ဘုရားဓမ္မာရုံအား အပိုင်စီးလိုကြသော လောဘသား ရယကနှင့် ကြံ့ ဖွတ်တို့ အကြောင်း။
ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အတော်များများ၌ နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲများသည် ယင်းမြို့နယ်ရပ်ကွက်တို့၏ ယဉ်ကျေးမှုတစ်ခု သဖွယ်ဖြစ်လာခဲ့ကြပါပြီ။
နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲများ၏နောက်တွင်လည်း မတရားမှု၊မသမာမှုများနှင့်ဘာသာရေး အကြောင်းပြပြီး သောက်စားမူးယစ် ရမ်းကားမှုများသည်လည်း နောက်ဆက်တွဲအဖြစ်ပါလာခဲ့ကြပါသည်။
ယခုတင်ပြမည့်ကိစ္စများသည်လည်း နှစ်ကျိပ်ရှစ်ဆူဘုရားပူဇော်ပွဲနှင့် ပတ်သက်နေသော ရယက ၏ မတရားမှုများအကြောင်းပင်ဖြစ်ပါသည်။ သင်္ကန်းကျွန်း မြို့နယ် ကြီးပွားရေးရပ်ကွက်တွင် ဓမ္မာရုံတစ်ခုရှိရာ ယင်းဓမ္မာရုံ၏အမည်မှာ ရတနာသိဒ္ဓိနှစ်ကျိပ်ရှစ်ဆူဓမ္မာရုံပင်ဖြစ်ပါသည်။
ထို့ပြင် မိုးကုတ်ဝိပဿနာအဖွဲ့ခွဲတစ်ခုလည်း ဖြစ်ပါသည်။ ယင်းဓမ္မာရုံအား ဦးထွန်းကျင် ဆိုသော ရပ်မိရပ်ဖတစ်ဦးမှ ၁၉၉၀ ခုနှစ်၌ ယင်း၏ ကိုယ်ပိုင်ငွေဖြင့် မတည် တည်ဆောက်ပြီးနောက် သံဃာ့ဒါနဆွမ်းလောင်းအသင်းဖွဲ့စည်းရန် ရပ်ကွက်ရပ်မိရပ်ဖများနှင့် ဘာသာရေးလုပ်ငန်းများ ထူထောင်ခဲ့ပါသည်။ အဆိုပါဓမ္မာရုံသည် မည်သည့် အုပ်ချုပ်ရေးအာဏာပိုင်များနှင့်မျှ မသက်ဆိုင် မပတ်သက်ပဲ ရပ်ကွက်ရပ်မိ ရပ်ဖများဖြင့်သာ စုပေါင်းတည်ထောင်ထားသော ဓမ္မာရုံတစ်ခုပင် ဖြစ်ပါသည်။
သို့သော် ယခုအခါတွင် နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲများ ယဉ်ကျေးမှုတစ်ခုသဖွယ် ထွန်းကားလာရာမှ ပြသာနာအစပျိုးလာခြင်း ဖြစ်ပါသည်။ အဆိုပါ ရတနာသိဒ္ဓိနှစ်ကျိပ်ရှစ်ဆူဓမ္မာရုံမှကြီးမှူး၍ ရပ်ကွက်အတွင်း နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ လှည့်လည်အပူဇော်ခံရာမှ ရရှိလာသော ငွေကြေးများအား ရယက မှသိမ်းယူပြီး ကိုယ်ကျိုးအတွက် အသုံးပြုလာခဲ့ကြပါသည်။
ယခင်ရယကဥက္ကဌဟောင်း ဦးဆန်းမြင့်အောင် ဆိုသူမှ (၈) နှစ်အတွင်း နှစ်ကျပ်ရှစ်ဆူပူဇော်ပွဲမှ အလှူခံရရှိငွေ ကျပ် (၅) သိန်းကျော်အား သိမ်းယူသွားခဲ့ပြီး၊ နာဂစ်လေဘေးဒဏ်ကြောင့် ယိုယွင်းသွားသော ဓမ္မာရုံအား ပြုပြင်ရန် ဓမ္မာရုံလူကြီးများမှ ပြန်လည် တောင်းခံခဲ့ရာ နှစ်သိန်းခွဲခန့်သာ ရရှိခဲ့ပြီး ကျန်ငွေများကို ယခုအချိန်ထိ မရရှိခဲ့သေးပေ။
ယခု လက်ရှိ ဥက္ကဌ ဦးဆောင်းတင် ဦးဆောင်သော ရယကအဖွဲ့မှလည်း ယခင် ဥက္ကဌ၏ အစဉ်အလာကဲ့သို့ပင် နှစ်ကျပ်ရှစ်ဆူဘုရားပွဲမှ ရရှိသော အလှူခံငွေများကို သိမ်းယူလာခဲ့သည်မှာ လွန်ခဲ့သည့် သုံးနှစ်ခန့်ကအထိဖြစ်ပါသည်။ သို့သော် ရပ်မိရပ်ဖတို့၏ ကန့်ကွက်မှုကြောင့် အလှူခံငွေများအား ဓမ္မာရုံသို့ ပြန်လည်အပ်နှံခဲ့ရသည်။
ထို့ကြောင့် ရယကဥက္ကဌနှင့်အဖွဲ့သည် ဓမ္မာရုံ အား ရယူသိမ်းပိုက်ရန် နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားလာခဲ့ကြပါသည်။ ယင်း ရယက ဥက္ကဌနှစ်ဆက်လုံးသည် ဘောက်ထော်မှ ပြောင်းရွှေ့လာသော ဘိုးဘိုးကြီးနတ်စင်မှ ရရှိသည့် အလှူဝင်ငွေများအားလည်း သိမ်းပိုက်ပြီး မိမိကိုယ်ကျိုးအတွက် သုံးစွဲလာခဲ့သည်မှာ အများအသိပင် ဖြစ်ပါသည်။
ရယကဥက္ကဌ ဦးဆောင်းတင်သည် အမြဲတမ်း မူးယစ်နေတတ်သော အရက်သမားတစ်ဦးဖြစ်ပြီး ရယက၏ ဖွဲ့စည်းပုံအရ ရှိရမည်ဖြစ်သော အဖွဲ့ဝင်(၁) နေရာ၌ လစ်လပ်နေခြင်းအား ဖြည့်စွက်ခြင်းမရှိပဲ ရပ်ကွက်အုပ်ချုပ်ရေးအားတစ်ဦးတည်း အာဏာရှင်ဆန်ဆန် ချုပ်ကိုင်ထားသူ ဖြစ်သည်။
ရပ်ကွက်အတွင်းရှိ ထရန်စဖော်မာပုံးအား ခြံစည်းရိုးခတ်ရန်အတွက်ဟူသော ခေါင်းစဉ်ဖြင့် ရပ်ကွက်အတွင်း ငွေများ လှည့်လည်ကောက်ခံထားသော်လည်း ၁ နှစ်ကျော်ကြာသည်အထိ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိပဲ၊ ထိုငွေများကို ကိုယ်ကျိုးအတွက် အလွဲသုံးစားပြု ထားပါသည်။ နေရာအားဖြင့် ရပ်ကွက်တစ်ခု၏ အကြီးအကဲ၊ ရယကဥက္ကဌ အဖြစ် တာဝန်ယူထားသော်လည်း တကယ်တမ်းတွင်တော့ ရပ်ကွက်အကျိုး စီးပွားနှင့် တိုးတက်ရေးအတွက် လုပ်ဆောင်ပေးခြင်းမရှိပဲ ရရှိလာသောငွေကြေးများအား ကိုယ်ကျိုးအတွက် သုံးစွဲခြင်း၊ အရက်သေစာသောက်စားမူးယစ်နေခြင်းကိုသာ လုပ်ဆောင်နေသူတစ်ဦးဖြစ်ပါသည်။
ထိုသို့ ရယက ဥက္ကဌ၏ အားနည်းချက်များကို အခွင့်ကောင်းယူ၍ မြို့နယ်အရန်မီးသတ်တပ်ဖွဲ့ဝင်၊ ရပ်ကွက်မီးသတ်တပ်ဖွဲ့မှူး ခင်မောင်ထွန်းဆိုသူကလည်း ရပ်ကွက်အုပ်ချုပ်ရေးတွင် ဝင်ရောက်စွက်ဖက်လာခဲ့ပါသည်။ ခင်မောင်ထွန်းသည် ယခင်က ပြည်ခိုင်ဖြိုးအဖွဲ့ဝင်တစ်ယောက်ဖြစ်သော်လည်း တစ်ကိုယ်လုံးတွင် ခရုသင်းများ မြင်မကောင်းအောင်ပေါက်နေ၍ ပြည်ခိုင်ဖြိုးအဖွဲ့မှ ထုတ်ပယ်ထားခံခဲ့ရသူ တစ်ဦးဖြစ်ပါသည်။
ခင်မောင်ထွန်းသည် ရပ်ကွက်အတွင်း၌ မူးယစ်၍ အရည်အချင်းမရှိသော ဥက္ကဌပြီးလျှင် ဒုတိယဥက္ကဌ ကဲ့သို့ပင် ရပ်ကွက်အတွင်း အာဏာပြနေပါသည်။ ရပ်ကွက်အတွင်း၌ မီးသုံးချင်သည့်အချိန်တွင် သုံးနိုင်ရန် တစ်အိမ်လျှင် ၃၀ဝ၀ ကျပ်နူန်းဖြင့် သူ့အား ပုံမှန် ဆက်ကြေးပေးနေရပါသည်။
ယင်းဥက္ကဌနှင့် မီးသတ်တပ်ဖွဲ့မှူးမှ ဦးဆောင်၍ ရပ်ကွက်မှ ရာအိမ်မှူး၊ ဆယ်အိမ်မှူးများအား အစည်းအဝေးခေါ်ယူ၍ လက်ရှိ ဓမ္မာရုံလူကြီးများအား ဖယ်ရှားကာ ယင်းတို့ စိတ်ကြိုက်လူများဖြင့် အစားထိုးဖွဲ့စည်းထားသော ဓမ္မာရုံအဖွဲ့သစ်ဖွဲ့စည်းရန် ကြိုးစားလာကြပါသည်။
ရယကအဖွဲ့၏ ရည်ရွယ်ချက်မှာ ဓမ္မာရုံအား ခြယ်လှယ်နိုင်မှသာ နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေကြဖြစ်သော နှစ်ကျိပ်ရှစ်ဆူပူဇော်ပွဲမှ ရလာသော အလှူငွေများအား ကိုယ်ကျိုးအတွက် အသုံးပြူနိုင်ရန်သာ ဖြစ်ပါသည်။
လက်ရှိဓမ္မာရုံလူကြီးအဖွဲ့များမှ ဘာသာတရားကို ကြည်ညိုသောစိတ်ဖြင့် ပြုလုပ်နေသည်ကို ဖျက်လိုဖျက်ဆီးဖြင့် ငွေကြေးကြောင့် သိမ်းပိုက်နေရာယူနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်ပါသည်။
ဤဖြစ်စဉ်အရ မိမိကိုယ်ကျိုးအတွက် ဘာသာရေးအား ခုတုံးလုပ်၍ တကယ့် စိတ်ရင်းမှန်ဖြင့် ပြုလုပ်နေသူများကို အဓမ္မဖယ်ရှားရန် ကြိုးစားနေသူများအား မည်ကဲ့သို့ အရေးယူဆောင်ရွက်သွားမည်ဆိုသည်ကို ကံတရားကို အားကိုးပြီး စောင့်ဆိုင်းကြည့်ရှုရန်သာ လိုပါတော့သည်။
No comments:
Post a Comment