Thursday, January 28, 2010

နအဖက မြန်မာပြည်သူတွေ အကျင့်စာရိတ္တ ပျက်စီးလေ ကြိုက်လေဆိုပြီး …..

တစ်နေ့မှာ ကျောင်းကအပြန် ဘတ်စ်ကားကြီး စီးလာတုန်းကပေါ့ ....

`အကြွေပေးနော်...ပြန်အမ်းစရာမရှိဘူး´ အော်ရင်းနဲ့ ယာဉ်စီးခလိုက်ကောက်နေတဲ့ စပယ်ယာကို အမှတ်မဲ့ ကြည့်မိတယ်။ သူ့စကားကြောင့် သူ့လက်ထဲကို မျက်စိကရောက်သွားတာ။ နှစ်ရာတန် အစုတ်တွေ အများကြီးပဲ၊ တစ်ရာတန်၊ ငါးဆယ်တန် မရှိလို့ အဲလိုအော်တာနေမှာပေါ့။ အရင်ကဆိုရင် ပိုက်ဆံနဲနဲလေး စုတ်ရင်တောင်မယူဘူး။ ပြန်အမ်းရင်လည်း ခရီးသည်က မယူဘူးလေ။ ခုတော့ ဘယ်သူမဆို စုတ်လည်းယူတယ်။ ထားပါတော့..... ကျနော်ငယ်ငယ်က စပယ်ယာတွေက လွယ်အိပ်တွေပါတယ်။ အကြွေစေ့ ပေးစီးကြတာကိုး။ ယာဉ်စီးခ တဖြည်းဖြည်း ပေးရတဲ့ ပမာဏက ကြီးကြီးလာတာ ဘာမှမကြာလိုက်သလိုပါပဲ။

ကျောင်းပြန်ချိန်ဆိုတော့ မမှောင်သေးပေမယ့် တစ်ချို့ဆိုင်တွေမှာ မီးတွေလင်းနေပြီ။ တစ်မြို့လုံးကို အလည့်ကျပေးတယ်ဆိုပေမယ့် တစ်ချို့နေရာတွေ၊ တစ်ချို့ဆိုင်တွေက နေ့တိုင်းမီးလင်းလင်းနေတာ တွေ့တယ်။

ဒီလိုနဲ့ တစ်နေရာရောက်တော့ မီးရောင်စုံလင်းနေတာတွေ့တယ်။ ပွဲဈေးလားကျနေတာပဲ။ ဆိုင်သစ်ဖွင့်တာတဲ့။ ဆိုင်ကြီးကလည်း ဟည်း နေတာပဲ။ ဒုတ်ချတ် ဒုတ်ချတ် တွေနဲ့ ဆူညံနေတော့ ကားပေါ်က လူတွေအားလုံး စပ်စုကြတာပေါ့နော။ ကာရာအိုကေ ... စားသောက်ဆိုင်တဲ့။ မာဆတ် ခေါ် ကလိထိုးခန်းတွေလည်း ပါသေးဆိုပဲ။ ပိုမပြောဘူး ရောင်စုံမီးတွေနဲ့ အဲဒီဆိုင်ကြီးကြည့်ရတာ တိုက်တန်းနစ် အပျော်စီး သင်္ဘောကြီးကျနေတာပဲ။

ဝိုင်းတွေကြားမှာ စားပွဲထိုးနေတဲ့ ကောင်မလေးတွေလည်း အများကြီး။ အဲဒီစားပွဲခုံ တစ်ခုံမှာတောင် စိတ်ကူးနဲ့ခဏ ၀င်ခံစားလိုက်သေးတယ်။ နှာဗူးကျတယ် မထင်နဲ့ ဘေးက အဒေါ်ကြီးတွေတောင် ဆိုင်ရဲ့ခမ်းနားမှုကို ချီးကျူးနေကြတာ။ လူပျိုပေါက်ယောက်ျားလေး တစ်ယောက်က ဒီလိုအခင်းအကျင်းမျိုး စိတ်မ၀င်စားပဲနေပါ့မလားလို့။

ကားဆရာကလည်း အလိုက်သိတယ်။ ကားကို အရှိန်လျှော့လိုက်ပြီး တလှိမ့်ချင်းမောင်းတယ်။ ဘေးကားတွေကို အားနာလို့ ကြည့်လိုက်တော့ သူတို့လည်း အဲလိုပဲ ဆိုနေ၊ ကနေတာတွေကို ကြည့်ရင်းနဲ့ ဖြည်းဖြည်းလေးပဲ မောင်းနေကြတာ တွေ့ရတယ်။

အားလုံးလည်း သတိထားမိမလား မသိဘူးနော် ခုတလော KTV တွေ၊ အနှိပ်ခန်းတွေ၊ ကာရာအိုကေ စားသောက်ဆိုင်တွေ အရမ်းပေါလာတာကိုလေ။ ယောင်္ကျားလေးတွေ၊ ယောက်ျားကြီးတွေ အားလုံးကတော့ ... Oh ... welcome .... Ah...welcome ... သဘောကျနေကြမှာပဲပေါ့ ။ တစ်ချို့ကောင်မလေးတွေလည်း သဘောကျကြတာပါပဲနော်။




















အဲဒီလို ..... ... ... အားလုံးက ၀ိုင်းပြီး မျက်စိအစာကျွေးလို့ ကောင်းနေတုန်း ... `တောက်´ စပယ်ယာဆီက အသံပဲ။ အားလုံးက သူ့ဆီကို ၀ိုင်းကြည့်ကြတယ်။ `တို့လူမျိုးတွေ အားလုံးလည်း ဖာတွေ ဖြစ်ကုန်ပါပြီကွာ´ တဲ့။ သဘာဝအရ သရေကျနေတဲ့ စိတ်ကို အသိတရားနဲ့ ဘရိတ်အုပ်လိုက်ရတယ်။

သူပြောလိုက်တော့မှ ကျနော် တစ်ခုကို သွားသတိရမိတယ်။ 2006 ခုနှစ် ဂျာမနီနိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာဖလားဘောလုံးပြိုင်ပွဲကြီးကို သတိရကြဦးမယ် ထင်တယ်။ အဲဒီနိုင်ငံက နိုင်ငံတကာစီးပွားရေးတွေကို ဖိတ်ခေါ်ခဲ့ပါတယ်။ (ကျနော့် မမများ နားနဲ့မနာ ဖ၀ါးနဲ့ နာပါဗျာ။ မပြော မဖြစ်လို့ပါ၊) အဲဒီမှာ ဂျာမန်အစိုးရက နိုင်ငံတကာက ပြည့်တန်ဆာများကို ဦးရေ ၁-သိန်းအထိ တရားဝင်ခွင့်ပြုလိုက်ပါတယ်။ နိုင်ငံတကာက လုပ်ငန်းရှင်ကြီးများကလည်း အပြိုင်အဆိုင် တင်ပို့လိုက်ကြတာ ၁၀-သိန်းတောင်ကျော်သွားဆိုပဲ။ အဲဒါကို စစ်တမ်းကောက်လိုက်တဲ့အခါကျတော့ ကျနော်တို့ မြန်မာနိုင်ငံက ပြည့်တန်ဆာဦးရေက ၁၀-ပုံ ၁-ပုံတောင် ဖြစ်နေတာတဲ့ဗျ။

ပြောချင်တာကတော့ ... ... ကျနော်တို့ လူတွေဆိုတာက ဒီလို ဖျော်ဖြေရေးတွေ ပေါလာလေ ကြိုက်လေက သဘာဝပဲလေ။ ဒါပေမယ့်ဗျာ .... ခုနက စပယ်ယာပြောသလိုပဲနော် ... ဒီလိုသာ အဲဒီဆိုင်တွေ တစ်စတစ်စ နေရာယူလာမယ်ဆိုရင် ကိုယ့်အိမ်ထဲ ရောက်လာလိမ့်မယ်။ မကြာခင် ကိုယ့်ညီမတွေ၊ ကိုယ့်အမတွေ၊ ကန်တော့ဗျာ ... နောက်ဆုံးရိုင်းရိုင်းပြောရရင် ကိုယ့်အမေပါ ဒီလိုဆိုင်ပေါ်ရောက်ကုန်နိုင်တဲ့ ကိန်းဆိုက်သွားနိုင်တယ်ဆိုတာ ဘယ်သူမှ သတိမထားမိကြဘူးလေ။




















ကျနော်တို့ အထည်ချုပ်တွေ စက်ရုံတွေမှာဆို ငွေကြေးအဆင်မပြေမှုကို အခွင့်ကောင်းယူပြီး လိုင်းထဲ ရောက်မှန်းမသိရောက်အောင် တွန်းပို့လုပ်စားနေသူတွေကိုလည်း တွေ့ နေရပြန်တယ်။ လူအများစုအတွက် အလုပ်အကိုင်ရှားပါးနေတာကလည်း အကြောင်းတစ်ခုဖြစ်မလား မသိဘူးနော်။ လောလောဆည် အလုပ်ရှိတဲ့သူတွေကတော့ ပြောမှာပဲ အလုပ်မရှားပါဘူးလို့ ။ ဒါပေမယ့် ဒီလိုအဖြစ်မျိုးတွေက မယုံနိုင်လောက်အောင်ကို တကယ်ရှိနေလို့ ပြောတာပါ။

ရှက်စရာကိစ္စဆိုတော့လည်း တိုးတိုးတိတ်တိတ်လေးတွေမို့ လူအများက မသိကြတာပါ။ တကယ်လို့ အိမ်မှာဘာအလုပ်မှ ရှာမရရင် ကျနော့်ညီမလည်း အထည်ချုပ်စက်ရုံမှာ သွားလုပ်ရမှာပဲ။ ဒုက္ခပါပဲနော်။

ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာကတော့ ကျနော်လည်း အကြံမပေးတတ်ပါဘူးဗျာ။ အားလုံးဝိုင်းစဉ်းစားသင့်တယ် ထင်တာပါပဲ။ ကျနော့လို ယောင်္ကျားသားမရှိတဲ့ မိသားစုတွေဆိုရင်ကော. ဘယ်လိုလုပ်ကြမလဲ .... ကျနော့ကျောင်းက သူငယ်ချင်း ကောင်မလေးတစ်ယောက်ဆိုရင် အဖေကလည်း မရှိတော့၊ မောင် အကိုလည်း မရှိ၊ ကျောင်းမတက် တချက်၊ တက်တချက်။ သူတို့လို မိသားစုတွေကော ဘယ်လောက်များများရှိနေကြ သလဲ။

(ချောကလက်မြို့ တော်တွင် ရေးသားသော ဂေါ်လီဘွိင်း၏ ရေးသားချက်အား ပြန်လည်ဖေါ်ပြအပ်ပါသည်)။

No comments: