မြန်မာနိုင်ငံအတွင်းမှာ မြန်မာလူထုတစ်ရပ်လုံးအတွက် ထိခိုက်အန္တရာယ်ရှိစေနိုင်တဲ့ နအဖ၏ နူးကလီးယားလုပ်ဆောင်မှု လုပ်ရပ် (မြန်မာဘာသာပြန်)။
(နအဖတို့ ရဲ့  နူကလီးယားအစီအစဉ်အား ဖေါ်ပြထားသော မြန်မာ့ဒီမိုကရက်တစ်အသံ (DVB) မှ ဖေါ်ပြချက်အား ကိုအောင်ဆန်းမန်းမှ မြန်မာဘာသာသို့  ပြန်ဆိုထားခြင်း ဖြစ်ပါသည်)။
IAEA ဒါရိုက်တာဟောင်း ရောဘတ်ကယ်လီ၏ မြန်မာနူကလီးယား စီမံကိန်းအကြောင်း ဆောင်းပါး (မြန်မာဘာသာပြန်)။
By ROBERT KELLEY
Published: 3 June 2010
DVB ရဲ့ ၅နှစ်ကြာ စုံစမ်းထောက်လှမ်းမှုများက မြန်မာနိုင်ငံရဲ့ နူကလီးယားလက်နက်ထုတ်လုပ်ရေး စီမံချက်များကို ဖေါ်ထုတ်နိုင်လိုက်ပါပြီ။ စုံစမ်းထောက်လှမ်းတွေ့ရှိမှုများအတွက် အရေးပါသူတစ်ဦးကတော့ ဒုံးလက်နက်နှင့် နူကလီးယား စီမံကိန်းအတွက် လိုအပ်သော စက်ပစ္စည်း အစိတ်ပိုင်း နမူနာများကို ထုတ်လုပ်ရာမှာ တာဝန်ယူခဲ့သော၊ ဒုံးလက်နက်ကျွမ်းကျင်သူ မြန်မာစစ်အင်ဂျင်နီယာ ဗိုလ်မှုးစိုင်းသိန်းဝင်းပဲဖြစ်ပါတယ်။
DVB ရဲ့ မြန်မာစစ်ရေး စီမံကိန်းများကို ထောက်လှမ်းစုံစမ်းနေမှုများကို သိရှိပြီးနောက်မှာ၊ ဗိုလ်မှုးစိုင်းသိန်းဝင်းဟာ DVB ကိုဆက်သွယ်လာပြီး အထောက်ထားစာရွက်စာတမ်းများ၊ ရောင်စုံဓါတ်ပုံများကို ပေးအပ်ခဲ့ပါတယ်။ ထိုအချက်အလက်များသည် မြန်မာစစ်တပ်ရဲ့ ဒုံးလက်နက် စီမံကိန်းများအတွက် ရုရှမှလေ့ကျင့်သင်ကြားပေးနေသော အထောက်ထားများသာမက၊ မြောက်ကိုရီးယား၏ ပါဝင်ဆက်နွှယ်မှုတို့ကိုပါ ဖော်ထုတ်ပေးနိုင်လိုက်ပါတယ်။
ထိုအချက်အလက် အထောက်ထားများအား DVB နှင့်အတူ ပူးပေါင်း၍လပေါင်းများစွာ လေ့လာခဲ့သူကတော့ IAEA မှာ ဒါရိုက်တာ အဖြစ်ထမ်းဆောင်ခဲ့သူ ဒေါက်တာ ရောဘတ်ကယ်လီပဲဖြစ်ပါတယ်။ ဒေါက်တာကယ်လီသည် ဤအထူးဆောင်းပါးတွင် မြန်မာစစ်အစိုးရ၏ နူလက်နက်များထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော နည်းပညာနှင့် ယူနေရီယမ်ရှာဖွေထုတ်လုပ်နေမှုများအကြောင်း ရေးသားထားပါတယ်။
မြန်မာနိုင်ငံအတွင်းမှ အရေးပါသော သူတစ်ဦးဟာ အလွန်လျှို့ဝှက်လှသော နူဆိုင်ရာ စီမံချက်များအကြောင်း ထုတ်ဖော်ဖို့ ပြည်တွင်းမှထွက်ခွာလာခဲ့ပါတယ်။ ထိုပုဂ္ဂိုလ်အား DVB မှ အချိန်ယူ တွေ့ဆုံမေးမြန်းခဲ့ပြီး၊ အချက်လက်များအား ကမ္ဘာကိုထုတ်ဖော်ဖွင့်ချလိုက်ပါပြီ။ ထိုအရေးပါသော ပုဂ္ဂိုလ်မှာ မကြာသေးခင်အထိပြည်တွင်းမှာ ဗိုလ်မှုးရာထူးအဆင့်နှင့် တာဝန်ထမ်းဆောင်ခဲ့သော စိုင်းသိန်းဝင်းဖြစ်ပါတယ်။ သူဟာ မြန်မာစစ်အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး ရုရှနိုင်ငံတွင် ဒုံးပျံနည်းပညာများသင်ယူခဲ့ပါတယ်။ သူဟာမြန်မာနိုင်ငံပြန်ရောက်ပြီးနောက် ဒုံးပျံနှင့် နူကလီးယား စီမံကိန်းများအတွက် လိုအပ်သော စက်ပစ္စည်းအစိတ်ပိုင်းများထုတ်လုပ်ရာ အထူးစက်ရုံများတည်ဆောက်ခြင်း၊ ဥရောပ နိုင်ငံများမှထုတ်လုပ်သော ခေတ်မှီ စက်ကိရိယာများ ထားရှိရာ အဆောက်အအုံများ ဆောက်လုပ်ခြင်း စသည့် တာဝန်များထမ်းဆောင်ခဲ့ပါတယ်။
ဗိုလ်မှုးစိုင်း ဟာ သူနှင့်အတူ အဆိုပါစက်ရုံများတွင် တည်ဆောက်ထားသော စက်ပစ္စည်းများ၏ ရောင်စုံဓါတ်ပုံများ၊ စာရွက်စာတမ်း အထောက်အထားများအား ယူဆောင်လာခဲ့ပါတယ်။ DVB သည် ထိုအထောက်အထားများအား ကျွမ်းကျင်သူများအားပြသကာ အသေးစိတ်စစ်ဆေးပြီး ကမ္ဘာအားထုတ်ပြန်ကြေငြာရန် စီစဉ်ခဲ့ပါတယ်။ အချို့သောကျွမ်းကျင်သူများဟာ လေ့လာတွေ့ရှိချက်များအပေါ်မှာ အတော်လေး ချိန်ချိန်ဆဆ ရှိကြပြီး အမျိုးမျိုးကောက်ချက်ချမှုများရှိကြသလို၊ အချို့ကတော့ ထိုအထောက်ထားများတွင်ပါဝင်သော ပစ္စည်းကိရိယာများဟာ နူလက်နက်များထုတ်လုပ်ရာတွင် အသုံးပြုဖို့ဖြစ်တယ် ဆိုတဲ့ကျွန်ုပ်တို့၏ ကောက်ချက်အား အပြည့်အ၀ သဘောတူချင်မှတူပါလိမ့်မယ်။ မည်သို့ပင်ဆိုစေ ထိုကွဲပြားသော အမြင်များအား ကြိုဆိုပါတယ်။ တချိန်တည်းမှာ ထိုကွဲပြားသော အမြင်များအပေါ်အခြေခံထားသော ထပ်လောင်း စစ်ဆေးတွေ့ရှိချက်ဟာ မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်များကို ချိုးဖောက်နေတယ်ဆိုသော ကျွန်ုပ်တို့၏ အမြင်အား ပိုမိုခိုင်မာအောင် အားဖြည့်ပေးပါလိမ့်မယ်။ DVB မှာ လျှို့ဝှက် စက်ရုံများ၏ ဓါတ်ပုံများရာချီရှိနေသလို၊ မရေမတွက်နိုင်အောင် များပြားလှသော အခြားအချက်လက်ရင်းမြစ် နှင့် အထောက်ထားများလဲရှိနေပါတယ်။ သို့ပေမယ့် ဗိုလ်မှုးစိုင်း ပေးအပ်လာတဲ့ အထောက်ထားများနှင့် ဆက်စပ်သော နောက်ကြောင်း အချက်လက်များကိုပဲ ဦးစားပေးဖော်ပြသွားပါမယ်။
လွန်ခဲ့တဲ့ ၂နှစ်အတွင်းမှာ အီရန်နိုင်ငံ၏ လျှို့ဝှက် နူစီမံကိန်းများအကြောင်း အထောက်အထားများဟာ laptop documents များအနေဖြင့် ထွက်ပေါ်လာခဲ့ပါတယ်။ ထိုအထောက်အထားများ၏ မူလရင်းမြစ်အားရှင်းလင်းစွာ မသိရပေမယ့် ထိုကိစ္စသည် နိုင်ငံတကာတွင် အီရန်နိုင်ငံ၏ ရည်ရွယ်ချက်နှင့်ပတ်သက်၍ အကြီးကျယ် အငြင်းပွားဖွယ်ရာ ဖြစ်ခဲ့ပါတယ်။ တစ်ဖက်တွင် ယခု ဗိုလ်မှုးစိုင်း ယူဆောင်လာသော အထောက်အထား နှင့် ဓါတ်ပုံများအရ အသုံးပြုထားသော စက်ပစ္စည်းများ မူလရင်းမြစ် ဘယ်ကလာသည်ဆိုမှာ ပေါ်လွင်သည့်အပြင်၊ အထောက်ထားများ ထွက်ပေါ်ရာ လမ်းကြောင်းကလဲ လုံးဝရှင်းလင်းလှပါတယ်။ ထိုအထောက်အထား အချက်လက်များအပေါ် နူမပျံ့ပွားရေးလုပ်ဆောင်နေကြသော အဖွဲ့စည်များဟာ မည်သို့ရှုမြင်ကြမည်လဲဆိုသည်မှာ အလွန်စိတ်ဝင်စားဖွယ်ဖြစ်ပါတယ်။
ဗိုလ်မှုးစိုင်းသိန်းဝင်း ဟာ DVB မှ ရိုက်ကူးထုတ်လွှင့်သော မြန်မာစစ်အစိုးရ၏ အစုအပြုံလိုက်သေစေနိုင်သောလက်နက် များထုတ်လုပ်ရေး စီမံကိန်း မှတ်တမ်း ရုပ်ရှင်အား ကြည့်ရှုခဲ့ရပါတယ်။ ထိုမှတ်တမ်း ရုပ်ရှင်ပါ စက်ရုံများထဲမှာ စက်ရုံ ၂ခုမှာ သူတာဝန်ထမ်းဆောင်နေခဲ့ပြီး၊ ကမ္ဘာကသိသင့် သောအချက်လက်များ ပိုမိုလိုအပ်နေတယ်ဆိုတာကို ခံစားလာမိပါတယ်။ ဒီလိုနဲ့ သူဘာတွေတွေ့မြင်ခဲ့တယ်၊ ဘာတွေလုပ်ဖို့ ခိုင်းစေခဲ့ခြင်းခံခဲ့ရတယ်ဆိုတာကို ဖွင့်ချဖို့ ထိုင်းနိုင်ငံဖက်ကို ထွက်ခွာလာခဲ့ပါတယ်။ သူပြောပြတာတွေဟာ အခြား သူ့အရင်လူများ ပြောကြားထားခဲ့သမျှကို ဖြည့်စွက်ပေးရာရောက်တဲ့အပြင်၊ စစ်အစိုးရ ဘာတွေ ဆောက်လုပ်စီမံနေတယ်ဆိုတာကို ပြသထားတဲ့ဓါတ်ပုံများနှင့် ပိုမိုခိုင်မာအောင် အားဖြည့်ထားပါတယ်။ ထို့အပြင် သူတက်ရောက်ခဲ့ဖူးသော အထူးသရုပ်ပြ သင်တန်းများအကြောင်းလဲ ပြောပြနိုင်သလို၊ နူစီမံကိန်းနှင့်ပတ်သက်၍ သူတွေ့ဆုံခဲ့ဖူးသော သက်ဆိုင်သူများ၏ အမည်နာမများအားလဲ ပြောပြနိုင်ခဲ့ပါတယ်။
စိုင်းသိန်းဝင်းဟာ အစ္စရေးနိုင်ငံရဲ့ လျှို့ဝှက် နူလက်နက် ထုတ်လုပ်မှု စီမံကိန်းများအကြောင်း ဖွင့်ဟပြောဆိုခဲ့သူ Negev သဲကန္တာရ တွင်ရှိသော Dimona နူစက်ရုံတွင် တာဝန်ထမ်းခဲ့သူ အစ္စရေး နည်းပညာရှင် Mordecai Vanunu အားပြန်ပြောင်း အမှတ်ရစေပါတယ်။ Vanunu ဟာ ထိုအချိန်က အစ္စရေး၏ လျှို့ဝှက် နူစီမံကိန်းစက်ရုံများ နှင့် ထုတ်လုပ်မှု များအား ဓါတ်ပုံများစွာရိုက်ကာ လန်ဒန် မြို့ အခြေစိုက် ဆန်းဒေးတိုင်းမ် သတင်းစာကြီးမှတစ်ဆင့် ၁၉၈၆ နှစ်တွင် ကမ္ဘာအားဖွင့်ချခဲ့ပါတယ်။ အစ္စရေးကတော့ နူလက်နက်များ ရှိသည်ကို မဆိုထားနှင့် ထိုဓါတ်ပုံများတွင်ပါရှိသော စက်ရုံများ ရှိသည်ကိုပင် ၀န်မခံခဲ့ပါ။ ဒါပေမယ့် Vanunu ကတော့ အစ္စရေးအစိုးရ၏ ပြန်ပေးဆွဲမှုကိုခံလိုက်ပြီး နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုဖြင့် နှစ်ပေါင်းများစွာ ထောင်သွင်းအကျဉ်းချခြင်းကို ခံလိုက်ရပါတယ်။ ဗိုလ်မှုးစိုင်းဟာလည်း အလားတူ သတင်းအချက်လက်များ ကို ပေးအပ်ခဲ့သူဖြစ်ပါတယ်။
ဗိုလ်မှုးစိုင်းဝင်းသိန်းဟာ ဘယ်လို စီမံကိန်းမှာပါဝင်ခဲ့ရသလဲ။
သူဟာ ဒုံးပျံနှင့် နူစီမံကိန်းများအတွက် နမူနာစက်ပစ္စည်းအစိတ်ပိုင်းများ ထုတ်လုပ်ရာမှာ ပါဝင်ခဲ့ရပါတယ်။ သူဟာ အတွေ့အကြုံ ရှိသောစက်မှုအင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး စက်မှုပိုင်းဆိုင်ရာများကို အသေးစိတ် တိကျစွာပြောနိုင်ပါတယ်။ သူဟာ ဒုံးပျံ နည်းပညာသင်ခဲ့သူ အင်ဂျင်နီယာ တစ်ဦးဖြစ်သည်နှင့် အညီ သူပြုလုပ်ခဲ့သည်ဆိုသော ဒုံးပျံ လောင်စာပန့်တွင် အသုံးပြုသော ပန်ကာဒလက်အကြောင်းကို အသေးစိတ်ရှင်းပြခဲ့ပါတယ်။ သူပြောပြတဲ့ နူစီမံကိန်းအကြောင်းဟာ သူပြတဲ့ ရောင်စုံဓါတ်ပုံများနှင့် မန္တလေးတိုင်း သပိတ်ကျင်း မြို့နယ်ရှိ နူတပ်ရင်းအား ၂ခေါက်သွားရောက်ခဲ့တဲ့ အပေါ်မှာအခြေခံထားတာဖြစ်ပါတယ်။ နူတပ်ရင်းဟာ နူလက်နက် ထုတ်လုပ်တပ်ဆင်ရေး အဆောက်အအုံများ ဆောက်လုပ်ရန် တာဝန်ပေးခြင်းခံထားရတဲ့အဖွဲ့ဖြစ်ပါတယ်။ အဆိုပါ အဖွဲ့သည် နူဓါတ်ပေါင်းဖိုဆောက်လုပ်ခြင်း၊ နူသန့်စင်စက်ရုံများ ဆောက်လုပ်ခြင်းများ လုပ်ဆောင်ပါတယ်။
DVB၏ အတိုင်ပင်ခံ အဖွဲ့များကတော့ လက်ရှိမြန်မာနိုင်ငံအခြေအနေဟာ နူစီမံကိန်းအတွက် လိုအပ်သော အဆောက်အအုံနှင့် စက်ပစ္စည်းများတည်ဆောက်ရန် လုံလောက်သော အစွမ်းမရှိသေးဟု ယူဆကြပါတယ်။ နူလက်နက်ထုတ်လုပ်ရာတွင် လိုအပ်သော လက်နက်ကုန်ကြမ်းပစ္စည်း ထောက်ပံ့ရေး စက်ရုံများအား တည်ဆောက်ရာတွင် ကျွမ်းကျင်မှု မလုံလောက်သေးပါ။ သို့သော် ဗိုလ်မှုးစိုင်း နှင့် အခြားသတင်းရင်းမြစ်များ မှ အချက်အလက်များအရဆိုလျှင် စစ်အစိုးရသည် နူကလီးယား လက်နက်ထုတ်လုပ်နိုင်သည်အထိ ရည်မှန်းထားပြီး၊ ထို့အတွက် များစွာသော အရင်းမြစ်များကို တိုးချဲ့သုံးစွဲနေတာ ရှင်းလင်းလှပါတယ်။
ဥရောပလုပ် စက်ပစ္စည်းများနှင့် စက်ရုံများ။
ဂျာမနီနှင့် အဆက်သွယ်ရှိသော စင်ကာပူအခြေစိုက် company ၂ခုသည် မြန်မာနိုင်ငံ နည်းပညာနှင့် အသက်မွေးဝမ်းကျောင်း သင်တန်းကျောင်း (DTVE) တွင် သုံးရန်ဟုဆိုကာ စက်ပစ္စည်းများစွားအား ရောင်းချခဲ့ပါသည်။ ထိုသင်တန်းးကျောင်းသည် သိပံ္ပနှင့်နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ အနုမြူစွမ်းအင် ဌာန (DAE) နှင့် ဆက်စပ်နေပါသည်။ ထို ဆက်စပ်လျှက်ရှိသော ဌာနများမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် သက်ဆိုင်သော အချက်လက်များ များစွာသိရှိထားပြီးဖြစ်ပါသည်။ ထို သင်တန်းကျောင်းသည် အစိုးရ၏ နူ ၊ ဓါတု၊ ဇီဝလက်နက်ထုတ်လုပ်ရေး၊ အထူးသဖြင့် ဒုံးလက်နက် စီမံကိန်းအတွက် လိုအပ်သည်များကို အမည်ခံဝယ်ပေးနေခြင်း ဖြစ်နိုင်ပါသည်။
ဂျာမန် အစိုးရသည် စက်ပစ္စည်းများ ရောင်းချရန်ခွင့်ပြုချိန်မှာ ထိုသင်တန်းကျောင်းနှင့် ပက်သတ်၍ တိကျရေရာသော အချက်အလက်ရှိမထားခဲ့ပါ။ ကံကောင်းသည်မှာ ထိုရောင်းချလိုက်သော စက်ပစ္စည်းများသည် အလွန်ဈေးကြီးပြီး စွမ်းအားမြင့်ပေသော်လည်း၊ ဒုံးပျံနှင့် နူဆိုင်ရာ ကိစ္စများတွင် အသုံးချနိုင်ရန်မူ အလွန် အသေးစိတ် တိကျမှုကိုပေးနိုင်သော အပိုဆောင်းပစ္စည်းအပြည့်အစုံလိုအပ်ပြီး၊ ထို အပိုပစ္စည်းများသည် ယခုရောင်းမှုများတွင် မပါဝင်ပါ်။ ထိုလျှို့ဝှက်စက်ရုံများသည် ယခုအထိတော့ အခြား သုတေသနဌာနများအတွက် လိုအပ်သော နမူနာအစိတ်ပိုင်းများ၊ ပုံစံပြ မော်ဒယ်များကို သာ အများစုထုတ်လုပ်နေပါသည်။ ထိုစက်ရုံများသည် ထုတ်လုပ်ရေးစီမံချက်အရ နောက်ဆက်တွဲ ဆင့်ပွား အစိတ်ပိုင်းများကိုမထုတ်လုပ်သေးသလို၊ သူတို့ကိုယ်တိုင် သုတေသနပြုထုတ်လုပ်ခြင်းမျိုးလည်း မလုပ်သေးပါ။
ရောင်းချလိုက်သော ကုမ္ပဏီကတော့ ထိုစက်ပစ္စည်းများသည် ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများတွင် သုံးရန်သာဟု ယူဆထားသော်လည်း ဂျာမန်အစိုးရကတော့ သံသယ ရှိသဖြင့် ထို စက်ပစ္စည်းများ တပ်ဆင်အသုံးပြုနေသော အထူးစက်ရုံများအား သွားရောက်စစ်ဆေးရန် သံတမန်တစ်ဦးနှင့် ကျွမ်းကျင်သူတစ်ဦးအား စေလွှတ်ခဲ့ပါသည်။ အဆိုပါ ဂျာမန် ကျွမ်းကျင်သူသည် ထိုစက်ရုံ၏ အနီးတ၀ိုက်တွင် တက္ကသိုလ်များ၊ ကျောင်းသားများ မရှိနေခြင်း၊ ကျောင်းတွင် အမျိုးသမီးကျောင်းသူမရှိခြင်းတို့ကို ထောက်ရှုကာ ထိုစက်ပစ္စည်းများအား သင်ကြားရေးတွင် သုံးနေသည်ဆိုသည့်အချက်အား သံသယဖြစ်သည်ဟု ဆိုပါသည်။ ထိုကျောင်းသားများသည် စစ်ယူနီဖောင်း ၀တ်ဆင်ထားခြင်းမရှိသည်ကိုလည်း သတိပြုမိခဲ့သည်။ ထို ဥရောပ အရာရှိများလာစဉ်က အရပ်သားဝတ်စုံဝတ်ထားကြသူများသည် အခြားအချိန်များတွင် ယူနီဖောင်းများဝတ်ထားကြသည်ကို DVB မှ စစ်ဆေးထားသော ဓါတ်ပုံအထောက်အထားများအရသော်လည်းကောင်း၊ ကျောင်းသားအချို့အား စစ်ဆေးမေးမြန်းချက်အရသော်လည်းကောင်း သိရှိရပေသည်။
ဗိုလ်မှုးစိုင်းသည် ထိုဂျာမန်များ လာစဉ်ကရိုက်ကူးထားသော ပုံများနှင့် စက်ပစ္စည်းများ တပ်ဆင် စဉ်က ပုံများ စသည့် အလွန် မှတ်မိလွယ်သော ပုံများအားပြသခဲ့ပါတယ်။ ဤအချက်သည် ထိုအချိန်က ဗိုလ်မှုးစိုင်းသည် ထိုစက်ရုံတွင် ရှိနေခဲ့သည်ဆိုသော အချက်အား ခိုင်မာစေပါသည်။ ဂျာမန်အစိုးရ၏ နိုးကြားမှုရှိခြင်း၊ ထိုစက်ရုံများအား သွားရောက်စစ်ဆေးနိုင်ခြင်းတို့မှာလည်း အလွန် ကံကောင်းသည် ဟုဆိုရမည်ပင်။ စစ်အစိုးရကတော့ အမှန်ကိုပြောချင်မှပြောမှာဖြစ်ပေမယ့် ၊ ထိုသွားရောက်စစ်ဆေးခြင်းသည် အမှန်တရားကို စစ်ကြောရာတွင် အလွန်အရေးပါလှပါတယ်။
နူတပ်ရင်း က တည်ဆောက်နေတဲ့ စက်ပစ္စည်းများအကြောင်း။
သပိတ်ကျင်း နူတပ်ရင်းက တောင်းဆိုတဲ့ စက်ပစ္စည်းအစိတ်ပိုင်းများရဲ့ ဓါတ်ပုံအများပြားကို ဗိုလ်မှုးစိုင်းက DVB အားပြခဲ့ပါတယ်။ ထိုပုံများအနက်မှာ အထင်ရှားဆုံးပုံတစ်ပုံကတော့ သပိတ်ကျင်း အခြေစိုက် အမှတ်(၁) သိပ္ပံနှင့်နည်းပညာ တပ်ရင်းမှ လျှို့ဝှက်မန်မိုဖြင့် ပြင်ဦးလွင်ရှိ အထူးစက်ရုံ(၁)သို့ တောင်းဆိုထားသော စက်အစိတ်ပိုင်းပုံဖြစ်ပါတယ်။ ထိုအရာသည် အထူးပစ္စည်းထုတ်လုပ်ရေး သုတေသနဌာနက တောင်းဆိုသော bomb reactor ဖြစ်ပြီး၊ လိုချင်သော ပုံစံအား ပုံကြမ်းရေးထားသည့် ဓါတ်ပုံများလည်း ပါဝင်ပါသည်။ နူလက်နက် ထုတ်လုပ်ရေး စီမံကိန်းတွင် အသုံးပြုသော bomb reactor သည် ယူရေနီယမ် ဒြပ်ပေါင်းအား နူကလီးယား လောင်စာ(သို့မဟုတ်) နူကလီးယားဗုံးလုပ်ရာတွင် လိုအပ်သော ယူရေနီယမ် သတ္တုအဖြစ်ပြောင်းလဲရာတွင် သုံးသော အထူး ကိရိယာဖြစ်ပါတယ်။ ဓါတ်ပုံများနှင့် ပုံကြမ်းများက ဖေါ်ပြထားသော bomb reactor သည် ထိုသို့ပြုလုပ်ရာတွင် သုံးသော ကိရိယာအစိတ်ပိုင်းများဖြစ်ပြီး၊ ထိုအထဲမှ တစ်ခုသည် မြင့်မားသောအပူချိန်တွင်အသုံးပြုနိုင်သော အရာမျိုးဖြစ်သည်။ ထိုကိရိယာသည် သုတ်ဆေးများအား အပူပေးကာ ခွာထားပြီး လက်ရှိအသုံးပြုနေပါတယ်။ ဒီဇိုင်းကတော့ နိုင်ငံခြား တိုင်းပြည်တခုခုမှမဟုတ်လျှင် ဗမာဒီဇိုင်းဖြစ်နိုင်ပါတယ်။ နူတပ်ရင်းရဲ့ bomb reactor လိုအပ်မှုဟာ မြန်မာနိုင်ငံဟာ ယူရေနီယမ် သတ္တုပြုလုပ်ဖို့ကြိုးစားနေတယ်ဆိုတဲ့ ခိုင်မာလှတဲ့သက်သေဖြစ်ပါတယ်။ ယူရေနီယမ် သတ္တုကို ပလူတိုနီယံ ထုတ်လုပ်တဲ့ reactor မှာသုံးသည်ဖြစ်စေ၊ နူကိရိယာတခုခုမှာသုံးသည်ဖြစ်စေ၊ ဘာပဲဖြစ်ဖြစ် ဒါဟာ လက်နက်များပြုလုပ်ရာတွင်သာ အသုံးဝင်သော နူနည်းပညာကို ရရှိနိုင်ရန်အားထုတ်နေတဲ့ အချက်ပဲဖြစ်ပါတယ်။
ဗိုလ်မှုးစိုင်းရဲ့ ပုံတွေထဲမှာ ယူရေနီယမ် သန့်စင်ရာမှာအသုံးပြုတဲ့ uranium hexafluoride gas စတဲ့ ယူရေနီယမ် ဒြပ်ပေါင်းများ ထုတ်လုပ်ရာမှာအသုံးပြုတဲ့ ဓါတုအင်ဂျင်နီယာ ဆိုင်ရာ စက်ပစ္စည်းများလည်းပါဝင်နေပါတယ်။ ယူရေနီယမ် isotope များကို ဗုံးပြုလုပ်ရာမှာသုံးတဲ့ ပစ္စည်းများအဖြစ် ခွဲခြမ်းနိုင်သော အဆင့်မြင့် လေဆာ ကိရိယာများမှာသုံးသော နော်ဇယ်ခေါင်းများလည်း သူပြတဲ့အထဲမှာပါဝင်ပါတယ်။ ထို့အပြင် Glove box လို့ခေါ်တဲ့ ဓါတ်သတ္တိကြွပစ္စည်းများ ရောမွှေရာတွင် သုံးသောကိရိယာနှင့် ယူရေနီယမ် ဒြပ်ပေါင်းများပြုလုပ်ရာတွင် သုံးသော လုံခွက် (furnaces) များလဲ ပုံတွေထဲမှာပါဝင်တယ်။ ဒီပစ္စည်းများဟာ အခြား နေရာတွင်လဲ အသုံးပြုနိုင်တယ်ဆိုပေမယ့်၊ နူတပ်ရင်းမှာလုပ်ဆောင်နေသည့်အရာများနှင့် ဆက်စပ်ကောက်ချက်ချရလျှင်၊ နူလက်နက်စီမံကိန်းမှလွဲ၍ အခြားဖြစ်နိုင်စရာမရှိပေ။
စစ်အစိုးရဟာ ပလူတိုနီယမ်ကို နူဗုံးပြုလုပ်နိုင်ဖို့ nuclear reactor တစ်ခု တည်ဆောက်နေတဲ့အကြောင်း ဗိုလ်မှုးစိုင်းကိုပြောပြပါတယ်တဲ့။ ဒီအချက်နဲ့ အံဝင်စေတာကတော့ control rod လို့ခေါ်တဲ့ reactor ရဲ့အစိတ်ပိုင်းတစ်ခုအကြောင်း သရုပ်ပြပွဲတခုကို သူကိုယ်တိုင်တွေ့ခဲ့ရတာပါပဲ။ သူ့ကိုပြောပြတာကတော့ အခု အစိုးရဟာ ယူရေနီယမ်ကို သန့်စင်ပြီး ဗုံးလုပ်ဖို့ စီမံကိန်းချထားတယ်။ ယူရေနီယမ် သန့်စင်တဲ့ နည်းလမ်းတွေမှာ အစိတ်ပိုင်းတစ်ခုဖြစ်တဲ့ ကာဗွန်မိုနော့ဆိုက် လေဆာအကြောင်း သရုပ်ပြတာလဲ သူကြည့်ရှုခဲ့ရဖူးတယ်။ သူ သပိတ်ကျင်း မှာတွေ့ခဲ့၊ ကြားဖူးခဲ့တဲ့ သူအပေါင်းရဲ့ နာမည်တွေကိုပြောပြတော့ ထိုအထဲမှာ နာမည်အချို့ဟာ မြန်မာ အနုမြူစွမ်းအင် ဌာန (DAE) မှာလုပ်ကိုင်နေကြသူများဖြစ်နေကြပါတယ်။ ထိုအထဲမှ အများစုဟာ IAEA ထောက်ပံ့မှုနဲ့ပြုလုပ်တဲ့ ထရိန်နင်များ တက်ရောက်ခဲ့ဖူးကြသူများဖြစ်ကြပါတယ်။ ဗိုလ်မှုးစိုင်း ကိုယ်တိုင်ဟာလဲ ကာဗွန်မိုနော့ဆိုက် လေဆာအတွက် နော်ဇယ်ပြုလုပ်ရာမှာ တာဝန်ယူခဲ့ရဖူးတယ်။ သူဟာ ဓါတုဗေဒ အင်ဂျင်နီယာပညာအကြောင်း သိပ်မသိတဲ့အတွက် ပုံတွင်ပါရှိသော ထိုဌာနမှ အသုံးပြုနေသော ကိရိယာများအကြောင်း ကျွန်ုပ်တို့ အကဲဖြတ်သိရှိနိုင်သလောက် သူမသိပေမယ့်၊ အချုပ်အားဖြင့် သူ့ပြောပြချက်များဟာ အလွန်စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ သူမြင်တွေ့ခဲ့သော သရုပ်ပြမှု၊ သင်ကြားရှင်းလင်းမှုများဟာ အကြမ်းဖျဉ်းသိပ်ကျလွန်းတာလည်း ထင်ရှားလှပါတယ်။ အကယ်၍ ထိုအဆင့်သည် မြန်မာတို့ အကောင်းဆုံးလုပ်နိုင်တဲ့ အဆင့်ဆိုလျှင် သူတို့မျှော်မှန်းချက်ရောက်ဖို့ အတော်ပင်လိုသေးသည်ဟု ပြောရမည်။
ဗိုလ်မှုးစိုင်းသိန်းဝင်းပြောပြချက်များ အပေါ်သုံးသပ်ချက်။
သူဟာ အဆင့်မြင့် ခေတ်မှီစက်ပစ္စည်းများ အကြောင်း ကောင်းကောင်းသိသူ အတွေ့အကြုံရှိသူ စက်မှုအင်ဂျင်နီယာတစ်ယောက်ဖြစ်ပါတယ်။ ထိုစက်ပစ္စည်းများဟာ နူစီမံကိန်းနှင့် ဒုံးပျံများထုတ်လုပ်ရာတွင် အသုံးပြုနိုင်သော အလွန်တိကျသော စက်အစိတ်အပိုင်းများထုတ်လုပ်ရာတွင် အသုံးပြုနိုင်ပါတယ်။ သူဟာ နူကျွမ်းကျင်သူတစ်ယောက် တော့ မဟုတ်ပါဘူး။ ဒါကြောင့် သူ့ကိုဘာအတွက် ဘယ်လိုဟာတွေ ထုတ်လုပ်ပေးပါဟုပြောကာ လုပ်ခိုင်းသည့်် အရာများကလွဲ၍ ကျန်သောအရာများအကြောင်း သူသိပ်မပြောနိုင်ပါ။ ဒါပေမယ့် သူတင်ပြလာတဲ့ ပုံများတွင် ပါသည့်အရာများကတော့ နူလက်နက်ထုတ်လုပ်ရာတွင် ပလူတိုနီယမ်ဒြပ်ပေါင်းများကို လက်နက်ထုတ်လုပ်နိုင်သည့် အရာများသို့ပြောင်းလဲသည့်နေရာများတွင် သုံးနိုင်သည့် အရာများဖြစ်နေတာတော့ အသေအချာပါ။ ထို ဓါတ်ပုံများနှင့် သူ့ပြောဆိုချက်များဟာ အတုယောင်ဖြစ်သည်ပဲ ဆိုပါအုံး၊ ထိုအရာများဟာ သူထောက်ပြတဲ့ အသုံးပြုမှုများနှင့် အံဝင်ခွင်ကျဖြစ်နေတာ တွေ့ရပါတယ်။
သူဟာ စစ်အင်ဂျင်နီယာဘွဲ့ ရပြီး ရုရှနိုင်ငံ၊ မော်စကိုရှိ နာမည်ကျော် Bauman Institute တွင် Missile နည်းပညာ ဆက်လက်သင်ကြားခဲ့ပါတယ်။ ထိုအထောက်အထားအားလုံး သူပြနိုင်ပါတယ်။ သူ့ရဲ့သူငယ်ချင်းများဟာလဲ Moscow Institute of Engineering Physics နဲ့ Mendeleev Institute of Chemical Technology (MIFI) စတဲ့ကျောင်းတွေမှာ နူကလီးယားနှင့် ဓါတုအင်ဂျင်နီယာ ဘာသာရပ်များကို သင်ကြားခဲ့ကြပါတယ်။ MIFI ဟာ ဆိုဗီယက် နူကလီးယား လက်နက် ဒီဇိုင်းနာများကို လေ့ကျင့်မွေးထုတ်ပေးရာ အဓိက ကျောင်းကြီးဖြစ်ပါတယ်။ ထိုကျောင်းမှ ဓါတုနည်းပညာများ သင်ကြားလာသူများဟာ ဗိုလ်မှုးစိုင်းသိသလောက် အဓိကကျတဲ့ စက်ကိရိယာများ တည်ဆောက်တပ်ဆင်ရာတွင် အဓိက အရေးပါမည့်သူများ ဖြစ်နိုင်ခြေရှိပါတယ်။
မြန်မာပြည်ရဲ့ နူကလီးယား reactor နဲ့ပတ်သက်လို့။
ဒါနဲ့ပတ်သက်လို့တော့ ခန့်မှန်းပြောဆိုချက် အမျိုးမျိုးရှိပါတယ်။ သက္ကရာဇ် ၂၀၀၀ပြည့်နှစ်မှာ ၁၀မီဂါဝပ်အားရှိ သုတေသနသုံး reactor တစ်လုံးဆောက်ဖို့ ရုရှနဲ့ မြန်မာ သဘောတူခဲ့တာကတော့ ရှင်းလင်းစွာသိကြပါတယ်။ ဒီသဘောတူကြီချက်ကို ဖုံးကွယ်မထားပဲ ၂၀၀၈ခုနှစ်လောက်မှာမှ ရုရှက တည်ဆောက်ရန်ရည်ရွယ်ကြောင်းလဲ ထုတ်ပြန်ထားပါတယ်။ အဲဒီ reactor ဟာ အခုထိမတည်ဆောက်ရသေးသလို IAEA ရဲ့ အထူးသဘောတူညီချက်များအား မြန်မာဖက်မှ လက်မှတ်မထိုးမချင်း ရုရှမှ တည်ဆောက်ပေးမည့် အရိပ်အယောင်လဲ မရှိပါ။ ထို သဘောတူညီချက်အား မြန်မာဖက်မှ လက်မှတ်ထိုးမည့်ပုံလဲမရှိပါ။ အဘယ့်ကြောင့် ဆိုသော လက်မှတ်ထိုးသဘောတူလိုက်သည်နှင့် သူတို့ခိုးကြောင်ခိုးဝှက် လုပ်ဆောင်နေသော စီမံကိန်းများအား IAEA မှဝင်ရောက်စစ်ဆေးခွင့်ရရှိသွားမှာကြောင့်ပဲဖြစ်ပါတယ်။
ဒါ့အပြင် ထို ၁၀မီဂါဝပ် reactor ဆိုသည်မှာ နူလက်နက် မပျံ့ပွားရေး အတွက် စိုးရိမ်စရာမရှိလောက်အောင် သေးငယ်တဲ့ အတိုင်းအတာဖြစ်ပြီး ကမ္ဘာ့နိုင်ငံအများမှာ ပုံမှန်လိုပဲ ရှိနေကြပါတယ်။ ထိုreactor များကို နူဆိုင်ရာ ပညာရပ်များ သင်ကြားရေးအတွက် အသုံးပြုနိုင်ပြီး၊ လက်နက်ထုတ်လုပ်နိုင်သည်အထိ လိုအပ်တဲ့ ပလူတိုနီယမ် ပမာဏကို အလွယ်တကူနှင့် ချက်ချင်းထုတ်လုပ်နိုင်ရန်အတွက် အသုံးမပြုနိုင်ပါ။ IAEA မှာ ဘယ်လို reactors မျိုးဟာ ပလူတိုနီယမ်ထုပ်လုပ်ဖို့သင့်တော်တယ် ဟုသတ်မှတ်ရန် စံနှုံးထားများရှိပါတယ်။ အဆိုပါ ၁၀မီဂါဝပ် reactor ဟာ ထိုစံနှုံးများအောက်မှာရှိပါတယ်။ ထိုအရွယ်အစားသည် နူဆိုင်ရာ သင်ကြားရေးနှင့် ဆေးပညာဆိုင်ရာ radioisotopes များ ထုတ်လုပ်ရာတွင်သာ အသုံးဝင်ပါတယ်။ ကမ္ဘာတ၀ှမ်းမှာ အဆိုပါ reactor များကို ဒေသတွင်း ဆေးပညာဆိုင်ရာ radioisotopes များထုတ်လုပ်ရေးအတွက်သာ အဓိကသုံးကြပါတယ်။ အထက်ပါအချက်များကြောင့် မြန်မာဟာ ရုရှထံမှ 10MW reactor ၀ယ်ယူထားသည်ဆိုသည့် သတင်းမမှန်သကဲ့သို့ ဗုံးစီမံကိန်းအတွက် သူတို့ဖာသာ သူတို့အလားတူစက်ရုံမျိုးတည်ဆောက်နေတယ် ဆိုတဲ့ သတင်းဟာလဲ အဓိပ္ပါယ်ကင်းမဲ့ပါသည်။
ဖြစ်နိုင်တာကတော့ အစ္စရေးက ဖျက်ဆီးလိုက်တဲ့ ဆီးရီးယားရဲ့ reactor လို ပိုပြီးကြီးတဲ့ဟာမျိုး တည်ဆောက်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အမြင်က ဖြစ်နိုင်ချေရှိပြီး ပိုစိတ်ဝင်စားဖွယ်ကောင်းပါတယ်။ အဲဒီ reactor ဟာ မြောက်ကိုရီးယားက ယွန်ဗြောင်း (Yongbyon) ဒေသမှာတည်ဆောက်ထားတဲ့ 25MW အားရှိ ပလူတိုနီယမ်ထုတ်နိုင်တဲ့ အဆင့်ရှိတဲ့ ဟာမျိုးဖြစ်ဖွယ်ရှိပါတယ်။ မြောက်ကိုရီးယားဟာ ဆီးရီးယားလို ဖောက်သည် နိုင်ငံမျိုးတွေကို နူနည်းပညာနဲ့ပတ်သက်ပြီး အကူအညီပေးနိုင်တယ်ဆိုတဲ့ အချက်ဟာ မြန်မာနိုင်ငံရဲ့ နူစီမံကိန်းတွေအကြောင်းစဉ်းစားရာမှာ စိုးရိမ်ဖွယ်ရာအချက်အဖြစ် ထည့်သွင်းရပါလိမ့်မယ်။ မြောက်ကိုရီးယားဟာ တာလတ်ပစ် ဒုံးပျံများ တည်ဆောက်ရာမှာ အကူအညီပေးမယ်ဆိုတဲ့ စစ်ရေးဆိုင်ရာ သဘောတူညီချက် ရှိပေမယ့် နူလက်နက် စီမံကိန်းနဲ့ပတ်သက်ရင်တော့ မြောက်ကိုရီးယား ဘယ်လောက်ပါဝင်ပတ်သက်နေသလဲ ဆိုတာ ခန့်မှန်းပြောဆိုရတဲ့အဆင့်ပဲရှိနေသေးတယ်။
မြန်မာဟာ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်နေသလား။
ြ
မြန်မာအနေနဲ့ အရေးကြီးဆုံးသော အချက်မှာ IAEA နှင့် သဘောတူညီချက်အားလိုက်နာခြင်းပင်ဖြစ်ပါတယ်။ ၁၉၉၅ မှာ အပြည်ပြည်ဆိုင်ရာ ဥပဒေ စံနှုန်းနှင့် သဘောတူညီချက်များကို လိုက်နာသောအားဖြင့် နူလက်နက်များရရှိအောင် မကြိုးပမ်းပါဟူသော သဘောတူညီချက်အား လက်မှတ်ထိုးထားခဲ့ပါတယ်။ ထိုသဘောတူညီချက်အား ဖြည့်စွက်ချက်ဖြစ်သည့် Small amount quantities protocol တွင် မြန်မာနိုင်ငံတွင် နူဆိုင်ရာ အဆောက်အအုံပစ္စည်း လုံးဝမရှိပါဟုကြေငြာခဲ့ပါတယ်။ IAEA မှလက်ခံခဲ့သော ထိုကြေငြာချက်အရ မြန်မာပြည်တွင် နူဆိုင်ရာ လုံခြုံရေး စစ်ဆေးမှုများ လုံးဝမရှိခဲ့ပါ။ မြန်မာနိုင်ငံဟာ လူမှုရေးရာ အထောက်အပံ့အနေဖြင့် IAEA မှပေးအပ်သော Scientific grant money ရရှိထားသော နိုင်ငံဖြစ်သောကြောင့် အခါအားလျော်စွာ IAEA မှ သွားရောက်ခြင်းများရှိပါတယ်။ ထို grant money မှ အချို့အား မြန်မာနူသိပ္ပံပညာရှင်များအား နူပစ္စည်းများ ထုတ်လုပ်နိုင်ရန် လေ့ကျင့်ပေးမှုများတွင် သုံးသော်လည်း ထိုငွေသည် grant money ၏ အနည်းစုသာဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ အာမခံပြောကြားချက်များအရ ၄င်းတို့ထံတွင် နူထုတ်လုပ်နိုင်သည့် အဆောက်အအုံပစ္စည်းကိရိယာ မရှိ၊ နူကုန်ကြမ်းအနည်းငယ်သာရှိပြီး လက်ရှိအခြေအနေမှ ပြောင်းလဲဖို့အစီအစဉ်မရှိသေးပါဟူ၍ဖြစ်သည်။ ဗိုလ်မှုးစိုင်း၏ အထောက်အထားများအရဆိုလျင် ယူရေနီယမ်များတူးဖော်နေခြင်း၊ တူးဖော်ရရှိသည်များကို reactors နှင့် ဗုံးများတွင် အသုံးပြုနိုင်သော ဒြပ်ပေါင်းများသို့ပြောင်းလဲနေခြင်း၊ နူဗုံးပြုလုပ်ရာတွင်သာ အသုံးပြုနိုင်သော reactor နှင့် ယူရေနီယမ် သန့်စင်စက်ရုံများကို တည်ဆောက်ရန်ကြိုးစားနေခြင်း စသည်တို့ကိုတွေ့ရှိရပါတယ်။ ထိုလုပ်ဆောင်ချက်များဟာ လျှပ်စစ်ဓါတ်အားထုတ်လုပ်ရန် ရည်ရွယ်၍ ဆောက်လုပ်ပါသည်ဟုလဲ လုံလောက်သော ဆင်ခြေပေးရန်မဖြစ်နိုင်ပါ။ ထိုလုပ်ဆောင်ချက်များဟာ မြန်မာနိုင်ငံ၏ လက်ရှိနည်းပညာအားဖြင့် အလှမ်းဝေးသောအရာများဖြစ်ပါတယ်။ အခြေအနေများပြောင်းလဲသွားပြီဆိုလျင် IAEA ကိုအကြောင်းကြားရမှာက မြန်မာနိုင်ငံ၏ တာဝန်သာဖြစ်ပါတယ်။ သေချာတာကတော့ သူတို့သာ လျှို့ဝှက်စွာနဲ့ဗုံးထုတ်လုပ်နိုင်ရန်ကြိုးစားနေလျှင်၊ သဘောတူညီချက်ကိုဖောက်ဖျက် နေသည် ဆိုလျှင်၊ IAEA ကို မိမိဆန္ဒအလျောက် အကြောင်းကြားမည် မဟုတ်ပါ။
မြန်မာဟာ စင်ကာပူရှိပွဲစားများမှ တစ်ဆင့် လက်နက်များထုတ်လုပ်ရာတွင် သုံးနိုင်သော အဆင့်မြင့် ဂျာမန်လုပ် စက်ပစ္စည်းများကို ၀ယ်ယူခဲ့ခြင်း။ ထိုစက်များဟာ အရွယ်အစားအားဖြင့် အရည်အသွေးအားဖြင့် ၀ယ်ယူစဉ်က ခေါင်းစဉ်အဖြစ်သုံးခဲ့သော သင်ကြားရေးနှင့် လားလားမျှ မအပ်စပ်သော အရာများကို လုပ်ဆောင်နိုင်စွမ်းရှိခြင်း။ ထိုစက်များကို အမည်ခံကာ ၀ယ်ယူခဲ့သော သင်ကြားရေးဌာနသည် မြန်မာ အနူမြူစွမ်းအင် ဌာနနှင့်သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနတို့နှင့် ဆက်စပ်နေခြင်း။ အဆိုပါ အရာများအား ထောက်ရှု၍ ထိုဌာနများ၊ စီမံကိန်းများနှင့် သက်ဆိုင်သူ အပေါင်းတို့အား လက်နက်ထုတ်လုပ်နိုင်သော ပစ္စည်းများ မ၀ယ်ယူနိုင်အောင် ပိတ်ဆို့တားဆီးခြင်းများ ပြုလုပ်သင့်ပေသည်။
What is the state of Burma’s nuclear program?
ကျွန်ုပ်တို့ဟာ ဗိုလ်မှုးစိုင်းယူလာသော နူစီမံကိန်း အထောက်ထားများ၊ ဓါတ်ပုံများအား အသေအချာ လေ့လာခဲ့ကြပါတယ်။ သူတို့တွေ တွင်ဖောက်ထားတဲ့ စက်ပစ္စည်းအစိတ်ပိုင်းများရဲ့ အရည်အသွေးဟာ ညံ့ဖျင်းပါတယ်။ ဒီအစိတ်အပိုင်းတွေထုတ်ဖို့သုံးတဲ့ ဆွဲထားတဲ့ ပုံများဟာလဲ အတော်လေးဆိုးပါတယ်။ တကယ်သာ နူလက်နက်ထုတ်ဖို့ စီမံနေတယ်ဆိုရင် အလွန် ရှုပ်ထွေးတိကျလှတဲ့ စက်များလိုအပ်မှာဖြစ်တဲ့အတွက် အဲဒီရှုထောင့်ကကြည့်ရင်တော့ မြန်မာပြည်ဟာ အဆင်သင့်မဖြစ်သေးပါဘူး။ ဖြစ်နိုင်ချေကတော့ ဗိုလ်မှုးစိုင်းရဲ့ အချက်အလက်တွေထဲမှာ မပြည့်စုံတာတွေ ရှိကောင်းရှိနိုင်တယ်၊ ဒါမှမဟုတ်လဲ မြန်မာပြည်ဟာ အခုမှ ပွဲစရုံပဲရှိသေးတဲ့ အခြေအနေဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် အခုတွေ့မိသလောက် စက်ပစ္စည်းနဲ့ လိုအပ်သော ပစ္စည်းများအခြေအနေအရ သူတို့ အောင်မြင် အောင်လုပ်နိုင်ဖို့တော့ အလှမ်းဝေးနေပါသေးတယ်။
ဒါပေမယ့် သူတို့မျှော်မှန်းချက်က အရေးအပါဆုံးပါ။ သူတို့ဟာ ယူရေနီယမ်တွေ တူးဖော်နေတယ်၊ တူးဖောက်ရတာတွေကို ဓါတုဗေဒ နည်းတွေနဲ့ အဆင့်မြှင့် သန့်စင်နေတယ်။ သူတို့ဟာ ပလူတိုနီယမ် ထုတ်လုပ်ဖို့ နူကလီးယား reactor ၊ ဗုံးလုပ်နိုင်ဖို့ ယူရေနီယမ် သန့်စင်ရေး စက်ရုံတွေ ဆောက်နေတယ်။ ဒီလုပ်ဆောင်ချက်တွေဟာ သူတို့ ရဲ့ IAEA နဲ့သဘောတူညီချက်တွေကို ချိုးဖောက်နေတာဖြစ်ပါတယ်။
အကယ်၍ သူတို့ရဲ့ တရားမ၀င်စီမံကိန်းတွေ မအောင်မြင်သေးရင်တောင် အခုသူတို့လုပ်နေတာတွေဟာ နူလက်နက်မပျံ့ပွားရေး လုပ်ဆောင်နေကြတဲ့ နိုင်ငံတကာ အသိုင်းဝိုင်းကြားမှာ ပွဲဆူသွားစေနိုင်ပါတယ်။ IAEA ဟာ မြန်မာအစိုးရကို မေးမြန်းသင့်ပါတယ်။ သည် စွပ်စွဲချက်တွေသာ အမှန်ဖြစ်လာရင် နောက်ဆက်တွဲ မေးခွန်းတွေ ၊ လေ့လာစုံစမ်းမှုတွေ လုပ်ရပါမယ်။ ဒါပေမယ့် သည်ကြိုးပမ်းချက်တွေဟာ မြန်မာပြည်က နောက်ဆက်တွဲ သဘောတူညီချက်တွေကို လက်မှတ်မထိုးလျှင် လုပ်ဆောင်နိုင်ဖို့မလွယ်ပါ။ IAEA မှာ မြန်မာနိုင်ငံကို စစ်ဆေးရန် အခွင့်အာဏာရှိမည်မဟုတ်ပါ။
မြန်မာဟာ မြောက်ကိုရီးယားနှင့် စစ်ရေး သဘောတူညီချက်အရ တာလတ်ပစ် စကဒ်ဒုံးကျည်များကို လည်း မြောက်ကိုရီးယား အကူအညီဖြင့် တည်ဆောက်ဖို့ကြိုးစားနေပါတယ်။ ထိုစကဒ် ဒုံးကျည်များဟာ မြန်မာလုပ် နူထိပ်ခေါင်းများ သယ်ဆောင်ဖို့တော့ ဖြစ်နိုင်မယ်မဟုတ်ပါဘူး။ အဘယ့်ကြောင့် ဆိုသော် ကနဦး နူထိပ်ဖူးများဟာ စကဒ်ဒုံးကျည်တွင် တပ်ဆင်ရန် အလွန်မှလေးလံသောကြောင့်ဖြစ်တယ်။ ဒါပေမယ့် ထို စကဒ်ဒုံးကျည်များ တွင် တပ်ဆင်ဖို့ရာထက် အိမ်နီးချင်း နိုင်ငံများအားခြိမ်းခြောက်နိုင်ဖို့က အဓိကဖြစ်ပါလိမ့်မယ်။ မြန်မာပြည်ကို အုပ်စိုးနေသူများဟာ နိုင်ငံရေးအတွေးအခေါ်ထက် လေဘ များသာရှိကြတဲ့သူတစ်စုဖြစ်ပါတယ်။ စစ်အစိုးရဟာ တိုင်းပြည်ရဲ့ ကြွယ်ဝတဲ့ ရင်းမြစ်များဖြစ်တဲ့ ကျွန်းသစ်၊ ရွှေ၊ ကျောက်စိမ်း၊ အခြား ဓါတ်သတ္တုများ နှင့် ပြည်သူတို့ လုပ်အားစတာတွေကို လူတစ်စုကောင်းစားရေးအတွက်ပဲ ဦးစားပေးလုပ်နေသူတွေဖြစ်ပါတယ်။ သူတို့ရဲ့ နည်းပေးလမ်းပြ ဆရာ မြောက်ကိုရီးယားလိုပဲ မြန်မာစစ်အစိုးရရဲ့ နူရည်မှန်းချက်ဟာ နိုင်ငံရပ်ခြားမှ ကျူးကျော် နှောက်ယှက်မှုများကို နူပိုင်ဆိုင်ခြင်းဟူသည့် ဒိုင်းဖြင့် အကာကွယ်ယူ ကာ သူတို့အတွက် လုံခြုံနေရေးပင်ဖြစ်ပါတယ်။
Kelley, 63, a former Los Alamos weapons scientist, was an IAEA director from 1992 to 1993, and again from 2001 to 2005. Based in Vienna, Austria, he conducted weapons inspections in Libya, Iraq, and South Africa, and compliance inspections in Egypt, Turkey, South Korea, Taiwan, Syria, Tanzania, Pakistan, India, and Congo, among others.
ဘာသာပြန်- အောင်ဆန်းမန်း။
အကယ်၍ မူရင်းဆောင်းပါး ပါအချက်လက်များနှင့် ကွဲလွဲပါက ကျနော်၏ ညံ့ဖျင်းမှုသာဖြစ်ပါသည်။
Burma Nuclear Plan Saitheinwin Revelation Translation
No comments:
Post a Comment