နအဖ ရဲ နဲ့ ရ.ယ.က သတ်လို့ သေဆုံးရခဲ့ရသူ အပြစ်မဲ့ ပြည်သူတစ်ဦး။
ယခုလ (၈) ရက်နေ့  ည (၇) နာရီကျော်ကျော်ခန့် က ဦးကျော်မောင်လို့ ခေါ်တဲ့ အသက် (၅၆) နှစ်အရွယ် လူကြီးတစ်ယောက်ဟာ မြောက်ဥက္ကလာပ သုမာလာလမ်းမကြီးအတိုင်း လမ်းလျှောက်လာနေစဉ် စံပယ်ဦးလက်ဘက်ရည်ဆိုင်နဲ့ မြင့်မြတ်မိတ္တူကူးဆိုင်အနားအရောက်မှာ သူ့ အနောက်ကို မလှမ်းမကမ်းကနေ လိုက်ပါလာတဲ့ ရဲယူနစ်ဖောင်းနဲ့  ရဲတပ်သား ပန်းသီး (ခေါ်) အောင်အောင်ဦးနဲ့ အတူ ဦးဝင်းချိုလို့ ခေါ်တဲ့ ရပ်ကွက်လူကြီးဟောင်းနဲ့  နောက်လိုက်အပေါင်းအပါတွေဟာ ဦးကျော်မောင်ကို အမှီလိုက်ပြီး နောက်ကနေ မည်သည့်အကြောင်းပြချက်မှ မရှိဘဲ လက်ထိပ်ခပ်လိုက်ပါတယ်။
ဦးကျော်မောင်က “ဘာလုပ်တာလဲ” ဆိုပြီး လက်ကို ရုန်းလိုက်ချိန်မှာတော့ ရဲတပ်သား ပန်းသီးက “မင်းက ဘာကောင်မို့ လည်း” ဆိုပြီး မျက်နှာကို ဖြတ်ထိုးလိုက်တယ်။ ဒီဖြစ်ပျက်မှုကို T ပုံသဏ္ဍန်လမ်းဆုံမှာ ဖြစ်နေတာရယ်၊ ထိုးလိုက်ချိန်မှာဘဲ လမ်းပေါ်က မောင်းလာနေတဲ့ ဂျစ်ကားတစ်စီးက မီးထိုးလိုက်တာရယ်ကြောင့် အဖြစ်အပျက်က ဘေးပတ်ဝန်းကျင်က လူတွေ လယ်ပြင်မှာဆင်သွားသလို အထင်းသား မြင်တွေ့ လိုက်ရပါတယ်။
အဲဒီလို လက်သီးနဲ့ ပြင်းပြင်းထန်ထန် ထိုးနှက်မှုကြောင့် ဦးကျော်မောင်ဟာ ကတ္တရာလမ်းပေါ်ပြုတ်ကျသွားတဲ့ “ဘုံး” ကနဲဆိုတဲ့ အသံကျယ်လောင်မှုကြောင့် အနီးက လက်ဘက်ရည်ဆိုင်မှာ ထိုင်နေသူတွေ အားလုံးလိုလို မြင်တွေ့ သွားစေခဲ့ပါတယ်။
လဲကျနေတဲ့ ဦးကျော်မောင်ကို ဦးဝင်ချိုဆိုသူ ရ.ယ.က လူကြီးဟောင်းက လည်ပင်းနဲ့ ရင်ဘက်ကို ထပ်မံပြီး မညှာမတာ တအုန်းအုန်း ကန်တော့တာပါဘဲ။ လဲကျစဉ်ကတည်းက သတိလစ်ချင်ချင်ဖြစ်နေသူ ဦးကျော်မောင်ဟာ လက်သီးနဲ့ ထိုးခံရတဲ့ဒဏ်ရယ်၊ ဦးခေါင်းနဲ့  လမ်းပေါ် အရှိန်ပြင်းပြင်း ကျခဲ့ရတဲ့ဒဏ်ရယ်၊ ထပ်မံအကန်ခံရတဲ့ဒဏ်ရယ်ကြောင့် လမ်းမပေါ်မှာ မေ့မျောသွားပါတော့တယ်။
ဒီအခါမှာ မေ့မြောနေသူ ဦးကျော်မောင်ကို ဦးဝင်းချိုနဲ့ ရဲပန်းသီး (ခေါ်) အောင်အောင်ဦးတို့ ဟာ ရ.ယ.ကရုံးကို ခေါ်ဆောင်သွားပါတယ်။ ဒါပေမယ့် ရယက ဥက္ကဌဖြစ်သူ ဦးညီညီလွင် က “ရုံးထဲကို အ၀င်မခံနိင်ဖူး၊ တော်ကြာ ရ.ယ.က က လုပ်တယ် ပြောအုန်းမယ်လို့ ” ပြောပြီး ဦးကျော်မောင်ကို ခေါ်လာတဲ့နေရာမှာဘဲ ဆိုက်ကားပေါ်မှာ ဒီအတိုင်း ပစ်ထားကြပါတယ်။ ဘယ်လိုဖြစ်တာလည်း၊ ဘယ်သူက ဒီလိုဖြစ်အောင်လုပ်တာလည်း၊ ဘယ်သူမှာ အပြစ်ရှိလည်း ဆိုတာတော့ မေးမြန်းစစ်ဆေးဖို့  မလုပ်ခဲ့ပါဖူး။ ဦးကျော်မောင်ကို ခေါ်ဆောင်လာသူတွေဟာ ရဲတပ်သား ပန်းသီး (ခေါ်) အောင်အောင်ဦးနဲ့ ဦးဝင်းချိုလို့ ခေါ်တဲ့ ရပ်ကွက်လူကြီးဟောင်းတို့ ဖြစ်တာကြောင့် ရယက ဥက္ကဌဖြစ်သူ ဦးညီညီလွင်က ဒီအတိုင်းဘဲ လစ်လျူရှုလိုက်တာ ဖြစ်ပါတယ်။
အဲဒီလိုနဲ့  ဦးကျော်မောင်ရဲ့  မိသားစုတွေ ရောက်လာပြီး၊ ဦးကျော်မောင်ကို ကြည့်ချိန်မှာတော့ ဦးကျော်မောင်ဟာ ပြန်လည် သတိရလုလုဖြစ်လာပြီး မိသားစုက အိမ်ပြန်ခေါ်သွားလို့ ရလားလို့ မေးမြန်းကာ အိမ်ပြန်ခေါ်သွားခဲ့ကြရပါတယ်။
ဒါပေမယ့် ည (၁၀) နာရီကျော်ချိန်မှာတော့ ဘယ်လိုမှ အခြေအနေ မကောင်းလားလို့  ဦးကျော်မောင်ကို မြောက်ဥက္ကလာပ ဆေးရုံကြီးကို ညတွင်းချင်း ည (၁၀း၃၀) နာရီမှာ ဆေးရုံတင်လိုက်ရပါတယ်။ နောက်တစ်ရက် နံနက် (၇) နာရီ မထိုးမှီမှာဘဲ ဦးကျော်မောင်ဟာ ပြင်းထန်စွာ ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရပါတယ်။
မြို့ နယ်တာဝန်ရှိသူတွေထံ တိုင်ကြားခဲ့ပေမဲ့ ရပ်ကွက်လူကြီးဟောင်းဖြစ်တဲ့ ဦးဝင်းချိုတစ်ယောက်ကိုသာ ဖမ်းဆီးထားပေမယ့် ရဲတပ်သားပန်းသီး (ခေါ်) အောင်အောင်ဦးကိုတော့ ဒီနေ့ အထိတိုင် ဖမ်းဆီးထားခြင်း မရှိသေးလို့ အမှန်တရားကို မြတ်နိုးပြီး ဥပဒေကို ဥပဒေအတိုင်း ကျောသားရင်သားမခွဲခြားဘဲ အဓိကတရားခံတွေအားလုံးကို အရေးယူသင့်တာ ဖြစ်ပေမယ့်၊ တရားမျှတမှု မရှိတဲ့ ဥပဒေ မရှိတဲ့ ဥပဒေအတိုင်း မလိုက်နာကြတဲ့ နအဖအုပ်ချူပ်မှုအောက်မှာ ဒီလို မတရားမှုကြီးတွေကို ပြည်သူတွေ ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလားဆိုတဲ့ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။
အကြောင်းမဲ့သက်သက် ထိုးနှက် နှိပ်စက်ခံရလို့  သေဆုံးသွားခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူတစ်ဦးဖြစ်တဲ့ ဦးကျော်မောင်ရဲ့  နာရေးအသုဘကို ယနေ့ ချရမှာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့  ပတ်သက်ပြီး တရားခံဖြစ်သူ ရဲတပ်သားပန်းသီး (ခေါ်) အောင်အောင်ဦးကို မဖမ်းသေးလို့ နေပြည်တော်တက်တိုင်ခဲ့ပေမယ့် အဓိကတရားခံ ရဲတပ်သားပန်းသီး (ခေါ်) အောင်အောင်ဦးကိုတော့ အရင်ဆုံး ဖမ်းဆီးမှု မပြုဘဲ ဦးကျော်မောင်ရဲ့  အလောင်းကို မီးမသဂြိုလ်ခိုင်းသေးလို့ တားမြစ်ခံထားနေရပါတယ်။
No comments:
Post a Comment