မြန်မာလွတ်လပ်ရေးကြိုးပမ်းမှု မှတ်တမ်း တစ်စိတ်တစ်ပိုင်း (ဗွီဒီယိုမှတ်တမ်း - အင်္ဂလိပ်စာတမ်းထိုး - ဂျပန်စကားပြော)။
ဒီဗွီဒီယိုမှတ်တမ်းအား မငယ်နိုင်၏ ဘာသာပြန်ဆိုချက်များဖြင့် ထပ်မံဖြည့်စွက်အပ်ပါတယ်။
ဗွီဒီယို စာတန်းများအား ဘာသာပြန်ဆိုချက်။
(ဘာသာပြန်ဆိုပေးသူ မငယ်နိုင်အား အထူးကျေးဇူးတင်ရှိပါတယ်)။
ဗွီဒီယိုပါ စာတန်းများ။
ဒီနေရာက မြန်မာ့လွတ်လပ်ရး လှုပ်ရှားသူ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဂျပန်မှာ ရောက်နေခဲ့စဉ် အောင်ဆန်းရဲ့ အဓိက အမှတ်တရ ဖြစ်စေသော နေရာ ဖြစ်တဲ့ Hamanaka ကန်အနီးက Shizouka Prefucture ဖြစ်ပါတယ်။
တခြားတဘက်မှာတော့ တိုကျိုမှာရှိတဲ့ Suginami Ward's Rennko Ji Shine ဖြစ်တယ်။ အိန္ဒိယနိုင်ငံ လွတ်လပ်ရေး ဖခင်ကြီးအတွက် အနှစ် ၅၀ ဂုဏ်ပြုအမှတ်တရနှင့် ဆုမွန်ကောင်းတောင်းရာ နေရာဖြစ်ပါတယ်။ Chandre Bose ကို Rennko Ji Shrine မှာ မြေမြှပ်သဂြိုလ်ခဲ့ရာ နေရာဖြစ်ပါတယ်။ အောင်ဆန်းနှင့် Chandra Bose က အာရှတိုက်သား လွတ်လပ်ရေး တိုက်ပွဲဝင်သူရဲကောင်းတွေ ဖြစ်ကြပါတယ်။
အရှေ့အာရှ စစ်ပွဲ (ဒုတိယကမ္ဘာစစ်) ဖြစ်လုဆဲအချိန်အခါ ၁၉၄၂ခု ဖေဖေါ်ဝါရီမှာ မြန်မာ့လွတ်လပ်ရေးကို ယုံကြည်သူ မြန်မာလူငယ် အယောက် (၃၀) ဟာ ရန်ကုန်ဆိပ်ကမ်းမှ ဂျပန်သို့ လျှို့ဝှက်စွာ ထွက်ခွာခဲ့ပါတယ်။ ၄င်းတို့အထဲမှာ အောင်ဆန်းနဲ့ နေ၀င်းကို အသိများပါတယ်။ ၎င်းတို့ကို အခုချိန်မှာ ရဲဘော်သုံးကျိပ်လို့ ခေါ်ကြပါတယ်။
ဂျပန် ထောက်လှန်းရေးတပ်မှ မီနာမီ ကီခန်ခေါ် ဗိုလ်မှူးကြီး ဆူဇူကီးက ရဲဘော်သုံးကျိပ်ကို တက်ကြွစွာ အကူအညီပေးခဲ့ပါတယ်။ သူ့ရဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန်နဲ့ ဗြိတိသျှတို့ရဲ့ မြန်မာပြည် မှတဆင့် ဆက်သွယ်နေတဲ့ တရုတ်ပြည် လမ်းကြောင်းကို ပိတ်ဆို့ရန်နှင့် မြန်မာ့ လွတ်လပ်ရေးကို ရယူပေးရန် ဖြစ်ပါတယ်။
ဗိုလ်မှူးကြီး မီနာမီ ဆူဇူကီးဟာ မြန်မာနိုင်ငံသို့ လျှို့ဝှက်စွာ ရောက်လာပြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ရဲဘော်သုံးကျိပ်တို့ လုပ်ငန်းအောင်မြင်ရေးအတွက် ဆောင်ရွက်ခဲ့ပါတယ်။ လွတ်လပ်ရေးဆိုတာ ကိုယ်တိုင်တိုက်ယူမှ ရတဲ့အရာအဖြစ် သင်ကြားခဲ့ပါတယ်။
ရဲဘော်သုံးကျိပ်ဝင်တယောက်ရဲ့ အပြော >>> ကျွန်တော်တို့ သင်တန်းနဲ့ ပတ်သက်ပြီး... ”ကျွန်တော်တို့ဟာ ၃ နှစ်သင်ရမယ့် သင်တန်းကို ၅ လ ၆ လတည်းနဲ့ အပြတ်သင်ခဲ့ရပါတယ်။ သင်တန်းက တော်တော်ကို ကြမ်းပြီး အင်အင်ကုန်ခန်းခဲ့ပါယ်။ ကျွန်တော်တို့ လက်တွေဟာ သွေးသံတရွဲရွဲ ဖြစ်ခဲ့ပြီး အားအင်ကုန်ခမ်း နေပါတယ်၊ သင်တန်းသားတွေဟာ မကြာဏ မူးမိုက် သတိလစ်ဖြစ်ခဲ့ပါတယ်... အဲဒီလောက်အထိ သင်တန်းက ကြမ်းပါတယ်၊ ဒါပေမဲ့ ကျွန်တော်တို့က ဒါကို လွတ်လပ်ရေးအတွက် ခြေလှမ်းတွေအဖြစ် ရှေ့ရှုခဲ့ပါတယ်”
မန္တလေး နေပြည်တော်ပုံ >>> မြန်မာနိုင်ငံကို ဗြိတိသျှ အစိုးရက စစ်ကြီး သုံးကြိမ်တိုက်ပြီး ၁၈၀၀ ခုနှစ် နှောင်းပိုင်းမှာ သိမ်းယူခဲ့ပါတယ်။ မြန်မာနိုင်ငံကို သိမ်းယူပြီးတာနဲ့ ဗြိတိသျှတွေက မြန်မာပိုင် ပစ္စည်းမှန်သမျှကို ချက်ချင်း အပိုင်စီးလိုက်ပါတယ်။ ပြီးတော့ အိန္ဒိယနိုင်ငံမှ အလုပ်သမားတွေကို ခေါ်သွင်းလာခဲ့ပြီး ဌာနေမြန်မာ လူမျိုးတွေကို အလုပ်လက်မဲ့ ဖြစ်စေခဲ့ပါတယ်။ ပြီးတော့ ကရင်ကဲ့သို့ တခြား တိုင်းရင်းသားတွေကိုလည်း မြန်မာပြည်ကို သိမ်းပိုက်ရာမှာ အသုံးချခဲ့ပါတယ်။ တိုင်းရင်းသားတွေအချင်းချင်း တင်းမာမှုဟာ မြန်မာနိုင်ငံမှာ အခုထိ ရှိနေပါတယ်။ မြန်မာလူမျိုးတွေဟာ နိုင်ငံနဲ့ ပတ်သက်လာရင် အတော်လေး ဂုဏ်ယူလေ့ရှိပါတယ်။ သူတို့ဟာ သူတို့နိုင်ငံလွတ်လပ်ရေးအတွက် ဆန့်ကျင်ဘက် အနှောင့်အယှက်တွေ ရှိခဲ့တဲ့ ကြားက လွတ်လပ်ရေးလှုပ်ရှားမှုတွေကို ဆက်လက် ဆောင်ရွက်နိုင်ခဲ့တယ်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားများက လုပ်ရှားမှုတွေကို တနိုင်ငံလုံး အနှံ့ဖြစ်ပွားအောင် ဖေါ်ဆောင်ခဲ့ပါတယ်။ သို့သော် အောင်ဆန်းနှင့် အမာခံခေါင်းဆောင်တွေဟာ ဗြိတိသျှ ပရောဂကြောင့် ဂျပန်ကို ထွက်လာစရာအကြောင်း ဖန်လာခဲ့ပါတယ်။ ပြီးနောက်တော့ သူတို့ရဲ့ လှုပ်ရှားမှုကို ဗိုလ်မှူးကြီး ဆူဇူကီးရဲ့ အကူအညီနဲ့ ဆက်လက်ဖေါ်ဆောင်ခဲ့ပြီး ၁၉၄၂ ခု ဖေဖေါ်ဝါရီလမှာ အရှေ့အာရှ စစ်ပွဲစတင်ခဲ့ပါတယ်။ အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်ဟာ ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA) ကို ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဖွဲ့စည်းခဲ့ပါတယ်။ အလံတော်မှာ လွတ်လပ်ရေးအမှတ်အသား ဒေါင်းအလံ ဖြစ်ပါတယ်။ ဗိုလ်မှူးကြီး ဆူဇူကီးဟာ (BIA) ကို ဆက်လက် ကူညီခဲ့ပါတယ်။
နှစ်သစ်ကူးကာလမှာ BIA ဟာ ဂျပန်တပ်မတော်နဲ့အတူ မြန်မာပြည်ကို ၀င်ရောက်လာခဲ့ပါတယ်။ ထိုင်းနိုင်ငံမှ နယ်စပ်ကို ဖြတ်ပြီး မြန်မာပြည် ပိုင်နက်ပေါ် ခြေချမိသည်နှင့် BIA တပ်တွေအားလုံးက အထိမ်းအမှတ်ပွဲတွေကို ပြုလုပ် ကျင်းပခဲ့ပါတယ်။ ပြီးနောက် BIA တပ်ဦးရေ တနေ့တခြား တိုးပွားလာပါတယ်။
BIA တပ်ဖွဲ့ဝင်ဟောင်း မင်းမွန်က ”ကျွန်တော်တို့တပ်ဟာ လူဦးရေ ၃၀၀ ခန့်တိုးလာတာ တလတောင် မကြောလိုက်ဘူး၊ ဘာဖြစ်လို့ ဒီလို လူတွေအများကြီး BIA တပ်ထဲ ၀င်လာကြလဲဆိုတော့ မြန်မာပြည်သားတွေဟာ လွတ်လပ်ရေးကို စောင့်မျှော်နေကြတာ ဖြစ်ပြီး BIA ဟာ မြန်မာ့လွတ်လပ်ရေးကို အရယူပေးမယ့် တပ်မတော်ဖြစ်တယ်၊ BIA တပ်မတော်သားတွေဟာ လွတ်လပ်ရေးကို တိုက်ယူပေးမယ့် သူရဲကောင်းတွေအဖြစ် နားလည်ထားလို့ လူငယ်တွေ BIA တပ်ထဲသို့ ၀င်ရောက်လာခဲ့တာ ဖြစ်တယ်။
၁၉၄၃ ခု မတ်လ ၈ ရက်နေ့မှာ BIA နှင့် ဂျပန်နဲ့အတူ ရန်ကုန်မြို့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပြီးတော့ အင်္ဂလိပ်နဲ့ သူ့ရဲ့ မဟာမိတ်တွေကို မြန်မာ့မြေပေါ်မှ မှောင်းထုတ်နိုင်ခဲ့တယ်။ မြန်မာနိုင်ငံဟာ အနှစ် ၈၀ ခန့် ဗြိတိသျှကိုလိုနီ ကျွန်ပြုခံနေရာက လွတ်မြောက်ခဲ့ပါတယ်။ မြန်မာတွေဟာ ”ဒို့ဗမာ” လို့ အော်ဟစ် ကြွေးကြော်ခဲ့ပါတယ်။ မြန်မာလူထုတွေဟာ BIA နဲ့ ဂျပန်တပ်မတော်ကို ပျူငှာစွာ ကြိုဆိုခဲ့ပါတယ်။
၁၉၄၃ ဇူလိုင်မှာ မြန်မတပ်များအားကို စွမ်းအားမြှင့်တင်ပေးခဲ့ပြီးတဲ့ အချိန်မှာ မြန်မာ့လွတ်လပ်ရေးအတွက် အကူအညီပေးခဲ့သော ဗိုလ်မှူးကြီး ဆူဇူကီးဟာ နောက်ဆုံးမှာ မြန်မာပြည်မှ ထွက်ခွာခဲ့ပါတယ်။ အောင်ဆန်းနဲ့တကွ သူ့ရဲ့ရဲဘော်ရဲဘက်တွေဟာ နှလုံးသားနဲ့ ရေးသော သမိုင်းဝင်မှတ်တမ်းတင် စာတစောင်ကို ဆက်သပေးပို့ခဲ့ပါတယ်။ မြန်မာ့လွတ်လပ်ရေး တပ်မတော်ရဲ့ ဖခင်၊ မြန်မာ့လွတ်လပ်ရေးကို ကာကွယ် စောင့်ရှောက်ပေးသူ၊ မြန်မာ့လွတ်လပ်ရေးတပ်မတော်မှ အသက်ရှင်ကျန်ရစ်သူများအားလုံး သင့်အား အမြဲတမ်း ကျေးဇူးတင်လျက် လွမ်းဆွတ်တသနေပါလိမ့်မယ်။ ကျွန်ုပ်တို့အနေဖြင့် ကမ္ဘာကြီး ပျက်စီးသွားရင်တောင်မှ သင်နှင့် ဂျပန်စစ်သင်တန်းကျောင်းရဲ့ ကျေးဇူးကို အမြဲတမ်းအောက်မေ့ သတိရနေပါလိမ့်မယ်” ဆိုတဲ့ အချက်တွေ ပါဝင်တဲ့ သမိုင်းဝင်မှတ်တမ်းတင် စာတစောင်ကို ဗိုလ်မှူးကြီး ဆူဇူကီးအတွက် အမှတ်တရ ရေးပေးခဲ့ပါတယ်။
ပြီးတော့ ပရိုဖက်ဆာ ဘမော် ဦးဆောင်တဲ့ ဗမာအစိုးရအဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။ အောင်ဆန်းက စစ်ရေး ၀န်ကြီး (War minister) အဖြစ် ဦးဆောင်ပြီး BIA ကို Burmese National Army အဖြစ် အမည်ပြောင်းခဲ့ပါတယ်။ ဂျပန်စစ်သားတွေ ပို့ချတဲ့ စစ်သင်တန်းကျောင်းတွေကို ဖွင့်လှစ်ခဲ့ပါတယ်။
၁၉၄၃ ခု သြဂုတ်လ (၁) ရက် နေ့မှာ မြန်မာနိုင်ငံဟာ ဗြိတိသျှ ကိုလိုနီ လက်အောက်က လွတ်မြောက်တဲ့ ပထမဦးဆုံး အာရှနိုင်ငံ ဖြစ်လာခဲ့ပါတယ်။ (ကျွန်မတို့ သမိုင်းမှာ သင်ခဲ့ရတဲ့ ဂျပန်ပေးသော ရွှေရည်စိမ် လွတ်လပ်ရေးကို ဆိုလိုတာ ဖြစ်တယ်-ငယ်နိုင်) ဖွဲ့စည်းပုံ အသစ်တခုကို ရေးဆွဲပြီး ဒေါက်တာဗမော်က နိုင်ငံတော် အဓိပတိ ဖြစ်လာပြီး အောင်ဆန်းက ကာကွယ်ရေးဝန်ကြီး ဖြစ်လာခဲ့ပါတယ်။ အခမ်းအနားမှာ ဒေါက်တာဗမော်ဟာ လွတ်လပ်ရေးအတွက် ၀မ်းသာပီတိဖြာတဲ့ မျက်ရည်ကျခဲ့ပါတယ်။ အောင်ဆန်းဟာလည်း ဂျပန်တွေရဲ့ ရည်ရွယ်ချက်တခု ဖြစ်တဲ့ အာရှလွတ်လပ်ရေးအတွက် သစ္စာဆိုခဲ့ပါတယ်။ တနေ့တည်းမှာပဲ မြန်မာ အမျိုးသားများစွာက ဂျပန်ဖွင့်လှစ်ပေးတဲ့ စစ်သင်တန်းတက်ရန် စစ်တပ်ထဲ ၀င်လာခဲ့ပါတယ်။ မြန်မာ့ တပ်မတော်ရဲ့ ဖခင် ဖြစ်လာသူ အောင်ဆန်းက သူတို့ကို စစ်သင်တန်းကျောင်းတွေကို ပို့ပေးပြီး သင်တန်းဆင်း စစ်သားတွေ ဖြစ်လာစေပါတယ်။
ခင်မောင်ထွန်း (Kin Mon Ton) (ဂျပန်စစ်သင်တန်းဆင်း ကျောင်းသား အပတ်စဉ် ၅၈ ပြောကြားချက်) >>> ဂျပန် စစ်သင်တန်းကျောင်းမှာ ဂျပန်စစ်သားတွေရဲ့ အားသာချက်တွေ စိတ်ဝိညာဉ်တွေကို ကျွန်တော်တို့ အများကြီးသင်ခဲ့တာတွေဟာ အခုထိ ကျွန်တော့် နှလုံးသားထဲမှာ ကိန်းအောင်းနေပါတယ်...
စိုးမင်း (ဂျပန်စစ်သင်တန်း ကျောင်းဆင်း အမှတ်စဉ် ၅၇ မှ -ပြောကြားချက်) >>> အထက်မိန့်ကို နာခံရမယ်... ပြည်သူလူထုအတွက် ဆိုရင် သေရမှာကို မကြောက်ရဘူး ဒါကို ကျွန်တော်တို့က စစ်ရဲ့ဝိညာဉ် စစ်ရဲ့အသိတရား (Military Spirit) လို့ ခေါ်ပါတယ်။ ဒီနေ့ခေတ် တပ်မတော်မှာ လိုက်နာစရာ (၄) မျိုးပဲ ရှိပါတယ် ဒါပေမဲ့ ဂျပန်ခေတ် တပ်မတော်မှာ (၅) မျိုး ရှိပါတယ်။ စစ်သားတွေဟာ သစ္စာရှိရမယ်၊ regi (နားမလည်ပါ မူရင်းကို ဗွီဒယိုမှာ ကြည့်နိုင်-ငယ်နိုင်) ဖြစ်ရမယ်၊ သတ္တိရှိပြီး ဂုဏ်ပြုခံထိုက်သူ ဖြစ်ရမယ်၊ အောင်ပွဲကို ယုံကြည်ရမယ်၊ ရိုးသား ချိုးခြံချွေတာစွာနဲ့ မမောမကြား နေထိုင်ရမယ်။
ဒီဂျပန်တွေရဲ့ လက်ကိုင်ထားတဲ့ အချက်တွေကို မြန်မာ့တပ်မတော်သို့ လက်ဆက်ကမ်းပေးခဲ့ပါတယ်။ မြန်မာပြည်ဟာ ပြီးနောက်မှာတော့ ဗြိတိသျှနဲ့ အမေရိကန်ကို စစ်ကြေညာနိုင်ခဲ့ပါတယ်။
(ဗွီဒီယိုထဲက စာတန်းထိုးထားတာကို နားလည်သလို ဘာသာပြန်ဆိုထားပါတယ်။ တချို့ဂျပန်အသုံးအနှုံးတွေကို နားမလည်လို့ မှားယွင်းချွတ်ချော်မှုတွေ ရှိနိုင်ပါတယ်၊ တွေ့ရှိပါက မည်သူမဆို ထောက်ပြနိုင်ပါတယ်။ ဘာသာပြန်ဆိုသူ - မငယ်နိုင် - http://nge-naing.blogspot.com/2010/01/62.html)
No comments:
Post a Comment