းကျိုးပြည်ကျိုးကို ပြည်သူလူထုတစ်ရပ်လုံးက အသိအမှတ်ပြု လေးစားရလောက်အောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သူများရဲ့  ပုံရိပ်ကို ရွေးချယ်မှတ်တမ်းတင် ဂုဏ်ပြုဖေါ်ပြကြပါတယ်။ အဆောက်အဦးပုံရိပ်များအဖြစ် ဖေါ်ပြရာမှာ ထင်ရှားကျော်ကြားပြီး သမိုင်းဝင်အဆောက်အဦးတွေရဲ့  ပုံရိပ်တွေကို မှတ်တမ်းတင်ဖေါ်ပြလေ့ ရှိကြပါတယ်။ နှစ်ပတ်လည် အထိမ်းအမှတ်ပုံရိပ်များအဖြစ် နိုင်ငံနဲ့ ပတ်သက်တဲ့ သမိုင်းဝင် နိုင်ငံတော်အခမ်းအနားများကို မှတ်တမ်းတင်ဖေါ်ပြလေ့ရှိကြပါတယ်။ တိရိစ္ဆာန်ပုံရိပ်များအဖြစ်ဖေါ်ပြရာမှာလည်း တိုင်းပြည်နဲ့  လူမျိုးအကျိုးစီးပွားကို ထင်ဟပ်ပေါ်လွင်စေတဲ့ ဂုဏ်ပြုမှတ်တမ်းတင်သင့် တင်ထိုက်တဲ့ တိရိစ္ဆာန်များ ပုံရိပ်တွေကိုသာ ဖေါ်ပြလေ့ရှိပါတယ်။ သဘာဝပတ်ဝန်းကျင်ပုံရိပ်များမှာလည်း တိုင်းပြည်တစ်ပြည်အတွင်းမှာ ဖြစ်ပေါ်တည်ရှိတဲ့ ထူးခြားမှုရှိတဲ့  သဘာဝပတ်ဝန်းကျင်ပုံရိပ်များကိုသာ ဖေါ်ပြလေ့ရှိပါတယ်။

အထက်ဖေါ်ပြပါ ငွေကြေးပိုင်းဆိုင်ရာ စံချိန်ရှိသင့်တဲ့ အချက်အလက်တွေနဲ့  ပြည့်စုံမှု ရှိ မရှိ ပြောဆိုဖို့ အတွက် ပထမဦးစွာ မေးရမည့် အချက်တွေအနေနဲ့  ဒီနေ့ ထုတ်တဲ့ နအဖရဲ့ ငွေစက္ကူအသစ်ဖြစ်တဲ့ ကျပ် ၅၀၀၀ တန် ငွေစက္ကူအသစ်နဲ့  ပတ်သက်ပြီး -

- ဒီ ကျပ် ၅၀၀၀ တန် ငွေစက္ကူအသစ်ထုတ်ရန် စီစဉ်မှုနဲ့  ပုံသဏ္ဍန်လျာထားချက်ကို မြန်မာပြည်သူပြည်သားတွေကို ကြိုတင် အသိပေးပြီး တရားဝင်မှု ဖြစ်ပြီးမှသာ ထုတ်တာလား။

- ဒီ ကျပ် ၅၀၀၀ တန် ငွေကြေးစက္ကူရဲ့ တန်ဖိုးဟာ ကမ္ဘာ့ငွေကြေးစံချိန်တွေနဲ့  ညီညွတ်ပါရဲ့ လား။ ဒီ ကျပ် ၅၀၀၀ တန် ငွေကြေးတန်ဖိုးဟာ နိုင်ငံတကာငွေကြေးလဲလှယ်မှုမှာ တန်ဖိုးမှီပါရဲ့ လား။

- တိုင်းပြည်ရဲ့  စီးပွားရေး တိုတက်မှုနဲ့  ငွေကြေးတန်ဖိုးတွေကို မှန်ကန်စွာ ထောက်ကူမှုပြုပါရဲ့ လား။

- ဒီ ကျပ် ၅၀၀၀ တန် ငွေကြေးစက္ကူပါ ပုံရိပ်လွှာတွေဟာ ခိုင်လုံသော သတ်မှတ်ချက်၊ တိကျသော အဓိပ္ပါယ်ရှင်းလင်းချက်၊ အရေးပါသော သမိုင်းကြောင်း၊ ရွေးချယ်သင့်သော စံပြုချက်တွေ ရှိပါရဲ့ လား။

ယခုမေးမြန်းတဲ့ အချက်တွေ နအဖရဲ့  ဒီ ကျပ် ၅၀၀၀ တန် ငွေကြေးစက္ကူဟာ လုံလောက်တဲ့ အခြေခံအကြောင်းအချက်တွေ တစ်ခုမှ မရှိတာ တွေ့ ရပါတယ်။

ကမ္ဘာ့ငွေကြေးစံချိန်နဲ့  နိုင်ငံတကာငွေကြေးလဲလှယ်မှု စံနှုန်း မရှိတဲ့အတွက် ယခု ကျပ် ၅၀၀၀ တန် ငွေစက္ကူအပါအ၀င် မြန်မာငွေစက္ကူများဟာ နိုင်ငံတကာမှာ တရားဝင်လဲလှယ်သုံးစွဲခွင့်မရှိဘဲ စက္ကူရွက်အနေနဲ့ ဘဲ တန်ဖိုးမဲ့နေပါတယ်။

မြန်မာနိုင်ငံရဲ့  တိုင်းပြည်စီးပွားရေး ချွတ်ခြုံကျမှုကြောင့် လက်ရှိငွေကြေးစက္ကူတွေတောင် ဟောင်းနွမ်းစုတ်ပြတ်သတ်နေပြီး သာမန်စက္ကူလောက်တောင် အရောင်အသွေး တောက်ပြောင်မှုမရှိဘဲ တန်ဖိုးမဲ့နေတာကို တိုးတက်အောင် ဆောင်ရွက်ရမယ့်အစား ဂဏန်းအရေအတွက်တွေသာပိုတဲ့  ငွေစက္ကူအသစ်ကို ထပ်ထုတ်တာဟာ တိုင်းပြည်စီးပွားရေးကို ပိုမိုဆိုးရွားစေတဲ့ ငွေကြေးဖောင်းပွမှုတွေ ဖြစ်စေပါတယ်။

မြန်မာ့ငွေကြေးဟာ ကမ္ဘာ့ငွေကြေးစံချိန်နဲ့  နိုင်ငံတကာငွေကြေးလဲလှယ်မှု စံနှုန်းမီမှု မရှိတာနဲ့  ပြည်တွင်းငွေကြေးဖောင်းပွမှုကတော့ ယခု ဒီ ကျပ် ၅၀၀၀ တန် ငွေစက္ပူအသစ်မတိုင်ခင်ကတည်းက အာဏာရူးတွေလက်ချက်ကြောင့် တိုင်းပြည်စီးပွားရေး ခြွတ်ခြုံကျပြီးကတည်းက ဖြစ်နေတာမို့  အားလုံး သိပြီးသားပါ။ အထူးပြောနေစရာတောင် မလိုတော့ပါဖူး။ ဒီ ကျပ် ၅၀၀၀ တန် ငွေစက္ပူအသစ်ကိုလည်း နအဖတွေဟာ သူတို့ ဖာသာ ထင်ရာစိုင်းပြီးလုပ်နေကြအတိုင်း လုပ်တဲ့တစ်ခုဖြစ်လို့ လည်း တိုင်းသူပြည်သားတွေရဲ့  အတည်ပြုချက်မရှိပါဖူး။ တရားဝင်ငွေစက္ကူအနေနဲ့  ပြောတာ နအဖပါးစပ်ဖြားမှာသာ ရှိပြီး သူတို့ အာဏာလုထားတဲ့အချိန်မှာ မရှိသုံး အနေနဲ့ သာ ဒီတရားမ၀င်ငွေစက္ကူတွေကို သုံးနေရတာ ဖြစ်ပါတယ်။

ဒီ ကျပ် ၅၀၀၀ တန် ငွေကြေးစက္ကူပါ ပုံရိပ်လွှာတွေဟာ ခိုင်လုံသော သတ်မှတ်ချက်၊ တိကျသော အဓိပ္ပါယ်ရှင်းလင်းချက်၊ အရေးပါသော သမိုင်းကြောင်း၊ ရွေးချယ်သင့်သော စံပြုချက်တွေ တစ်ခုမှ ခိုင်မာမှု မရှိဘဲ နအဖခေါင်းဆောင်ကြီးတွေ အလိုကျဖြစ်စေတဲ့ ပုံရိပ်လွှာတွေကိုသာ ထည့်ထားတာ ဖြစ်ပါတယ်။

လောလောဆယ် နိုင်ငံရေးအကျပ်အတည်းကို ပြေလျော့အောင် လှည့်စားဖို့ ၊ ပြည်သူတွေရဲ့  မွန်းကျပ်နေတဲ့ စိတ်တွေကို အချိုသတ်နည်းနဲ့  လှည့်ဖြားဖို့ ၊ ပြည်တွင်းငွေကြေးလည်ပတ်မှုကို ယာယီကုစားဖို့ နဲ့  နအဖခေါင်းဆောင်ကြီးတွေရဲ့  စိတ်ကူးပေါ်ရာ လုပ်တတ်တဲ့ ရူးကြောင်ကြောင် စိတ်ရူးတွေကို အကောင်အထည်ဖေါ်ဖို့ အတွက်သာ ဒီ ကျပ် ၅၀၀၀ တန် ငွေကြေးစက္ကူကို ထုတ်လိုက်တာ ဖြစ်ပါတယ်။

ပထမဦးစွာ နအဖကနေ ၀ါဒဖြန့် ချီနေကြ သတင်းစာထဲပါ ဒီ ကျပ် ၅၀၀၀ တန် ငွေကြေးစက္ကူနဲ့  ပတ်သက်တဲ့ သတင်းဖေါ်ပြချက်ကို ကြည့်ရင် -



















ဒီ ကျပ် ၅၀၀၀ တန် ငွေကြေးစက္ကူပါ ပုံရိပ်လွှာတွေနဲ့ ပတ်သက်ပြီး -

(၁) နအဖက ဒီ ကျပ် ၅၀၀၀ တန် ငွေကြေးစက္ကူအသစ်ကို ထုတ်မယ်ဆိုတာ နှစ်ဆန်းပိုင်းလောက်မှာကတည်းက သတင်းပေါက်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အောက်တိုဘာလမှ ထုတ်တာက နအဖတို့ ရဲ့ ထုံးစံအတိုင်း အတွက်အချက်တွေနဲ့  ဒီလကိုရွေးပြီး ထုတ်တာပါ။ ဒီအချက်နဲ့ ပတ်သက်လို့ ဘာကြောင့် အောက်တိုဘာလကိုမှ ရွေးပြီးထုတ်တာလည်းဆိုတာက ဒီ ကျပ် ၅၀၀၀ တန် ငွေစက္ကူပါ ဆင်ဖြူတော်နဲ့  အဓိက ဆက်စပ်နေလို့  ဖြစ်ပါတယ်။

(၂) ဒီ ကျပ် ၅၀၀၀ တန် ငွေစက္ကူရဲ့  မျက်နှာစာဘက်မှာ ဖေါ်ပြထားတဲ့ မြန်မာ့အနုပညာလက်ရာမြောက် ဆင်ဖြူတော်ပုံလို့  ဆိုထားပါတယ်။ ဘယ်လိုများ မြန်မာ့အနုပညာမြောက်ရတာလည်း၊ ဆင်ဖြူတော်ပုံလို့  ဆိုထားတော့ ဘယ်လို ဆင်ဖြူတော်ပါလည်း ဘယ်တုန်းက ဆင်ဖြူတော်ပါလည်းဆိုတာကို တိတိကျကျ ဖေါ်ပြထားခြင်း မရှိဘဲ နအဖအလိုကျ ဆင်ဖြူတော်လိုက်တာဘဲ ဖြစ်ပါတယ်။ နအဖအလိုကျဆင်ဖြူတော်လို့  ဆိုလိုက်ရတာနဲ့  ပတ်သက်ပြီး ပြောရရင် သန်းရွှေနဲ့  အလိုကျ ဆင်ဖြူတော်သာ ဖြစ်ပါတယ်။

(၃) ဒီ ကျပ် ၅၀၀၀ တန် ငွေစက္ကူရဲ့  ကျောဘက်မှာ လွှတ်တော်အဆောက်အအုံပုံကို ထည့်ထားတာဟာ ပုံအရ နအဖတို့ ရဲ့  နေပြည်တော်မှာရှိတဲ့ လွှတ်တော်အဆောက်အဦးဆိုတာ မြင်တာနဲ့  သိမြင်နိုင်ပါတယ်။ လွှတ်တော်လို့  ထည့်ထားဖေါ်ပြထားတဲ့ အဆောက်အဦးဟာ မနေ့ တစ်နေ့ ကမှ ပေါ်လာတဲ့ အဆောက်အဦးဖြစ်ပြီး လက်တွေ့ မှာလည်း ပြည်သူက ရွေးချယ်တင်မြောက်ထားတဲ့  ပြည်သူ့ အစိုးရပိုင် လွှတ်တော်အဆောက်အဦး မဟုတ်ပါဖူး။ သမိုင်းဝင် အဆောက်အဦးဖြစ်ဖို့ ဆိုတာ ဝေးလာဝေးပါ။

ဒီ ကျပ် ၅၀၀၀ တန် ငွေကြေးစက္ကူနဲ့  ပတ်သက်ပြီး နအဖရဲ့ သတင်းထုတ်ပြန်ချက်က ငွေစက္ကူအသစ်အကြောင်း ဘာမှ တိတိကျကျ မရှိဘဲ သာမန်ကာ လျှံကာမျှသာ ဖေါ်ပြထားပါတယ်။

ဒီ ကျပ် ၅၀၀၀ တန် ငွေကြေးစက္ကူတစ်ခုလုံးမှာ အဓိကျတာကတော့ လွှတ်တော်အဆောက်အအုံ မဟုတ်ဘဲ ဆင်ဖြူတော်ပုံသာ ဖြစ်ပါတယ်။ ဒါဟာ နအဖအာဏာရူးကြီး သန်းရွှေအတွက် အစီအမံဖြစ်နေလို့ ပါ။ အများသိကြပြီးဖြစ်တဲ့ သန်းရွှေဟာ ကျောက်ဆည်ဇာတိဖြစ်ပါတယ်။ ယခုအချိန်ကာလမှာ သန်းရွှေဟာ အသက်အရွယ်အရလည်း သေလမ်းကို ခြေတစ်ဘက်လှမ်းနေချိန်ဖြစ်နေတာရယ်၊ အာဏာပါဝါအရှိန်လည်း တဖြည်းဖြည်းကျဆင်းလာနေချိန်ဖြစ်နေတာရယ်၊ တိုင်းပြည်မှာလည်း သဘာဝဘေးအန္တရယ်တွေ တစ်ခုပြီး တစ်ခုဖြစ်လာနေတာကြောင့်ရယ် အစီအမံယတြာတွေကို ယုံကြည်စွဲလန်းလွန်းတဲ့သူပီပီ ယခုလို ကျပ် ၅၀၀၀ တန် ငွေစက္ကူအသစ်မှာ ဆင်ဖြူတော်ပုံထည့်လိုက်ရတာ ဖြစ်ပါတယ်။

နအဖအာဏာရူးကြီး သန်းရွှေရဲ့  ဇာတိ ကျောက်ဆည်မှာ ဆင်လှူပွဲတော်ကို တစ်နှစ်တစ်ခါ သီတင်းကျွတ်လ (အောက်တိုဘာလ) မှာ ကျင်းပလေ့ရှိပါတယ်။ ဒီပွဲတော်ဟာ အနော်ရထာမင်း လက်ထက်ကနေစတင် ကျင်းပခဲ့တာ အခုဆိုရင် နှစ်ရာကျော်ခဲ့ပါပြီ။ ဆင်ပွဲတော်ရဲ့ သမိုင်းကတော့ အနော်ရထာမင်းကြီးဟာ သက္ကရာဇ် ၃၇၉ ခုနှစ်မှာ သီဟိုဋ် ဘုရင် ဓာတုသေန မင်းထံကနေ ပင့်ဆောင်ရရှိတော်မူခဲ့တဲ့ ဂေါတမ မြတ်စွာဘုရား၏ လက်ဝဲ အောက်စွယ်တော် နှင့် စွယ်တော်ပွားများကို ဆင်မယဉ်သာ ဆင်ဖြူတော်ပေါ်ကို တင်လှူ အဓိဋာန်ပြုပြီး လွှတ်တော်မူခဲ့ပါတယ်။ ဆင်မယဉ်သာ ဆင်ဖြူတော်ဟာ ပုဂံ ရွှေစည်းခုံ၊ တန့်ကြည်တောင်၊ လောကနန္ဒာ၊ ကျောက်ဆည် ရွှေသာလျောင်းတောင် နှင့် ခရွှေတောင် (ပျက္ခရေတောင်) တို့မှာ ဆင်ဖြူတော် ၀ပ်ခဲ့ပါတယ်။ အနော်ရထာမင်းကြီး၏ ဆင်ဖြူတော် ၀ပ်ခဲ့သည်ကို အကြောင်းပြုပြီး နှစ်စဉ် ဆင်လှူပွဲတော်ကို ကျင်းပတာ ဖြစ်ပါတယ်။ ဒီ ရိုးရာဆင်လှူပွဲတော်ကို နှစ်စဉ် ကျောက်ဆည်မြို့ မှာ ကျင်းပလေ့ရှိပါတယ်။ ဒီအတွက် ကျောက်ဆည်သား သန်းရွှေဟာ အာဏာရူးပြီး ဇာတိမြေအကြောင်း မေ့မြောနေရာကနေ မသေခင်မှာ ဖြစ်လိုတဲ့ဆန္ဒတစ်ခုကို အကောင်အထည်ဖေါ်ဖို့  ဘုရားတွေတည်ပြရာကနေ ရူးသွပ်မှုတစ်ခုဖြစ်နေတဲ့ ဘုရင်ရူးရူးနေမှုကို အကောင်အထည်ဖေါ်ဖို့  ကြိုးစားလိုက်ပါတယ်။
























နအဖအာဏာရူးကြီး သန်းရွှေဟာ ဘုရင်ရူးနေသူ ဖြစ်ပြီး မြို့ ရွာတည်တာ လမ်းဖောက်တာ အမည်ပေးတာတွေက အစ နောက်ဆုံး နေပြည်တော်တည်တာ၊ လက်အုပ်ချီကန်တော့ နှုတ်ဆက်ခိုင်းတာတွေ၊ နန်းဆံဆံ အခေါ်အဝေါ်တွေ ခေါ်ခိုင်းတာတွေ ဘုရင်အဖြစ် ရူးနေသူဖြစ်လို့  သက်ဦးဆံပိုင်ဘုရင်တွေအကြောင်းတွေ ဦးစားပေးဖေါ်ပြတာတွေ၊ ဘုရင်ခောတ် က ပွဲလန်းသဘင်လိုမျိုး ကျင်းပတာတွေ စသဖြင့် အကုန်လုပ်နေပါတယ်။ သန်းရွှေရဲ့  မသေခင် ဆန္ဒကတော့ ဘုရင်ဖြစ်ချင်တာတောင် ဆင်ဖြူရှင်ဘွဲ့ ကို ခံယူလိုတဲ့ ဆင်ဖြူရှင်မင်းတရားကြီး ဖြစ်ချင်တာဘဲ ဖြစ်ပါတယ်။ ဆင်ဖြူတော် စီးပြီး ဆင်ဖြူရှင်ဘွဲ့ ခံ ဘုရင်အဖြစ် ခံယူဖို့ အတွက် လက်တွေ့ မှာ ပေါ်တင်ကြီး ဖြစ်နေမှာ စိုးတဲ့အတွက် ဆင်ဖြူတော်တွေ လှူတဲ့ပုံသဏ္ဍန် ဖန်တီးနိုင်ရင်တော့ ဆင်ဖြူတော် လှူတဲ့ ဆင်ဖြူရှင်မင်းတရားကြီးအဖြစ် စီမံဖို့ အတွက် ပထမဦးဆုံး စတင်တာကတော့ ကျင်းပပြီးခဲ့တဲ့ မန္တလေးမြို့ တည်နန်းတည် နှစ် (၁၅၀) ပြည့်ပွဲတော်မှာလည်း ဆင်အစစ်များ မသုံးဘဲ ကျောက်ဆည် အရုပ်ဆင်များကိုသာ သုံးခဲ့ပါတယ်။ ဆင်လှူပွဲတော်နဲ့  ဆက်စပ်မိအောင် စတင်အကောင်အထည်ဖေါ်တာဘဲ ဖြစ်ပါတယ်။

ဒီထက်ပိုပြီး ထိရောက်အောင်အတွက် တစ်နိုင်ငံလုံး ဆင်ဖြူတော်ပုံတွေ ရှိနေအောင် (၀ါ) တစ်နိုင်ငံလုံးကို ဆင်ဖြူတော်တွေ လှူဒါန်းထားတယ် - ဒီသဘောသက်ရောက်အောင်အတွက် ယခု ထုတ်လိုက်တဲ့ ကျပ် ၅၀၀၀ တန် ငွေစက္ကူသစ်မှာ ဆင်ဖြူတော်ပုံထည့်ပြီး ဆင်ဖြူလှူဒါန်းသော ဆင်ဖြူရှင်ဘွဲ့ ခံ ဘုရင်အဖြစ် စီမံလိုက်တာဘဲ ဖြစ်ပါတော့တယ်။

ဒါကြောင့် ယခု ကျပ် ၅၀၀၀ တန် ငွေစက္ကူသစ် ထုတ်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ အာဏာရူးရုံမက ဘုရင်ရူးရူးနေတဲ့ သန်းရွှေရဲ့  ဆင်ဖြူရှင်ဘွဲ့ ခံ ဘုရင်မင်းတရားကြီးဖြစ်ချင်လို့ ပါဘဲ။ တစ်ချက်ခုတ် နှစ်ချက်ပြတ်ဆိုတာလို ဘ၀ကြပ်တည်းမှု အခက်အခဲပေါင်းစုံနဲ့  ရင်ဆိုင်နေရတဲ့ ပြည်သူတွေကို နှစ်သိမ့်တဲ့အနေနဲ့  ငွေစက္ကူအသစ်ထုတ်ပြလိုက်သလို နိုင်ငံရေးအခြေအနေတင်းမာနေမှုများကိုလည်း လမ်းကြောင်းလွှဲဖို့  ဆောင်ရွက်လိုက်တာ ဖြစ်ပါတယ်။ ဆင်ဖြူတော်ပုံကို မျက်နှာစာဘက်မှာ အဓိက ထည့်ပြီး ကျောဘက်မှာ ကြော်ငြာထိုးသလို နအဖတို့ ရဲ့  လွှတ်တော်အဆောက်အအုံပုံကို ထည့်ပြတာမှ လွဲပြီး ဒီငွေစက္ကူသစ်ဟာ ဘာမှ တန်ဖိုးမရှိသော သမိုင်းမ၀င်သော တရားမ၀င်သော စက္ကူတစ်စသာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ယခင်တုန်းက ထုတ်ဝေခဲ့တဲ့ ငွေစက္ကူနှစ်မျိုးမှာ ဆင်ပုံထည့်ခဲ့တာ ရှိပါတယ်။ ထည့်ခဲ့တဲ့ ဆင်ပုံက သစ်လုံးဆွဲနေတဲ့ ဆင်ပုံ ဖြစ်ပါတယ်။ ဘာလို့  သစ်ဆွဲနေတဲ့ဆင်ပုံထည့်ရသလည်းဆိုရင် တိုင်းပြည်ရဲ့  အဓိက စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ သစ်လုပ်ငန်းမှာ သစ်လုပ်ငန်းရယ်၊ သစ်လုပ်ငန်း အလုပ်သမားတွေရယ်၊ အထောက်အကူပြုတဲ့ ဆင်တွေရယ်ကို ဂုဏ်ပြုတဲ့အနေနဲ့  မှတ်တမ်းတင်ထည့်သွင်းတာ ဖြစ်ပါတယ်။ ယခုလို သန်းရွှေရဲ့  ဆင်ဖြူတော်ရှင်ဘွဲ့ ခံယူလိုချင်တာနဲ့  ဆင်ဖြူတော်ပုံကို ပေါ့ပျက်ပျက်နဲ့  ရူးသွပ်ပြီး ထည့်လိုက်တဲ့ ကျပ် ၅၀၀၀ တန် ငွေစက္ကူနဲ့ တော့ အင်မတန် ကွာခြားလှပါတယ်။



























ဒီအတွက် ပြည်သူများအနေနဲ့  အာဏာရူး သန်းရွှေ ဆင်ဖြူရှင်ဘွဲ့ ခံ မင်းတရားကြီး ဖြစ်ချင်တဲ့ ဘုရင်ရူးရူးပြတာကို အစီအမံ ပြုလုပ်တာကို လက်တုန့် ပြန်တဲ့အနေနဲ့  မိမိတို့  လက်ဝယ်ရောက်ရှိလာသမျှသော ဒီ ကျပ် ၅၀၀၀ တန် ငွေစက္ကူအသစ်ပေါ်က ဘာမှန်း မသိတဲ့ ပေါ့ပျက်ပျက် ဆင်ဖြူတော်ပုံရိပ်လွှာကို ကြက်ခြေခတ်အမှတ်အသားလေး ပြန်လည်ပြုလုပ်ရင်း အာဏာရူးတို့ ရဲ့  ဘုရင်အတွေးအခေါ် ဘုရင်အုပ်ချူပ်မှုပုံစံတွေကို တော်လှန်ဆန့် ကျင်ပြကြပါစို့ လို့  တိုက်တွန်းလိုက်ရပါတယ်။

No comments: