နအဖနဲ့  လက်ပါးးစေတွေက ပြည်သူ့ တွေရဲ့  ရင်သွေး လူငယ်လူရွယ်တွေကို ကွန်ပျူတာ နည်းပညာ မထူးချွန်စေချင်။
နအဖလက်အောက်ခံ မြန်မာ တယ်လီပို့ အင်တာနက် ၀န်ဆောင်မှုလုပ်ငန်း Myanmar Teleport (ပုဂံ ဆိုက်ဘာ တက်ခ် Bagan Cybertech) က IT နည်းပညာများကို မျှဝေပေးနေတဲ့ IT Men ဘလော့ကို ပြည်တွင်းက ပြည်သူတွေ ကြည့်မရအောင် တားဆီးပိတ်ပင်လိုက်ပါတယ်။
နအဖဟာ ပညာအရည်အချင်းနဲ့ ပြည်စုံကျွမ်းကျင်သူတွေရဲ့  မျှဝေမှုတွေကို လိုက်ပိတ်ပင်နေတာ ပြည်သူတွေ အထူးသဖြင့် လူငယ်တွေရဲ့  ကောင်းမွန်တဲ့ တိုးတက်မှု လေ့လာမှုသင်ယူမှုတွေကို စေတနာမထားမှန်း သိသာပေါ်လွင်စေပါတယ်။ သူတို့ ရဲ့  သားသမီးတွေကြတော့ ကွန်ပျူတာသင်တန်းအကောင်းစားတွေ နိုင်ငံခြားမှာ သင်ယူခိုင်း၊ ပြည်တွင်းမှာလည်း နအဖရဲ့  အာဏာရှင်မျိုးဆက်တွေတည်ဆောက်ဖို့ အတွက်ကြတော့ ကွန်ပျူတာအပြည့်အစုံနဲ့  နည်းပညာတွေ သင်ကြားကြ၊ စစ်တပ်အာဏာရှင်စနစ် ထွန်းကားဖို့ အတွက်ကြတော့ ကွန်ပျူတာနည်းပညာတင်မကဖူး ကျန်အားလုံးသောပညာရပ်တွေကို သင်ကြားပေးတာတွေ လုပ်ကြပါတယ်။
သာမန်ပြည်သူတွေရဲ့  ရင်သွေး လူငယ်လူရွယ်တွေကြတော့ မထူးချွန်ရလေအောင် ပညာမတတ်ရလေအောင် နေရာတကာမှာ လိုက်ပိတ်ပင် တားမြစ်တာ လုပ်တယ်။ ပညာရေးစနစ်နဲ့  အထောက်အကူပြုပစ္စည်းတွေကို ဘာမှ မကောင်းအောင် မရှိအောင် လုပ်တားတယ်။
မြန်မာလူငယ်တွေ ဒီလို အခက်အခဲ ပိတ်ပင်တားမြစ်ခံထားရတဲ့ အခြေအနေတွေ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ကြားထဲကနေ ကိုယ်ဒူးကိုယ်ချွန်ပြီး မိမိဖာသာ လုံ့ လစိုက်ထုတ်ပြီး လေ့လာကြိုးစားသင်ယူကြလို့  တတ်မြောက်လာတဲ့ ပညာတွေကို ပြန်လည်မျှဝေပေးပြန်တော့လည်း နအဖနဲ့  လက်ပါးစေတွေက အငြိမ်မနေကြပြန်ဖူး။ လိုက်လံနှောင့်ယှက်တာတွေ လုပ်ပြန်ရော။
ဒီတော့ နအဖနဲ့  လက်ပါးစေတွေဟာ အင်မတန်ကြောက်တတ်တဲ့သူတွေဘဲ။ အရည်အချင်းချင်း ယှဉ်ပြိုင်ရဲတဲ့ သတ္တိ မရှိသူ သူရဲဘောကြောင်သူတွေဘဲလို့  သတ်မှတ်ရပါတယ်။
ဒီလို ဘလော့အပိတ်ခံရတာနဲ့  ပတ်သက်ပြီး IT Men blog ရဲ့  စီမံခန့် ခွဲသူ Adminstrator ဖြစ်သူ ကိုသူရိန်ကနေ အောက်ပါအတိုင်း ရေးသားဖေါ်ပြထားပါတယ်။
Cbox မှာ အော်ခဲ့ကြ၊ မေးလ်တွေ ပို့ကြတော့မှ itmen ကို ပုဂံက ဘန်းလိုက်ပြီဆိုတာကို သိခဲ့ပါတယ်။ စစကြားချင်း အရမ်းအံ့သြမိပါတယ်။ ဘာကြောင့်လဲ၊ ဘာတွေပါလို့လဲလို့ ဘန်းတဲ့အကောင်တွေကို ပြန်မေးချင်တယ်။ အစကတည်းက ဘန်းခံရမှာကြောက်လို့ ဘာမှမပါအောင် ရှောင်ပြီး ရေးခဲ့ပါတယ်။ ကျွန်တော် ယူဆတာက ဘန်းခံရရင် အလွယ်တကူနည်းနဲ့ ၀င်လို့မရတော့ဘူး။ အဲဒီအခါမှာ နည်းပညာပြန့်ပွားမှု နည်းသွားမယ်လို့ ယူဆပါတယ်။ ဒါကြောင့်လည်း ဘာမှမပါအောင် ရှောင်ရေးခဲ့ပါတယ်။ တစ်ချို့ကိစ္စတွေများ ရေးချင်လိုက်တာ လက်ကိုယားနေတာ။ အဘန်းခံရရင် စာဖတ်သူတွေ ဘလော့ဂ်ကို ၀င်ရတာ အခက်အခဲ ဖြစ်မှာ မို့ မရေးခဲ့ပါဘူး။
ပုဂံက ဘန်းတဲ့အကောင်သေး၊ အကောင်ကြီးများ ခင်ဗျား။ ကျွန်တော်ကတော့ ကျွန်တော်တို့လူငယ်တွေ တော်ပါစေ၊ တတ်ပါစေတော့ဆိုပြီး တတ်နိုင်သလောက်လေးနဲ့ ကိုယ်သိသလောက်လေးကို ဘလော့ဂ်လုပ်ပြီး ရှယ်ယာလုပ်နေပါတယ်။ ခင်ဗျားတို့ကတော့ ဒီတိုင်းပြည်ကတော့ လူငယ်တွေ တတ်သွားမှာ၊ တော်သွားမှာ အရမ်းကြောက်နေတယ် ထင်ပါရဲ့နော်။
လက်ရှိအစိုးရကို Anti လုပ်နေတဲ့ ဘလော့ဂ်တွေ၊ site တွေကို ဘန်းတာကို မပြောလိုပါဘူး။ အိုင်တီနည်းပညာတိုးတက်ဖို့ ရေးသားနေကြတဲ့ ဘလော့ဂ်တွေ၊ site တွေထိ ဘန်းတာကိုတော့ နားမလည်ဘူး။ ခွင့်မလွှတ်နိုင်တော့ဘူး။
နည်းပညာအရ မဖြစ်နိုင်တာ ဘာမှမရှိဘူး။ မင်းတို့တွေ ဘယ်လိုပဲ ဘန်းဘန်း၊ ရအောင် ကျော်နေကြတာပဲ။ ကျော်လို့ ရနေတာပဲ။ မင်းတို့တာဝန်က သခင်ခိုင်းတဲ့အတိုင်း ဘန်းပေးရမှာပေါ့ ဟုတ်ဘူးလား။ ကျော်ရမှာကတော့ ငါတို့ရဲ့ တာဝန်ပေါ့ကွာ။
(ရေးသားသူ - Thurein – Admin) ။
နအဖရဲ့  ပိတ်ပင်တားမြစ်ခြင်းခံရတဲ့ IT Men blog ဘလော့ လိပ်စာကတော့ http://itmen.myanmarbloggers.org/ ဖြစ်ပါတယ်။ သွားရောက်အားပေးကြည့်ရှူကြဖို့  တိုက်တွန်းလိုက်ရပါတယ်။
No comments:
Post a Comment