Sunday, October 4, 2009

ဆင်ပေါ် လင်းတ (လဒ) နဲ့  လိပ် ထိုင် ၅၀၀၀ တန်။

နအဖရဲ့  ငွေစက္ကူအသစ်ဖြစ်တဲ့ ကျပ် ၅၀၀၀ တန်မှာ ထည့်သွင်းဖေါ်ပြထားတဲ့ ဆင်ဖြူတော်ပုံမှာ အခြားတိရိစ္ဆာန်ပုံ နှစ်ပုံပါနေတာကို တွေ့ ရှိကြရတယ်လို့  အဆိုပါ ငွေစက္ကူစတင်ထွက်တဲ့နေ့ မှာဘဲ ပြည်သူတွေအကြားမှာ ပြောဆိုသံတွေ ထွက်ပေါ်လာကြောင်း သိရှိရပါတယ်။

အဆိုပါ အခြားတိရိစ္ဆာန်ပုံ နှစ်ပုံကတော့ လင်းတ (လဒ) နဲ့  လိပ် ဖြစ်တယ်လို့  ဆိုကြပါတယ်။ ဆင်ဖြူတော်ပုံရဲ့  ကျောကုံးပေါ်မှာ လင်းတ (လဒ) ရှိနေပြီး၊ ဆင်ဖြူတော်ပုံရဲ့ ဦးခေါင်းထိပ်မှာ လိပ် ရှိနေတာတွေ့ ရပါတယ်။

အောက်ဖေါ်ပြပါ ပုံပေါ်မှာ mouse click လုပ်ပြီး ပုံကို အကျယ်ချဲ့ ပြီး သေသေချာချာသာ ကြည့်ကြည့်ပါ (သို့ ) ကျပ် ၅၀၀၀ တန် ငွေစက္ကူအသစ် လက်ဝယ် ရခဲ့လို့ ရှိရင် မှန်ဘီလူးနဲ့ သာ ကြည့်ကြည့်ပါ။













ဆင်ဖြူတော်ပုံရဲ့  ကျောကုံးပေါ်မှာ လင်းတ (လဒ) ကတော့ ဘုရင်ရူး ရူးနေတဲ့ (ဆင်ဖြူတော်ရှင် မင်းတရားကြီးအဖြစ် ရူးနေတဲ့) နအဖခေါင်းဆောင်ကြီး သန်းရွှေလို့ ဆိုရမလို၊ ဆင်ဖြူတော်ပုံရဲ့ ဦးခေါင်းထိပ်က လိပ် ကတော့ နအဖ အာဏာရူးကြီး သန်းရွှေ အလိုကျအောင် ၀ိုင်းဝန်းမြှောက်စားပြီး ကိုယ်ကျိုးအတွက်သာကြည့်ပြီး ကိုယ့်ဘက်ကိုယ် ယက်နေကြသော လိပ်များဖြစ်ကြတဲ့ နအဖအုပ်စုများ ဖြစ်ကြတယ်လို့  ညွှန်းပြနေသလိုပါဘဲ။

နအဖ ခေါင်းဆောင်ကြီး သန်းရွှေနဲ့  နအဖအုပ်စုတွေ ကိုယ့်ကိုကိုယ်ဖေါ်ပြနေ (၀ါ) ကိုယ်ပုံကို ကိုယ်တိုင် ဖေါ်ပြလိုက်တာများလား။

ဆင်ပေါ် လင်းတ (လဒ) တက် တိုင်းပြည်ပျက်၊ ဆင်ပေါ် လိပ်ထိုင် တိုင်းပြည် ယိုင်တာ နှစ်ပေါင်းကြာပါပြီပကော။

No comments: