အနုပညာသည် အချင်းချင်း သစ္စာမဲ့ကြသူများနဲ့  ခိုးကူးခွေများကို ဖမ်းဆီးပြီး ပြန်ရောင်းချနေကြတဲ့ နအဖရဲများ။
ကျွှန်တော်ဟာ ဂီတသမားတစ်ဦးပါ။ အထူးသဖြင့် နိုင်ငံတော်အတွက် လိုအပ်ရင် လိုအပ်သလို သီချင်း တွေကို ရင်ဘတ်တစ်ခုလုံး ပေါက်ပြဲမတတ် ဟစ်ကြွေးခဲ့တဲ့ (ဟစ်ကြွေးနေတဲ့) သူတစ်ဦးပေါ့ဗျာ။ နားမလည်နိုင်ဘူးဗျာ။ ကျွှန်တော်တို့ ဂီတသမားတွေ နိုင်ငံတော်က လိုအပ်လာရင် ကူညီဖို့ ၀န်မလေးပေမယ့် ကျွှန်တော်တို့ဘက်ကိုကျတော့ ဘာဖြစ်လို့ အကာအကွယ် နည်းနည်းလေးတောင် မပေးရတာလဲ။
ဂီတသမားဆိုတာ စီးရီးထုတ်ရတယ်။ ခိုးကူးသမားတွေ နှိပ်စက်လို့ တေးသံသွင်းဆိုင်တွေ၊ တေးထုတ်လုပ်ရေးတွေ တော်တော်များများ ပိတ်ကုန်ကြပြီ။ ကျန်တဲ့ဆိုင်တွေလည်း မနည်းကျားကန်ထားရတယ်။ ကျွှန်တော်တို့က သီချင်းပဲဆိုတတ်တာ၊ စီးပွားရေး ဘာမှမလုပ်တတ်ဘူး။ တေးထုတ်လုပ်ရေးတွေ မရှိတော့ရင် ကျွှန်တော်တို့ ဘယ်လိုရပ်တည်ရမလဲဗျာ။
ကြားရတဲ့သတင်းတွေက အခုခိုးကူးခွေတွေကို နအဖ ရဲမိသားစုတွေကိုယ်တိုင်တောင် ပြန်ရောင်းနေကြပြီတဲ့။ စဉ်းစားကြည့်ကြပါဦး၊ သူခိုးဖမ်းရမယ့်လူက ကိုယ်တိုင်သူခိုး လုပ်နေတာ။ (၃၄) လမ်းနဲ့ ဘားလမ်းကြားက မြန်မာကူးခွေဆိုင်တစ်ဆိုင်ဆို ရဲမိသားစုအရင်းကြီးက တစ်ကယ့်ဖြန်ချိရေးဆိုင်ကြီးလို တခမ်းတစ်နား ဖြန့်ချိရောင်းချနေတာတဲ့ဗျာ။
အထက်က လာဖမ်းတဲ့နေ့ဆိုရင် အဲဒီရဲတွေက ကြိုတင်အကြောင်းကြားထားလို့ အကုန်လုံး ဆိုင်ပိတ်ထားတယ်။ ဘယ်မိလိမ့်မလည်း၊ လိုင်းကြေးက နင့်နေအောင်ပေးထားတဲ့အပြင် ရဲမိသားစုတွေကပဲ ၀င်သူခိုးလုပ်စားနေကြတော့။
တစ်ကယ်ဖမ်း တစ်ကယ်အရေးယူရင် ခိုးကူးဆိုတာ မရှိပါဘူးဗျာ။ ဥပမာ - အရပ်ထဲမှာ ဗျောက်အိုးဖောက်တယ်။ ဖောက်တဲ့လူ ရောင်းတဲ့လူ တစ်ကယ်မိရင် တစ်ကယ်အရေးယူတယ်၊ အဲဒီတော့ မလုပ်ရဲကြဘူး။ ရုပ်မြင်သံကြားဥပဒေ ပိုတောင်မှ ကြီးပါတယ်ဗျာ။ ဖြန့်ချိခွင့်လိုင်စင် မရှိရင်၊ ဖမ်းလို့ မိရင် တစ်ကယ်အရေးယူ ဘယ်သူက လုပ်ရဲမှာလဲ။ အခုတော့ မတတ်သာလို့ ဖမ်းလို့မိရင်တောင်မှ (တော်တော်ကံဆိုးတဲ့လူမှ) ပိုက်ဆံပေး ပြန်လွတ်ပေးဆိုတော့ ကူးခွေ သူခိုးတွေက ပျင်းတောင် ပျင်းသေးတယ်လို့ ပြောကြမှာပေါ့ဗျာ။
အခုတော့ တစ်ခုပဲ ပြောချင်တယ်ဗျာ။ ကျွန်တော်တို့ကိုလည်း လှည့်ကြည့်ပါဦး။ တရားမ၀င် ဘမ်းခင်းရောင်းတဲ့ ကူးခွေသမားတွေကိုလည်း နောက်ဆုံး မဖမ်းရင်တောင်မှ နိုင်ငံတော်လည်း အခွန်ရအောင် တရားဝင်ဖြန့်ချိခွင့်လိုင်စင်သာ လျှောက်ခိုင်းလိုက်ပါတော့။ ဒါမှ လိုင်စင်ကြေးသွင်းရတော့ အရင်လို ပေါပေါ မရောင်းနိုင်တော့ ခိုးကူးခွေလည်း ဈေးတက်လာတာပေါ့။ အဲဒါမှ ကျွှန်တော်တို့ မာစတာအခွေလေးတွေလည်း နည်းနည်းရောင်းရမှာ။ အဲဒါမှ မရရင်တော့ ကျွှန်တော်တို့ ဂီတသမားတွေလည်း ရဲတွေ လစာတွေ အများကြီးရပြီး ချမ်းသာကြပါစေ။ ကူးခွေတွေ ကိုယ်တိုင်ပြန်မရောင်းပဲ အမှန်ဖမ်းပေးနိုင်ကြပါစေလို့ ဆုတောင်းနေရပါတော့မယ်။
ဒီစာကတော့ ပြည်တွင်း ဂီတအနုပညာရှင်တစ်ဦးကနေ ရင်ဖွင့်ရေးသားထားတာ ဖြစ်ပါတယ်။
အောက်ပါ စာကတော့ သီချင်းရေးဆရာများရဲ့  သတိပေးကြေညာချက် ဖြစ်ပါတယ်။
ဒီအဖြစ်အပျက်တွေကိုကြည့်ရင် နအဖနဲ့  ပြေလည်သူတွေက အနုပညာသည်အချင်းချင်းတောင် သစ္စာစောင့်ထိန်းမှု မရှိဘဲ မူလပိုင်ရှင်တွေရဲ့  မူရင်းသီချင်းတွေ ပြန်ဆိုတေးတွေလုပ်ကြ မူလသီချင်းတွေကို ဖျက်ဆီးကြ၊ မြန်မာရိုးရာယဉ်ကျေးမှု အစဉ်အလာရှိတဲ့ တေးသီချင်းတွေကို ပျက်စီးအောင် ဆိုကြနဲ့  အနုပညာ ဘန်းပြ ခုတုံးလုပ်တဲ့ စီးပွားရေးသောင်းကျန်းသူ အနုပညာရှင်အတုအယောင်တွေ ဖြစ်နေကြသလို မူလသီချင်းခွေတွေကို ခိုးကူး ရောင်းချသူတွေ၊ ဒီခိုးကူးခွေတွေကို ဖမ်းတယ်ဆိုပြီး အရင်းမစိုက်ရဘဲ ကြားထဲက အမြတ်ထုတ်ကြတဲ့ သူခိုးလက်က သူဝှက်လုဆိုတာလို လုပ်ပြီး ပြန်ရောင်းစားနေကြတဲ့ ရဲတွေကို ကြည့်ရင် နအဖ ခေါင်ဖြားကိုက သူခိုးကြီးတွေဖြစ်နေကြတော့ အောက်ခြေ ရဲတွေ ဒီလိုလုပ်တာ မဆန်းဖူးလို့  ပြောရမလို ဖြစ်နေပါတယ်။
အနုပညာသည် အချင်းချင်း သစ္စာမဲ့ကြတဲ့၊ နအဖနဲ့  ပြေလည်အောင် ပေါင်းပြီး အခြား ထူးချွန်တဲ့ အနုပညာရှင် အနုပညာသည်စစ်စစ်တွေရဲ့  ကိုယ်ပိုင် မူပိုင်သီချင်းတွေ စာသားတွေကို ခိုးယူ ဖျက်ဆီးပြီး သီဆိုနေကြတဲ့ အနုပညာသည်အတုအယောင်သူခိုးတွေ၊ ခိုးကူးခွေ သူခိုးတွေ၊ ဖမ်းဆီးခွေတွေ ပြန်ရောင်းနေကြတဲ့ ရဲသူခိုးတွေ များပြားနေတာ နအဖလက်အောက်က အဖြစ်မှန်တွေ ဖြစ်ပါတော့တယ်။
No comments:
Post a Comment