လေးစားထိုက်သော ပြည်သူ့ ဆရာဝန် ဒေါက်တာ ဒေါ်စောဆ။
ဒေါက်တာ ဒေါ်စောဆ။
(အထက်လွှတ်တော်အမတ် ( F.R.C.S ) ( D.P.H ) နှင့် ( M.B.E ) ဘွဲ့ ရ)။
မြန်မာအမျိုးသမီးထဲက ဆေးပညာ ( F.R.C.A ) ဘွဲ့ ကို ပထမဆုံး ဆွတ်ခူးခဲ့သော ဆရာဝန်မကြီးမှာ ဒေါက်တာဒေါ်စောဆ ဖြစ်သည်။ ဆေးပညာကို လက်ဦးလိုက်စားခဲ့သော ဆရာဝန်ဖြစ်၍ မြန်မာအမျိုးသမီး ဆေးပညာရှင်များ၏ မိခင်ကြီးဟူ၍လည်း ခေါ်နိုင်ပါသည်။ သို့ သော် ဆရာဝန်မကြီး ဒေါက်တာဒေါ်စောဆမှာ လင်ချစ် သားချစ် အပူရှာသူမဟုတ်ဘဲ တစ်ကိုယ်ရေ တစ်ကာယဘ၀နှင့် လွတ်လပ်စွာ လူတိုင်းကို သားစိတ် ၊ သမီးစိတ်ဖြင့် ကုသကယ်တင်ကြင်နာ ယုယခဲ့သူ ဖြစ်သည်။ " ဒေါ်ဒေါ်ဆ - ဒေါ်ဒေါ်ဆ " နှင့် လူငယ်ပိုင်း၏ ချစ်စနိုးစွာ အားကိုးလေးစားမှု ကိုလည်းအများဆုံးခံရသူ ဖြစ်သည်။ သူ့ နာမည်ကိုက ဆန်းနေသည်။
ဒေါ်ဒေါ်ဆ၏ မွေးသက္ကရာဇ်မှာ ၁၂၄၆ခု ၊ ၀ါခေါင်လဆန်း၁၀ ရက် ၊ ၁၈၈၄ခု ၊ သြဂုတ်လ ၊ ၁ ရက်နေ့  ဖြစ်သည်။ ပြည်မြို့ နယ်ပိုင်ဝန်ထောက် ဦးဘိုးစော၏ ဆဋ္ဌမမြောက်သမီးဖြစ်သည့်အတိုင်း ဖခင်၏နာမည်ကို ပူတွဲ ကာဒေါ်စောဆဟု မှည့်ခေါ်ခဲ့ကြောင်း သိရပါ၏၊ ပါဠိဂဏန်းအလိုက် ပထမ သမီးကို ( ဧက ) ဖြစ်၍ မစောအစ်၊ ဒုတိယသမီးကို မစောဒွေး ၊ တတိယသမီးကို မစောတ ဟူ၍ မှည့်ခေါ်ကာ၊ ဆဋ္ဌမသမီး ဖြစ်၍ မစောဆ ဟု ခေါ်ခဲ့သည်ဟုဆိုရာ ရှေ့ လူကြီးများ၏ အရိုးခံသဘောကို လေ့လာတွေ့ ရှိရပါသည်။
ထိုခေတ်တုန်းက အင်္ဂလိပ်စာတတ်ဖို့ ဆိုတာ လွယ်ကူသော ကိစ္စမဟုတ်ပါ။ အမျိုးသမီးတွေ အေဘီစီဒီသင်၇ကောင်းလားဟု ကဲ့ရဲ့ သင်္ဂြိုလ် စကားတင်းဆိုသော ခေတ်? သင်ချင်တိုင်းလည်း အင်္ဂလိပ်ကျောင်းက မပေါ်သေး။ ရှိပြန်တော့လည်း စရိတ်က အကုန်ကျမခံနိုင်လျှင် ပညာမတတ်သောခေတ် ဖြစ်သည်။ ထိုအချိန် ၁၉၀၆ခုနှစ်တွင် ဒေါ်စောဆသည် သာသနာပြုကောလိပ်ကျောင်းမှ ( F.A ) စာမေးပွဲကို အောင်မြင်ခဲ့၏။ အသက်မှာ ၂၂ နှစ်အရွယ် ယူနီဘာစီတီက မရှိသေး။ ကောလိပ်သာရှိသည်။
( F.A ) အောင်ပြီးသောဒေါ်စောဆသည် ငါးနှစ်အကြာတွင် ဆေးကောလိပ်မှ ( L.M.S ) ဘွဲ့ ကို ၁၉၁၁ ခုနှစ်တွင်ရရှိခဲ့သည်။ ရိုးရိုးဒီဂရီမျိုးမဟုတ်ဘဲ ဆေးသိပ္ပံပညာနှင့် ဆရာဝန်အတတ်ကို သူတို့ ခေတ်က သင်ကြားတတ်မြောက်လာခြင်းမှာ ကြီးကျယ်သော ထူးခြားမှုပင် ဖြစ်သည်။
နောက်တစ်နှစ်၁၉၁၂ ခုနှစ်တွင် ( F.R.C.S ) ဟူသောရခဲလှသည့် ဘွဲ့ ထူးကို ( Royal College of Surgcons ) ကျောင်းမှ ပထမဆုံးအမျိုးသမီးအနေနှင့် ဆွတ်ခူးရရှိခဲ့ပြန်သည်။ထိုကျောင်းမှ အိုင်ယာလန်ပြည် ဒဗ္ဗလင်မြို့ တွင် ရှိသည်။ မြန်မာအမျိုးသမီးများထဲမှ ထိုဘွဲ့ ထူးကို ဒေါ်စောဆက ပထမဦးဆုံးလက်ရဆွတ်ခူးနိုင်သည့်အတွက် တိုင်းပြည်၏ ကျက်သရေဆောင် ဖြစ်သည်။
နိုင်ငံရေးတာဝန်။
မြန်မာတိုင်းရင်းဖွား အမျိုးသမီးများအနက် ဆေးပညာကိုလက်ဦးလိုက်စားခဲ့ပြီး ( အက်(ဖ)အာစီအက်(စ)ဘွဲ့ ၊ ဒီပီအိပ်(ချ)ဘွဲ့ နှင့်( အမ်ဘီအီ ) ခေါ် မင်းဘားအောက်(ဖ) သာဘရစ်တစ်ရှအင်ပါယာ)ဘွဲ့ အပြင် အထက်လွတ်တော်အမတ်ဟူသော ဘွဲ့ များ အပ်နှင်းခြင်းခံရသူဖြစ်သည်။ ပထမ မျက်နှာစုံညီပြီးသည့်နောက် ခွဲရေး-တွဲရေးများပေါ်လာပြီး အိန္ဒိယနှင့် ခွဲလျှင် မည်သည့်ပုံစံနှင့်ပေးမည်ကို ဆွေနွေးဖို့ ဒုတိယအကြိမ် စည်းဝေးပွဲသို့ ဒေါ်စောဆတက်ရောက်ရန် ရွေးချယ်ခဲ့ကြသည်။ သို့ သော် ၁၉၃၅ခုတွင် ဒုတိယမျက်နှာစုံညီအပြီး အုပ်ချုပ်ရေး ဥပဒေပြဋ္ဌာန်း၍ ၁၉၃၆ခုတွင် ရွေးကောက်ပွဲလုပ်ခြင်း ၊ ၁၉၃၇ခုတွင်ကိုယ်ပိုင်အုပ်ချုပ်ရေးရခြင်းများ ၊ဖြစ်ခဲ့သည်။ထို့ နောက် အထက်လွတ်တော် အောက်လွတ်တော်ဟုရှိခဲ့ရာ ၁၉၃၇ခုတွင် ၊ ဒေါ်စောဆမှာအထက်လွတ်တော် အမတ်အဖြစ် တင်မြှောက်ခံခဲ့ရသည်။
မလျှော့သောဇွဲလုံ့ လ။
ဒေါ်စောဆကား " ငါဆရာဝန်မကြီးဖြစ်ပြီမို့ ဒါနှင့်ဘဲ တင်းတိမ်တော့မည် " ဟု ရပ်တန့် ကရပ်မနေခဲ့ပေ။ ဆေးပညာကို အထူးလိုလားစွာ ဆက်လက်ဆည်းပူးခဲ့ရာ ၁၉၁၃ခုနှစ်တွင် ( Royal Colleg of physicians) ကျောင်းမှ ( D.P.H ) ဘွဲ့ ကို ထပ်မံဆွတ်ခူးလိုက်သေးသည်။ ထိုမျှနှင့်မရောင့်ရဲသေး။ ဆက်လက်၍ဆေးပညာကိုဆည်းပူးခဲ့ရာ တစ်နှစ်အတွင်းမှာပင် (Coombes Maternity Hospital ) မှ ( L.M ) စာမေးပွဲကိုအောင်မြင်လိုက်သေးသည်။ ဘွဲ့ တစ်ခုတည်းနှင့် တင်းတိမ်ရပ်တန့် နေသော ခုခေတ်လူငယ်တွေ အတုယူဖို့ ပင်။
ဆေးသိပ္ပံလောက၏ မီးရှူးတန်ဆောင်။
ဒေါ်စောဆသည် ဆေးသိပ္ပံလောကတွင် အမျိုးသမီး မီးရှူးတန်ဆောင်ကြီးဖြစ်သည့် အားလျှော်စွာ ရန်ကုန်ဆေးရုံကြီးနှင့် ဒပ်ဖရင်ဆေးရုံကြီးတွင် အမှုထမ်းရင်း အသက်ပေါင်းများစွာကို ကယ်တင်ခဲ့ဖူးသည်။ မျက်နှာဖြူ မျက်နှာနီများကြားထဲတွင် ဘီဆံထုံးကြီး တကားကားနှင့် ပ၀ါစုံချပြီး ခန့် ခန့် ညားညား အသွင်ဖြင့် တိုင်းပြည်အတွက် လုပ်အားပေးခဲ့သော သူ့ ဓာတ်ပုံကို မြင်ခဲ့ဖူးပါသည်။
ရန်ကုန်ဆေးရုံကြီးတွင် အမျိုးသမီးလူနာဌာန၏ လက်ထောက်ဆရာဝန်မကြီးအဖြစ်၎င်း ၊ ဒပ်ဖရင်တွင် ၁၉၁၄ မှ ၁၉၂၁ အထိ ၇နှစ်တိုင်တိုင် ဆေးရုံအုပ်ကြီးဖြင့်၎င်း ၊ တာဝန်ယူရင်းဖြင့် မရှိမဆံဝေဒနာရှင် မိခင်လောင်းများ၏ အသက်ပေါင်းများစွာကို ကယ်ခဲ့ဖူး၏။ လူပြည်ကို ဘွားခနဲရောက်လာခါစ သားသမီးလေးများအား ဒေါ်စောဆသည် ကြင်နာယုယတတ်သော အသည်းနှလုံးဖြင့်၎င်း ၊ သူ၏ နူးညံ့သော လက်နှစ်ဖက်ဖြင့်၎င်း ပထမဦးဆုံး ဆီးကြိုနှုတ်ဆက် ပိုက်ဖျားပွေ့ ချီခဲ့သူ ဖြစ်သည်။ သူမွေးပေး၍ လူလားမြောက်လာသော ဧရာမကြီးကြီးကျယ်ကျယ် ပုဂ္ဂိုလ်ကြီးတွေကား ဘယ်လောက်ရှိမည်ဟု မခန့် မှန်းနိုင်ပါ။
မေတ္တာရှင်မိခင်ကြီး။
"ဆေးနှင့်ကုတာထက် ဒေါ်စောဆက မေတ္တာကရုဏာနှင့် ကုတာကပိုပြီးများပါတယ် " ဟု သူ့ ဆွေမျိုးများက ပြောပြပါသည်။ "ဒေါ်ဒေါ်ဆဟာ သိပ်စိတ်ရှည်တယ် ၊ အသန့် အပြန့် မှ ကြိုက်တယ် ၊ မွေးလူနာအတွက် ရေနွေးတည်တာတောင် ပူ မပူ လက်နှိုက်ကြည့်တာ၊ မပူရင် မသန့် တော့ဘူးဆိုပြီး သွန်ပစ်ခိုင်းတယ် " ဟု ဆိုပါသည်။
ဆောင်ရွက်ချက်များ။
ဒေါ်စောဆကား မွေးကတည်းက ခရီးယာယီပါလာခဲ့ဟန်တူပါ၏။ နိုင်ငံခြားကိုလည်း အခေါက်ခေါက် ရောက်သည်။ ရောက်ပင်ရောက်ငြား အောက်ခြေလွတ်သူ မဟုတ်။ သူပညာဂုဏ်နှင့် သူ့ အရည်အချင်း တောက်ပြောင်မှု့ ကြောင့် မြန်မာအမျိုးသမီးဟု ကမ္ဘာက အသိမှတ်ပြုခြင်း ခံခဲ့ရသည်။
၁၉၂၁ ခုနှစ်မှာပင် ( A. B. W . F . M . S ) ၏ အနှစ်ငါးဆယ်မြှောက် ရွှေရတုသဘင်သို့  မြန်မာပြည်၏ ကိုယ်စားလှယ်အနေဖြင့်လည်း တက်ရောက်ခဲ့ရသည်။ ထို့ အပြင် မြန်မာပြည်တွင် မြူနီစီပါယ်လူကြီးအဖြစ် ဦးစွာခန့် ထားခြင်း ခံရသူမှာ ဒေါ်စောဆပင် ဖြစ်သည်။ ရန်ကုန်မြူနီစီပါယ်တွင် ပထမအကြိမ် အမျိုးသမီး မြူနီစီပါယ်လူကြီးဖြစ်ခဲ့သော ဆရာဝန်မကြီး ဒေါ်စောဆ အကြောင်းကို ၄ ၊ ၇ ၊ ၃၆ နေ့ ထုတ် သူရိယသတင်းစာ ၂၅ ကြိမ်မြောက် အထူးထုတ်၌ ဓာတ်ပုံနှင့်တကွ ဖော်ပြခဲ့ကြသည်။
ထိုနှစ်အတွင်း၌ပင် အပြည်ပြည်ဆိုင်ရာ ဆေးကွန်ဖရင့်သို့ လည်း တက်ရောက်ခဲ့ပြန်သည်။ ၁၉၂၂ခုတွင် အမေရိကန်မှ မြန်မာပြည် ပြန်ရောက်လာသည့်အခါ ကိုယ်ပိုင်သားဖွားခန်း တစ်ခုကို ဖွင့်၍ ဝေဒနာသည်အပေါင်းကို ကုသပေးခဲ့သည်။ ပုဇွန်တောင်ဆေးရုံ ၊ ကျွန်းတောလမ်းဆေးရုံများအား ဒေါ်စောဆ သံယောဇဉ် အလွန်ကြီးမားတွယ်တာခဲ့သော ဆေးရုံများ ဖြစ်သည်။ ၁၉၂၃ခုနှစ်တွင် အင်္ဂလန်ပြည်နယ်၌ ကျင်းပသောမျက်နှာစုံညီ အစည်းအဝေးကြီး ( Round Table Conference ) သို့ အဖွဲ့ ဝင်တစ်ဦးအဖြစ်လည်း တက်ရောက်ဆွေးနွေးခဲ့သည်။
စစ်မဖြစ်မှီ။
ဒုတိယကမ္ဘာစစ် မဖြစ်မီက ဒေါ်စောဆ ပါဝင်လုပ်အားပေးခဲ့သော အသင်းအဖွဲ့ ပေါင်းမှာ မရေမတွက်နိုင်အောင် များပြားလှသည်။ မျက်စိနှစ်လုံးပိတ်၍ အိပ်နားချိန်မှ လွဲလျှင် သူတစ်ပါးကို ကူညီဖို့ စေတနာဝန်ထမ်းအလုပ်အပြင် မိမိ၏ ဆေးတာဝန်ဝတ္တရားနှင့်သာ ကုန်လွန်စေခဲ့သည်။ ကြက်ခြေနီအသင်း ၊ ဗြိတိသျှအင်ပါရာ ကုဌနူနာကယ်ဆယ်ရေးအဖွဲ့ ၊ မြူနီစီပါယ်ကောင်စီ၊ မြန်မာအမျိုးသမီးများအဖွဲ့  ၊ လူမှု့ ဝန်ထမ်းအဖွဲ့  ၊ မိဘမဲ့ လူလေလူလွင့်လေးများ စောင့်ရှောက်ရေးအဖွဲ့ ကော်မတီ ၊ ဆေးသိပ္ပလေ့လာရေးဘုတ်အဖွဲ့  ၊ ဆေးကောင်စီသူနာပြုနှင့်ဝမ်းဆွဲဆရာမများကောင်စီ ၊ ဂျက်ဆင်ကောလိပ်၏ ဂေါပကအဖွဲ့  ၊ ယူနီဘာစီတီဆီးနိစ်အဖွဲ့  ၊ခရစ်ယာန်အမျိုးသမီးအသင်း ၊ ရန်ကုန်အမျိုးသမီးစောင့်ရှောက်ရေးအဖွဲ့ များတွင် ကိုယ်အား ၊ ဥာဏ်အား ၊ ပညာအား ၊ ပေး၍ ထိထိရောက်ရောက် စေတနာအပြည့်နှင့် ကူညီပါဝင်ခဲ့ဖူးသည်။ ဘယ်အသင်းကို ဘယ်လိုကူညီရပါ့မလဲ ၊ ဒါဘဲအာရုံပြုခဲ့သည်ဟု သိရသည်။
စေတနာ့ဝန်ထမ်းများပီပီ။
ဒေါ်စောဆကား တကယ့်စေတနာ့ဝန်ထမ်းသမားဖြစ်သည်။ ပြည့်တန်ဆာကိစ္စ ပျောက်ပရေးအတွက် ကိုလည်း ထောက်ခံခဲ့သူ ဖြစ်သည်။ ၁၉၄၀ပြည့်နှစ်တွင် ဒေါ်စောဆမှာ ရုတ်တရက် ကိုယ်တစ်ခြမ်းကျင်သောရောဂါ ၀င်ရောက် စွဲငြိလာသဖြင့် လေးလတိတိ အနားယူပြီးလျှင် ဆေးကုသအနားယူနေရရှာသည်။
ဂျပန်ခေတ်အတွင်း။
ဂျပန်ဝင်ချိန်၌ တော်တော်နှင့် နလန်မထူနိုင်ရှာပါ။ သူများဝေဒနာကို ပျောက်ကင်းအောင် ကုနိုင်ခဲ့သော်လည်း ကိုယ့်ရောဂါကိုတော့ ချက်ချင်း မကုနိုင်ရှာခဲ့။ တဖြည်းဖြည်းနှင့် ကျန်းမာလာသည့်နောက်တွင်မူ စစ်ပြေးဘ၀နှင့် စလင်း ၊ လယ်ကိုင်း ၊ ညောင်ကိုင်း ၊ မအူပင် ၊ နှင့် မင်းဘူးသို့ ပြောင်းရွှေ့ နေထိုင်ရင်း အချိန်ကို အလဟဿမကုန်စေဘဲ အခမဲ့လိုက်လံ ဆေးကုသပေးခဲ့သည်။ မင်းဘူးတွင် ကုဌနူနာသည်များ ဥပဒဟိုသွားလာနေကြသည့်အတွက် ရောဂါပြန့် ကုန်မည် စိုးသဖြင့် ကော်မတီတစ်ခုဖွဲ့ ကာ နူနာသည်များကို စနစ်တကျ သီးသန့် နေရာသစ် ရှာဖွေပေးခဲ့လေသည်။့  လူမှုဝန်ထမ်းဌာနအတွက် ပထမဆုံး လမ်းဖွင့်ပေးခဲ့ခြင်း ဖြစ်ပါသည်။
ထိုအချိန်က စစ်ပြေးဒုက္ခသည်များမှာ မင်းဘူးနှင့် စက္ကတဲ တောင်ခြေအနီး မန်းချောင်းတစ်ဝိုက်တွင် ခိုလှုံနေရဆဲ၊ နူနာကလည်း ကူးစပ်ဖို့ အမြန်ဆုံးဖြစ်နေရာ ဒေါ်စောဆမှာ ကာကွယ်မှု့ ကို အပူတပြင်း ပြုရလေသည်။ ဆေးရုံမှ ပစ္စည်းတွေ လိုသမျှတောင်းပြီး ဝေငှပေးခဲ့သည်။ ဘုန်းကြီး ရဟန်းသံဃာများအပြားပင်၊ သူရှိရာသို့ လာ၍ အလှူခံလေ့ရှိသည်။ လယ်ကိုင်းဘက်မှ ဝေတနာရှင်ဖျားနာကျိုးပဲ့သူများမှာ ဒေါ်စောဆ၏ ကြင်နာယုယမှု့ ကို မျှော်လင့်အားထားခဲ့ကြသည်။ တစ်ခါတစ်ရံ သူကိုယ်တိုင် မသွားနိုင်ပါက တူမများကို အရင်လွတ်၍ အဖျားတိုင်းထွာခိုင်းလေ့ရှိသည်ဟု ဆိုပါသည်။ နံနက်ည မှန်မှန် လူနာအဖျားတိုင်းရသော တူမများကိုလည်း သူကဲ့သို့ ပင် ဝေတနာရှင်များကို ကြင်နာအောင် သွန်သင်ပေးခဲ့သည်။ အခကြေးငွေကို မမက်ဘဲ စေတနာ့ဝန်ထမ်း အလုပ်သက်သက် လုပ်ခဲ့၏။ သူမြတ်နိုးသောပညာကို အလဟဿအဖြစ် မခံနိုင်။ ကျောင်းဆရာဆိုလျှင်လည်း စာမသင်ဘဲ မနေတတ်။ ဤကား သဘာဝအတိုင်းပင် ဖြစ်သည်။
ဝါသနာ။
ဒေါ်စောဆသည် အလွန်စိတ်ရှည်သည်။ သို့ သော် ဆရာမလေးများကိုမူ ခပ်ကြမ်းကြမ်းလေး ချုပ်ကိုင်တတ်သည်။ လူနာတွေ နာကျင်သလို သူလဲ နာကျင်တတ်သည်။ တစ်ခါတစ်ရံ အင်္ဂလိပ်များ လက်လျှော့ထားသည်ကိုပင် စိတ်မလျှော့ဘဲ ဆက်လက် ကုသတတ်သည်။ အတတ်နိုင်ဆုံးကယ်ဆယ်ခဲ့သည်။ စစ်ပြေးတုန်းက ဆေးရုံကလည်း ရှားပါး ၊ ဒဏ်ရာရသူတွေကလည်း ပေါများ ၊ တစ်ခါတစ်ရံ လူနာခေါ်၍ သွားရသည်။ ကြမ်းက မခိုင်၍ ထိုင်ပင် မထိုင်ဝံ ၊ ဒိုက်ဦးမှာနေကြစဉ် မွေးလူနာတစ်ဦး လယ်တောတဲထဲမှာ အသည်းအသန် ဖြစ်နေသည်ဆို၍ လိုက်သွားရာ တော်တော်နှင့် ပြန်မလာဘဲနေသည်။ တဲကလေးကလည်း ငုံ့ ဝင်မှ ရသည်။ ညောင်လေးပင်ဆေးရုံကလည်း မနီး ၊ ဒါနှင့် မေ့ဆေးပေးပြီး ခွဲစိတ်ကုသပေးရသည်။ အ၀တ်သန့် သန့် မရှိသဖြင့် အိမ်က အိပ်ယာခင်း ၊ စာပွဲခင်းများကို ဆုတ်ပြီး ဆေးရုံမှာကဲ့သို့  တဲကလေးကို ဆေးခန်းလုပ်ပြီး ကုသပေးခဲ့ရသည်။ အဖျားမကျမချင်း အနားက မခွာ ကိုယ်ဖိရင်ဖိ ကုသခဲ့တယ်။ " ဟု သူ့ သားချင်းမှာထံမှ ကြားရပါသည်။ သူ့ ကို အားကိုးသောဝေဒနာရှင်များအား ပြန်လည်လေးစားခဲ့သည်။
ဝေဒနာသည်များမှာ သူ့ ကိုမြင်ရုံနှင့် အားတက်လာကြသည်။ ဆေးထိုးရာ၍လည်း ထိုးမှန်မသိအောင် ညင်သာသည်ဟု တဆင့်စကား ကြားရပါသည်။
ဒေါ်စောဆအား အသက်ရှင်နေသရွေ့  အလုပ်နှင့်လက် ပြတ်သည်မရှိပါ။ အရွယ်ထောက်လာသည့်တိုင်အောင် သူ သံယောဇဉ် ရှိခဲ့သော ဆေးခန်းကို ပစ်မထားဖို့  အထပ်ထပ်မှာခဲ့သည်။ သူရေးသားပြုစုသော သူနာပြုဝမ်းဆွဲ ဆရာမများ လက်စွဲစာအုပ်မှာ နောင်လာနောက်သားတွေ အတွက် ကြီးစွာသော အထောက်အကူ ဖြစ်ခဲ့သည်။
သူ့ အတ္ထုပ္ပတ္ထိရေးရန် ဟယ်လ်ပင်လမ်း ( ယခုပြည်ထောင်စုရိပ်သာလမ်း ) နံပါတ် ( ၆၀ ) ရှိ သူ့ အိမ်သားများနှင့် သွားတွေ့ စဉ်က ကံကောင်း၍ သူ့ လက်ရေးနှင့် စာရွက်ကလေးတစ်ခုကို တွေ့ ခဲ့ရသည်။ “၁၉၄၆ခု ၊ စစ်အပြီး ရန်ကုန်ပြန်လာသည့်အခါ လင့်လမ်း ( ယခု လမ်း ) အမှတ် (၃၀ ) ကျွန်မတို့ အိမ်မှာ ဂျပန်တွေ မီးရှို့ ပစ်ခဲ့တာ တွေ့ ရသည် " ဟူသော မှတ်တမ်းလေးပင် ဖြစ်၏။
သူ့ ၏ စေတနာ့ဝန်ထမ်းအလုပ်မှာ ယခု ခေတ်စီးပွားရေးရှု့ ထောင့် အသီးသီးမှ ငွေရရင်ပြီးရော မျက်နှာကြီးရာ ဟင်းဖတ်ပါသော အသပြာဆရာဝန်တွေနှင့်ကား ဘာမျှမဆိုင်။ တစ်ဘာသာစီ ခြားနေဘိသည်။ ဒေါ်စောဆကဲ့သို့  အတန်းအစားမရွှေး အနစ်နာခံကာ စေတနာထားနိုင်သူ ဆရာဝန်တွေ ယခုခေတ်မှာ ဘယ်လောက်ရှိမလဲ။ သူ့ နမူနာယူပြီး ဘယ်နှစ်ယောက် သူ့ ခြေရာနင်းန်ုင်မလည်း။ ဆရာဝန်မကြီး ဒေါက်တာဒေါ်စောဆကား သစ်ပင် ပန်းပင် စိုက်ပျိုးရန်လည်း အလွန်ဝါသနာထုံသည်။ သို့ သော် အလွန်ပန်ဆင်ခဲသည်။ ငယ်စဉ်ကပင် သူ့ မော်တော်ကား သူမောင်းကာ တင်းနစ် အမြဲရိုက်ကစား၍ ကျန်းမာရေးကောင်းခဲ့သူ ဖြစ်သည်။
ဤသို့  တစ်သက်လုံး အငြိမ်မနေ လှုပ်ရှားခဲ့သော ဆရာဝန်မကြီးမှာ ၁၉၆၂ခုနှစ် ၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အသက် ၇၈ နှစ်အရွယ် သွေးတိုးရောဂါ၏ ဖိစီးမှု့ ကြောင့် သူအလွန်ချစ်မြတ်နိုးခဲ့သော လူသားနှင့်တကွ ဆေးပညာရပ်တွေ ၊ ကယ်ဆယ်ကုသရေးလုပ်ငန်းတွေကို စွန့် လွှတ်ကာ ထာဝရအနားယူခဲ့သည်။
(ဆရာမကြီး ဒေါ်စောမုံညင်းရဲ့ မြန်မာအမျိုးသမီးများစာအုပ်မှ ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။
No comments:
Post a Comment