Sunday, May 16, 2010

ကြံ့ ဖွတ်အလံထောင်ထားရင် ရေရမယ်။ ရေလုံလုံလောက်လောက် ရ မရတော့ မသိဖူး နအဖတွေ အ၀ီစိတွင်းထဲ ခုန်ချလိုက်ရင် ရေထွက်လာမှာပါ။

နအဖတွေ ရေပေးဝေနေပါပြီတဲ့။ ကြံ့ ဖွတ်အလံထောင်ထားတဲ့ ရပ်ကွက်ကြမှ ရေလှူတာ ဖြစ်ပါတယ်။ ပြည်သူတွေ ရေရှားပါးမှု ဒုက္ခရောက်နေချိန်မှာ သိန်းစိန်တို့  အမြတ်ထုတ် ၀ါဒဖြန့် ကြပါတယ်။ ဒီလို ၀ါဒဖြန့် လို့ ရအောင် နအဖတွေကို ပြည်သူတွေက ကျေးဇူးရှင်ကြီးသဖွယ် သတ်မှတ်ခံနေရအောင် နှစ်ပေါင်းများစွာကတည်းက အစီအစဉ်ကျကျ ဖန်တီးပြီး မြန်မာပြည်ကြီး ရေ မီး မစုံလင်အောင် တမင်လုပ်ထားတယ်လို့  ယူဆလာနေရပါပြီ။ ပြည်သူတွေ ဒုက္ခပေါင်းစုံနဲ့  ရင်ဆိုင်နေရမှာ နအဖတွေအတွက် အကွက်ဝင်တာကိုး။

ပြည်သူတွေ ရေဒုက္ခရောက်နေကြလို့  ကိုယ်ချင်းစာတရားနဲ့  တတ်နိုင်တဲ့ဘက်ကနေ ပရဟိတ စေတနာဖြူစင်စွာနဲ့  ရေလှူဒါန်းကြသူ ပြည်သူအချင်းချင်းကို နအဖလက်ပါးစေ စရဖတွေ ရယကတွေ ရဲတွေက လမ်းတွေမှာ စစ်ဆေးမေးမြန်းပြီး နိုင်ငံရေးကင်းရှင်းကြောင်း ထောက်ခံစာတွေကို ယူခိုင်းနေပါသတဲ့ဗျာ။ ကိုယ်ကိုတိုင်လည်း မကူညီ သူများကူညီတာလည်း အမျိုးမျိုးနှောင့်ယှက်ကြနဲ့  အတော့်ကို လူစိတ် မရှိသူတွေပါဘဲ။

ပြည်သူတွေအချင်းချင်း မကြည့်ရက်နိုင်ကြလို့  ရေလှူကြတဲ့ လုပ်ရပ်တွေ လုပ်ပြတော့မှ နအဖတွေ ငါတို့ အရှက်ကွဲပြီဆိုပြီ ကမန်းကတန်း ရေတွေဝေပြ ဓါတ်ပုံတွေ ရိုက် သတင်းစာထဲ အမြန်ထည့်ဖေါ်ပြနဲ့  သူတို့  လုပ်ပါတယ်ဆိုတဲ့ ကလေးအထာတွေ လုပ်ပြနေပါတယ်။

မြန်မာပြည်ရဲ့  မီးဒုက္ခ ရေဒုက္ခတွေဟာ နှစ်ပေါင်းများစွာ ပျက်စီးယိုယွင်းခဲ့တဲ့ အုပ်ချူပ်မှုယန္တယားတွေရဲ့  ဆိုးကျိုးဆက်တွေကြောင့်ပါ။ လတ်တလော ဆေးမြီးတိုနဲ့  ကုသလို လုပ်လုပ်ပြနေတဲ့ နအဖတွေရဲ့  ဥာဏ်အရည်အချင်းမဲ့လွန်းတဲ့ လုပ်ရပ်တွေနဲ့ တော့ ဒီဒုက္ခဆိုးတွေဟာ ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ ပို ပိုပြီးသာ ဆိုးရွားလာမှာပါ။

တကယ်တမ်းမှာ နအဖ သိန်းစိန်တို့ ရော ဘာလုပ်နေလည်းဆို သူတို့ ရဲ့  ၀ါဒဖြန့် သတင်းစာထဲမှာ ပါတဲ့အတိုင်း အခမ်းအနားတွေမှာ သွားရောက် စားသောက်လိုက်၊ ခလုတ်ကလေးနှိပ် အခမ်းအနားလေးဖွင့် ဓါတ်ပုံအရိုက်ခံ ဒါဘဲ လုပ်နေကြသူတွေပါ။













မနေ့ ကလည်း ရန်ကုန်မြို့ တော်ဝန်ကြီး အောင်သိန်းလင်းက အားကျမခံ အ၀ီစိတွင်းကို ကြည့်နေပါသတဲ့။ အ၀ီစိတွင်းရေထွက် မထွက် ပြည်သူတွေ ရေလုံလုံလောက်လောက် ရ မရတော့ မသိဖူး အောင်သိန်းလင်းတို့ လို နအဖလူသတ်သမားကြီးတွေ သေရွာသွားရင် ရောက်မယ့် အ၀ီစိကို ကြည့်နေတယ်လို့  မြင်မိပါတယ်။
















နအဖတစ်သိုက်သာ အ၀ီစိတွင်းထဲ (သို့ ) အ၀ီစိထဲသာ ခုန်ချလိုက်ရင် မြန်မာပြည်မှာ ရေတွေ မီးတွေ အလျှံပယ်ရသွားနိုင်တယ်ဆို တွေးကြည့်မိပါရဲ့ ။

No comments: