မြန်မာပြည်သူလူထုအကျိုးအတွက် ရှေ့ ရှူဆောင်ရွက်ကြရန် တိုက်တွန်းချက်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်။
ရှေ မြန်မာပြည်သူလူထုအကျိုးအတွက် ရှေ့ရှုဆောင်ရက်ကြရန် တိုက်တန်းချက်။
စာအမှတ် - ၇/၂၀၀၉ (မဃတ+၈၈+ဗကသ)။
ရက်စွဲ - ၁၉/၁၁/၂၀၀၉။
(၁) ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ဒေါ်အောင်ဆန်းစုကြည် ပေးစာနှင့် NLD ၏ ထုတ်ပြန်ချက်များအရ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် အမျိုးသားရင်ကြားစေ့ရေးအတွက် နိုင်ငံရေးစိတ်ဆန္ဒ ပြင်းပြစွာရှိရုံမျှမက အမျိုးသားအကျိုးစီးပွားကို ရှေ့ရှုပြီး နိုင်ငံတော်အတွက် အကျိုးရှိစေမည့် လုပ်ငန်းများအတွက် နအဖနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်လိုကြောင်း။ ထိုသို့ ဆောင်ရွက်နိုင်ရေးအတွက် ဒေါ်အောင် ဆန်းစုကြည်နှင့် NLD CEC များတွေ့ဆုံခွင့်ရရေး၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် တွေ့ဆုံညှိနှိုင်းခွင့် ရရေး တောင်းဆိုချက်များသည် အလွန်တရာ သဘာဝကျပြီး အဓိပ္ပါယ်အပြည့်အ၀ရှိသော၊ အပြုသဘောဆောင်သော တောင်းဆိုချက် များအဖြစ် ကျွန်ုပ်တို့မှ ရှုမြင်ပါသည်။
(၂) အမေရိကန် သမတ ဘားရက်အိုဘားမားကလည်း အာရှခရီးစဉ်တွင် “ကျနော်တိုဟာညီညွတ်သော၊ ငြိမ်းချမ်းသော၊ ချမ်းသာ ကြွယ်ဝသော၊ ဒီမိုကရေစီထွန်းကားသော မြန်မာနိုင်ငံဖြစ်လာရေးကို ထောက်ပံ့အားပေးပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီလမ်းကြောင်းကို ဦးတည် လာခဲ့ရင် အမေရိကန်ပြည်ထောင်စုနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး ဖြစ်ထွန်းလာနိုင်ပါတယ်။”ဟု ပြောခဲ့သည့် စကားများအရ အနောက်နိုင်ငံများ၏ နအဖစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ပပျောက်သွားစေရေးအတွက် လုပ်ဆောင်နိုင်သည့်၊ လုပ်ဆောင်ရမည့် အဓိက တာဝန်ရှိ သူမှာ နအဖစစ်အစိုးရ ကိုယ်တိုင်ပင်ဖြစ်ကြောင်း သိသာ ထင်ရှားလှသည်။
(၃) လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် သမတ အိုဘားမားတို့က မြန်မာလူထုနှင့် နိုင်ငံတကာ အသိုင်းအ၀ိုင်း တခုလုံးကို ကိုယ်စားပြုပြီး ယခုကဲ့သို့ အပြုသဘောဆောင်သော ချဉ်းကပ်မှုများဖြင့် လက်တွဲ ညှိနှိုင်းဖြေရှင်းရေး၊ ပြုပြင်ပြောင်းလဲရေး အတွက် တိုက်တွန်းပန်ကြားချက်များအပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် အမြှော်အမြင်ရှိရှိ သဘောထားကြီးကြီးထားပြီး တိုင်းပြည်နှင့် လူထုအကျိုး ကို ရှေ့ရှုကာ အချိန်မနှောင်းမီ အကောင်းဘက်သို့ ဦးတည်သည့် ပြုပြင်ပြောင်းလဲမှုများကို ဆွေးနွေးညှိနှိုင်း ဖော်ဆောင်သင့်ပြီဖြစ်ကြောင်း၊ ဤကဲ့သို့ဆောင်ရွက်ခြင်းသည် တိုင်းပြည်နှင့် လူထု အကျိုးအတွက်သာမက တပ်မတော်၏ ဂုဏ်သိက္ခာ အတွက်ပါ အကျိုးရှိစေသဖြင့် အခွင့်အခါကောင်းကို မိမိရရ ဆုပ်ကိုင်သင့်ကြောင်း ကျွန်ုပ်တို့မှ ထပ်ဆင့် တိုက်တွန်းတောင်းဆိုလိုက်သည်။
(၄) ကျွန်ုပ်တို့အနေဖြင့် ရွှေဂုံတိုင်ကြေညာစာတမ်းအား ကျိုးကြောင်းဆီလျှော် လက်တွေ့ကျသော၊ နိုင်ငံရေးဂုဏ်သိက္ခာရှိသော လူထုရှေ့ ဆောင်လမ်းစဉ်အဖြစ် အလေးအနက် ခံယူသဘောထားကာ ထို ရွှေဂုံတိုင်ကြေညာစာတမ်း သက်ဝင်လှုပ်ရှားနိုင်ရေးအတွက် ဒီမိုကရေစီ အင်အားစုများ အားလုံးနှင့်အတူ လက်တွဲ၍ ဆက်လက်ကြိုးပမ်းသွားမည် ဖြစ်သည်။ ထို့အတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် လည်း ၁၉၉၀ ရွေးကောက်ပွဲတွင် ပြည်သူလူထုတရပ်လုံးက ဒီမိုကရေစီရေး ဦးဆောင်ပါတီအဖြစ် ရွေးချယ်တင်မြှောက်လိုက်သည့် မဲဆန္ဒ ရှင်ပြည်သူများ၏ မျှော်လင့်ချက်နှင့် ယုံကြည်ကိုးစားမှုများအပေါ် မျက်ကွယ်မပြုဘဲ ရွှေဂုံတိုင်ကြေညာစာတမ်းအား အခိုင်အမာ ကိုင်စွဲပြီး ပြည်သူနှင့်အတူ လက်တွဲ၊ ပြည်သူ့ရှေ့မှ မားမားမတ်မတ် ရပ်တည်လှုပ်ရှားသွားစေလိုကြောင်း တိုက်တွန်းပန်ကြားအပ်ပါသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာတပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ။
No comments:
Post a Comment