ရန်ကုန်မြို့ တွင် ကျောင်းသားလူငယ် (၆၅) ဦးမှ မြန်မာပြည်ရဲ့  မိခင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက်မွေးနေ့ အား ဂုဏ်ပြုသည့်အနေဖြင့် သွေးလှူဒါန်းခဲ့
(၁၉.၆.၂၀၁၀) ရက်နေ့ တွင် ကျရောက်ခဲ့သော မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၅) နှစ်မြောက်မွေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းအတွင်းရှိ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများနှင့် ကျောင်းသားလူငယ် စုစုပေါင်း (၆၅) ဦးက စုပေါင်း၍ သွေးလှူဒါန်းခြင်းကို ရန်ကုန်မြို့ပေါ်ရှိ ဆေးရုံအသီးသီးတွင် နေရာခွဲ၍ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။
နအဖအာဏာရူး လက်ပါးစေများ၏ စောင့်ကြည့်နှောက်ယှက်မှုများရှိသည့်အတွက်ကြောင့် တစ်နေရာထဲတွင် သွေးလှူဒါန်းခြင်း မပြုနိုင်ပဲ ယခုကဲ့သို့  နေရာခွဲ၍ ပြုလုပ်ရခြင်းဖြစ်ကြောင်း သွေးလှူဒါန်းခဲ့ရာတွင် ကိုယ်တိုင်ပါဝင်လှူဒါန်းခဲ့ သူ ကျောင်းသားလူငယ်တစ်ဦးက ပြောကြားခဲ့ပါတယ်။
”လူထုခေါင်းဆောင် အမေစုရဲ့  တိုင်းပြည်နဲ့ လူမျိုးအပေါ်မှာ ပေးဆပ်မှုနဲ့ စာရင် ကျွန်တော်တို့ ဖောက်ထုတ်ခဲ့တဲ့ သွေးတွေက ဘာမှ မပြောပလောက်ပါဘူး၊ အမေ့ ရဲ့ ပေးဆပ်မှုတွေကို တန်ဖိုးထားလေးစားတဲ့ အနေနဲ့ ကျွန်တော်တို့ ပေးဆပ်နိုင်သလောက်လေး ပြန်လည်ပေးဆပ်တာပါ။
သွေးလှူနေတဲ့ ကျွန်တော့်  ကုတင်ဘေးမှာ အမေကိုယ်တိုင်ရပ်ပြီး ပီတိအပြုံးနဲ့ အားပေးနေတယ်လို့ စိတ်ထဲက မြင်ယောင်ပြီး ကြည်နူးမိပါတယ်၊ နောင်နှစ် နောင်နှစ်တွေမှာ မွေးနေ့ ရှင်ကိုယ်တိုင် ပါဝင်ဆင်နွှဲနိုင်တဲ့ မွေးနေ့ ဖြစ်ပါစေလို့ လဲ ကျွန်တော်တို့ ကျောင်းသားလူငယ်တွေက ပြည်သူတရပ်လုံးကိုယ်စား ဆုတောင်းပေးပါတယ်”ဟု အထက်ပါ ကျောင်းသားလူငယ်မှ ဆက်လက်ပြောကြားခဲ့ပါတယ်။
(ယခုလို ပြည်သူလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့  ၆၅ နှစ်မြောက် မွေးနေ့ အား ဂုဏ်ပြုတဲ့အနေနဲ့  သွေးလှူဒါန်းကျသော ကျောင်းသားလူငယ် ၆၅ ဦးအား အထူးလေးစားဂုဏ်ယူရပါကြောင်း ဤ ဘလော့ကနေ မှတ်တမ်းတင် ပြောကြားအပ်ပါတယ် - လေးစားလျက် - နစ်နေမန်း)။
No comments:
Post a Comment