၇ ဂျူလိုင်၊ ၁၉၆၂။
အာဏာရှင်တို့ ရဲ့  ယုတ်မာမှုလက်ချက်ဖြစ်တဲ့ သမိုင်းအစဉ်အလာကြီးသော ကျောင်းသားသမဂ္ဂအတောက်အဦးအား မိုင်းဖြင့် ဖြိုခွဲမခံရမှီ မြင်တွေ့ ရသော ပုံ ဖြစ်ပါတယ်။
၇ ဂျူလိုင်၊ ၁၉၆၂။
(၄၈) နှစ်မြောက်၊ ရန်ကုန်တက္ကသိုလ်၊ ၁၉၆၂ ဂျူလိုင် ၇ရက်၊ အမှတ်တရ အဖြစ် 'ဆရာအောင်ပြည့်' ရဲ့ 'ပြိုမှာလေလားမိုးရဲ့' ၀တ္ထုမှ ထုတ်နှုတ်ဖော်ပြခြင်း ဖြစ်ပါတယ်။
အဆောင် ပြန်ရောက်ချိန်တွင်တော့ ခင်ညို စာကြည့်လို့ မရ။ နက်ဖြန် နေ့ခင်း တကသ အစည်းအဝေးမှာ ဘာတွေ ဆုံးဖြတ်ကြမလဲ။ မြို့နယ်အသင်း အမှုဆောင် အစည်းအဝေးကော ကျေကျေလည်လည် ပြီးပါ့မလား။
ခင်ညို တွေးနေဆဲမှာပင် ပင်မကျောင်းဆောင်များဆီမှ အသံတွေ ဆူလာသည်။ ခင်ညို နားစိုက်ထောင်လိုက်မှပင် အသံတွေက ပိုပြီး ကျယ်လာသည်။
"ထောင်လို ချုပ်ထားတာ မလိုချင်ဘူးကွ"
"ဟေး"
"ဟေး" ဆိုသောအသံထုကြီးက ကြက်သီးထခမန်း။
"မီးတွေပိတ်ကွ"
"ပဲခူးဆောင်က ရဲဘော်တွေ ဆင်းခဲ့ကွ"
ခင်ညို အဆောင်သံ စကာကြားက ကြည့်မိသည်။ ဗဟိုဆောင်များတွင် မှောင်နှင့်မဲမဲ မီးပျက်သည်ကစပြီး ဆူကြဟန်တူသည်။ ပြီးတော့ အပြင်ကို ပြိုထွက်လာကြဟန် တူသည်။
မန္တလေးဆောင်တွင်းမှာတော့ အဆောင်မှူး ဆရာ ဦးခင်မောင်ဝင်းတို့၊ ဦးထွန်းဦးတို့ ပျာနေကြပြီ။ ညစောင့် မောင်သောင်းပင် မျက်လုံးပြူးပြီး ဘာလုပ်ရမှန်းမသိ။ တဖြည်းဖြည်းနှင့် ကျောင်းသားတွေ အားလုံးလိုလို အဆောင်ဝ တံခါးမကြီးတွင် စုမိကြသည်။
"ရဲဘော်တို့ ထွက်ခဲ့ပါ၊ ကျုပ်တို့ ဖိနှိပ်ချုပ်ချယ်မှုကို ကန့်ကွက်ဖို့ ဆိတ်ငြိမ် ဆန္ဒပြမယ်"
"မကြောက်ပါနဲ့ လာသာ လာခဲ့ပါ"
မောင်သောင်းက လန့်ပြီး သော့အားလုံးကို ဆရာဦးခင်မောင်ဝင်းလက် အပ်လိုက်သည်။ တံခါးက ပိတ်မြဲ။
"ဟေ့ မိန်းမရှာတွေလားကွ"
ပေါ်တီဂိုအောက်တွင် ရပ်နေသော ရဲဘော်တယောက်က အော်သည်။
"ချလွမ်"
ခင်ညိုက အံကို ကြိတ်ပြီး လက်သီးကို ကျစ်ကျစ်ဆုပ်ထားချိန် ဘာကို စလုပ်ရမှန်း မသိချိန်မှာပင် ဘယ်အချိန်က အပြင်ရောက်နေမှန်းမသိသော မန္တလေးဆောင်သား စိန်အစ်က မီးချောင်းကို ပစ်ခွဲလိုက်သည်။ ပေါ်တီဂို တခုလုံး မှောင်သွားပေပြီ။
"ထွက်ဟေ့၊ ထွက်ဟေ့"
ပြောပြောဆိုဆိုနှင့် အပြင်တွင်ရှိသော ကျောင်းသားထုက သံဆွဲတံခါးကို ၀ိုင်းမသည်။ ကြောင်ပြီး ကြည့်နေရာမှ အသက်ဝင်လာသေ ခင်ညိုတို့ အဆောင်သားတွေက ခုမှ တံခါးကို ၀ိုင်းတွန်းသည်။ မကြာလှပါ။ တံခါးကြီး ကော့လန်သွားသည်။ ကျောင်းဆောင်သား အားလုံးလိုလို ငုံ့ပြီး ထွက်လိုက်ကြသည်။
အို ကျောင်းသားထုက မနဲပါလား။
"လာကြဟေ့ ရဲဘော်တို့၊ အမရဆောင်ကို ဒီနည်းအတိုင်း ဖွင့်မယ်"
ရှေ့ဆုံးက ရဲဘော် ကျောင်းသားတယောက်က ပြေးရင်း အော်ပြောသွားသည်။ ကျောင်းသားထုကြီးလည်း သူ့နောက် ပြေးလိုက်သွားသည်။
"ဟေ့ ဖိုးစိုးလွင်"
အမရဆောင် လှေခါးအောက်တွင် အဆောင်သားတွေ စုပြုံနေကြပြီး ဖြစ်သည်။ စိုးလွင်ဂျပုက ရှေ့ဆုံးမှာ သံတံခါးနှင့် ကပ်လို့။
"ဘယ်လိုလဲဗျ ကိုခင်ညို"
စိုးလွင်က မျက်နှာသေလေးနှင့် မေးသည်။
"ဟ ဘယ်လိုမလဲနေနဲ့ ကိုယ့်လူ၊ တံခါးသာ ၀ိုင်းတွန်းပေးတော့"
ခင်ညို ပြောနေချိန်တွင် 'ဆွဲဆွဲ' နှင့် အပြင်ကျောင်းသားထုက ဆွဲပြီး 'တွန်း တွန်း' နှင့် အတွင်း ကျောင်းသားထုက တွန်းသည်။
"ဟေး"
တံခါးကြီး လန်သွားပေပြီ။
"ရဲဘော်တို့ ရာမညကလဲ ထွက်လာကြပြီ၊ အားလုံး အဓိပတိလမ်းမှာ စုမယ်၊ စည်းကမ်းအတတ်နိုင်ဆုံးထားပြီး လိုက်ခဲ့ကြပါ"
"ဟေး"
ကိုဗဆွေလေးက အမရဆောင် အုတ်ခုံမြင့်လေးပေါ်က အော်ပြောလိုက်ပြီး ရှေ့က ထွက်သွားသည်။ ကျောင်းသားအားလုံး သူ့နောက် ပါလာကြသည်။
"တပည့်တို့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြပါကွာ မှားကုန်ပါ့မယ်"
သမဂ္ဂရှေ့ စုမိကြလျှင်ပင် ကျောင်းသားရေးမှူး ဆရာ ဦးစံထွန်းရောက်လာသည်။ ရောက်ရောက်ချင်း ဆရာက အော်ပြောခြင်း ဖြစ်သည်။
"စိတ်ချပါဆရာ၊ ကျွန်တော်တို့ စည်းကမ်း အရှိဆုံး ဆန္ဒပြကြမှာပါ"
မတတ်သာတော့သည့်အဆုံး ဆရာက ပြုံးပြုံးပင် လက်လျှော့လိုက်သည်။
"လာကြဟေ့၊ အ၀ိုင်းလေးမှာ စုမယ်။ တကောင်းတို့ ပြည်တို့က ရဲဘော်တွေလဲ ဆူနေပြီ၊ သူတို့နဲ့ သွားပေါင်းမယ်"
ကျောင်းသားခေါင်းဆောင်တယောက်က လက်မြှောက်ရင်း အော်ပြောသည်။
"အေးဟေ့၊ ကောင်းတယ်"
ကျောင်းသားထု အသံက ဆူညံသွားသည်။ ပြီးတော့ တရွေ့ရွေ့နှင့် အဓိပတိလမ်း တံခါးဝနား ရောက်လာသည်။ ဆရာဦးစံထွန်းသည် ကျောင်းသားထု၏ ရှေ့က ပြေးပြီး အ၀ိုင်းလေး မြေမြင့်ပေါ် တက်လိုက်သည်။ ပြီးတော့ သူ့ခေါင်းက ကက်ဦးထုပ်ကလေးကို မြှင့်ဆောင်းလိုက်ပြီး မျက်မှန်အောက်က ပြုံးသော သူ့မျက်လုံးကို ထုတ်ပြရင်း ကျောင်းသားထုကို လက်နှင့် အရှိန်ရပ်လိုက်သည်။ အားလုံး ရပ်သွားမှ -
"တပည့်တို့ကို ကျောင်းပြင် မထွက်စေချင်ဘူးကွာ၊ အခွင့်အရေး တခုခုအတွက် ဆန္ဒပြရင် ကျောင်းထဲမှာဘဲ စည်းကမ်းရှိရှိ ဖြစ်စေချင်တယ်။ တကောင်းဘက် မသွားပါနဲ့တော့"
ဆရာဦးစံထွန်း ရပ်နေရာ အ၀ိုင်းလေးပေါ်တွင်လည်း ကျောင်းသားတအုပ် ရှိသည်။ ခပ်နောက်နောက် တယောက်က ဆရာ့ခေါင်းပေါ်က လက်တချောင်းကျော်ပြီး “အလကားလှိမ့်တာ” ဟူသော ဟန်မျိုးဖြင့် လက်ခါပြသည်။ ကျောင်းသားတွေက ပြုံးလို့။
"ရဲဘော်တို့၊ ဆရာပြောတဲ့စကားက လမ်းကျပါတယ်။ အားလုံး ပြန်ဝင်ကြစေချင်ပါတယ်"
ကိုဗဆွေလေးက ဆရာ့အနားတိုးလာပြီး အော်ပြောလိုက်သည်။ ကျောင်းသားထုက ငြိမ်သွားသည်။ ကျောင်းသားတွေ တဖြည်းဖြည်း များလာလိုက်သည်မှာလည်း အဓိပတိတလမ်းလုံး မဲလို့။
"အေးကွာ၊ ငါ့တပည့်တွေက နားလည်မှု ရှိပါတယ်။ ကျောင်းဝင်းထဲမှာဘဲ စနစ်တကျ လုပ်ကြစမ်းပါ"
ဆရာဦးစံထွန်းက သူ့စကားနားထောင်သော ကျောင်းသားများအတွက် ကျေနပ်သွားဟန်၊ နှစ်နှစ်ကာကာ ပြုံးရင်း ပြောသည်။ ကျောင်းသားအားလုံး ဘွဲ့နှင်းသဘင်ကို ပြန်ပြီး မျက်နှာမူလိုက်ကြသည်။
"ခေါင်းဆောင်တွေ ဆွဲကုန်ပြီဗျို့"
မန္တလေးဆောင်ရှေ့မှ အသံတသံက စူးစူးရှရှ ထွက်လာသည်"
"ပုလိပ်ကားတွေ ရောက်နေပြီဟေ့"
"ဘဆွေလေးတို့ ဆွဲသွားပြီဗျ။ ခင်ဗျာ့ ကိုတင်ထွန်းကြီးလဲ ပါသွားပြီ ဟိုမှာမြင်လား။ ပုလိပ်ကားတွေ ထွက်သွားပြီ။ အဲဒီပေါ် ပါကုန်ပြီဗျ"
ကိုမောင်မောင်က ဆို့ဆို့နင့်နင့် ပြေးလာရင်း ပြောသည်။ ခင်ညိုလည်း ဘာလုပ်ရမည် မသိတော့။
"ရဲဘော်တို့ ကျုပ်တို့ခေါင်းဆောင်တွေကို ဟိုကောင်တွေ ၀င်ဆွဲသွားပြီဗျ"
"ရဲဘော်တို့၊ ပုလိပ်တွေ ထပ်ရောက်လာကုန်ပြီ။ အတင့်မရဲကြနဲ့ဟေ့၊ မျက်ရည်ယို ဗုံးတွေလဲ ပါတယ်။ သတိရှိကြပါ"
မကြာလှပါ။ ဗုံးမိုး သည်းထန်စွာ ရွာပါတော့သည်။ ခင်ညိုတို့လည်း ခုမှပင် ရေစိုအ၀တ်၏ တန်ဘိုးကို နားလည်တော့၏။ ဗုံးလုံးတွေက သိပ်ပြီး အရှိန်ပြင်းလှသည် မဟုတ်သောကြောင့် အဂျလာတို့ အုပ်စုက ကလို့ ခုန်လို့ပင် ဗုံးကို ရှောင်သည်။ အနီးအနားလာကျလျှင် ပြန်ကောက်ပြီး ပစ်လိုက်သေးသည်။
ထိုစဉ်တွင် ကျောင်းသားတစုသည် ဆရာကာ အိမ်တွင်းမှ ဗော့က်စ်ဝဂ်ဂွန်ကား အနီရဲရဲလေးတစင်းကို တွန်းလာကြ၏။ ဘွဲ့နှင်းသဘင် တံခါးမကြီးအထိ။ တံခါးမကြီးရှေ့အရောက်တွင် ကားကို ပက်လက်လှန်လိုက်ကြ၏။ ပြီးတော့ မီးရှို့ပစ်လိုက်ကြ၏။ ကားနီနီလေးနှင့်အတူ မီးတောက်ကရဲရဲ။ လက်ခုပ်သံ ဆူညံ အော်ဟစ်သံတွေကလည်း တသဲသဲ။ အော် သွေးဆူနေကြချိန်တကား။
ဒါနှင့် မနားသေးပေ။ နောက်ထပ် ကျောင်းသားတစုက ကားပြာလေးတစီး ထုတ်လာပြန်သည်။ သည်လိုပင် အိမ်ရှေ့အရောက် လှန်ပြီး မီးရှို့လိုက်ကြပြန်သည်။ ထိန်းနိုင် ဦးဆောင်နိုင်သည့် ခေါင်းဆောင်တွေလည်း မရှိတော့ပြီ။ သည်အချိန်တွင် အသံကျယ်ကျယ် ရဲရဲတင်းတင်းနှင့် ရှေ့ကရှောက်သူသာ ခေါင်းဆောင် ဖြစ်တော့၏။
ကားနှစ်စီး မီးတောက် ငြိမ်းသောအခါတွင်ကား ကျောင်းသားတွေသည် အစုလိုက် အစုလိုက် ခြေပစ်လက်ပစ် ထိုင်နေကြတော့သည်။ တချို့က အဓိပတိ လမ်းမပေါ်မှာ။ တချို့တွေက မြက်ခင်းဆီမှာ။
အဓိပတိ ၀င်းတံခါးမကြီးကတော့ ပိတ်ထားဆဲ။ အထဲတွင် ကျောင်းသားတွေ ငြိမ်သူငြိမ်၊ လှုပ်ရှားသူ လှုပ်ရှား၊ စကားများသူ များနေသော်လည်း သံတံတိုင်းအပြင်တွင် စစ်ကားတွေ စီရရီနှင့်။
ခင်ညိုတို့တတွေလည်း အာညောင်း လက်ညောင်းမို့ အဓိပတိ ကပ်တရာလမ်းမပေါ်တွင် နှစ်နှစ် ခြိုက်ခြိုက် လှဲနေလိုက်ကြသည်။
တောင်ဆီမှာတော့ မိုးတွေညို့လို့။
မိုးသေးမိုးဖွဲလေးတွေကလည်း လွမ်းလောက်စရာ။ မရဲတရဲ ရွာနေပြန်သည်။ ခင်ညို့ မျက်နှာပေါ်တွင် မိုးသီးလေးတွေ ကွက်ကျားစိုလျက် ရှိနေ၏။ မှောင်ရီပင် သန်းလာချေပြီ။
"ဟိုရဲဘော် ကြည့်ပါအုန်းဗျာ၊ တံခါးဝက အုတ်ခုံပေါ်မှာ"
ချစ်ဆွေပြော၍ အားလုံး လှည့်ကြည့်လိုက်သောအခါ ကျောင်းသားတယောက် ခါးတောင်းမြှောင်အောင် ကြိုက်ပြီး အုတ်ခုံမြင့်ပေါ်တွင် ထိုင်အော်နေသည်ကို တွေ့၏။
မကြာလိုက်ပါ။ ခင်ညိုတို့တတွေ ခေါင်းပြန်မလှည့်မီမှာပင် ရန်ကုန်တက္ကသိုလ်ကြီးအတွက် အခြေအနေ အားလုံး ပြောင်းလဲစေလိုက်မည့် ပထမဆုံး သေနတ်သံကို ကြားလိုက်ရပေသည်။ ပြီးတော့ ဆက်၍ ဆက်၍။
သည်လိုနှင့်ပင် တည ချုပ်ခဲ့ရသည်။ နှစ်ရက်ဆက်ပြီး အသံပေါင်းစုံလျှံ ဂယက်ညံနေသော တက္ကသိုလ်ကြီးသည် ပကတိ ငြိမ်သက်သွားသည်။ ညတကာရဲ့ ညပေဘဲ။
ရေဒီယိုက တက္ကသိုလ်နှင့် ကောလိပ်များကို ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ကြောင်း ကြေညာလေသည်။
တညလုံး အိပ်မရသော အတွေးကြောင့် ခင်ညို တလူးလှိမ့်လှိမ့် ခံစားနေရသည်။ အိပ်ရေးပျက် မခံသော ၀င်းမောင်ကြီးပင် တလှုပ်လှုပ် ဖြစ်နေသည်။ နှစ်ယောက်သား အံကြိတ်ရင်း အတွေးကိုယ်စီနှင့် ငြိမ်နေမိကြသည်။
ည ၂ နာရီထိ မီးဖွင့်ထားသော်လည်း သည့်နောက်တွင် မီးပိတ်ပြီး ဆိတ်ငြိမ်ခြင်း အာရုံကို ၀င်စား နေမိလိုက်သည်။ နက်ဖြန်ဆို အိမ်ပြန်ရတော့မည်။
ဘယ်အချိန် အိပ်ပျော်သွားသည်မသိ။ '၀ုန်း' ဆိုသော အသံကြီးနှင့်အတူ မြေတုန်ပြီး အဆောင်လှုပ်ခါ သွားတော့မှ ခင်ညို အိပ်ရာက နိုးတော့သည်။
နိုးသည်ဆိုတော့လည်း အဆောင်လှုပ်ခါမှု အရှိန်ကြောင့် ခင်ညိုတို့ နှစ်ယောက်လုံး ကုတင်အောက် ရောက်သွားသည်။
"အဆောင်ကြီး ပြိုပြီထင်တယ်ဗျ"
"လာဗျာ၊ ခြေသံတွေလဲ ကြားတယ်၊ ထွက်ကြည့်ရအောင်"
အခန်းပြင်ရောက်သော အခါတွင်ကား ယူနီယံဘက်ကို ငေးကြည့်နေသည့် ကျောင်းသားများကို တွေ့ရသည်။
"ဟင်"
တကသ (တက္ကသိုလ်ကျောင်းသားမသဂ္ဂ) အဆောက်အဦးကြီး မရှိတော့ပြီ။ ခင်ညို့ ရင်ထဲတွင် ဟာသွားတော့သည်။
"ဖိုးခင်ညို အပေါ်ထပ်သွားကြည့်ရအောင်"
ဘယ်အချိန်က သူ့အနား ရောက်နေသည်မသိ။ ချစ်ဆွေက သူ့လက်ကို ဆွဲခေါ်သွားသည်။ အဆောင်ပေါ်တွင်လည်း အမိုးအုတ်ကြွတ်တွေ ဖွာလျာကြဲနေသည်မို့ ရှောင်ကွင်း သွားရသည်။
"ဟိုမှာ ကြည့်စမ်းဗျာ ဖုံငွေ့တွေပဲ ရှိတော့တယ်"
ချစ်ဆွေလှမ်းပြ၏။ ခင်ညို ကြည့်လိုက်သောအခါ အငွေ့တထောင်းထောင်းနှင့် အုတ်ပုံကြီးသာ မြင်တော့ သည်။ သံဘောင်ကြီးတွေ ထိုးထိုးထောင်ထောင် ထွက်နေသည့်ကြားက အငွေ့တွေ ........။
“ဆရာအောင်ပြည့်” ရဲ့  “ပြိုမှာလေလား မိုးရဲ့ ” စာအုပ်မှ ဖြစ်ပါတယ်။
သတင်းစာဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ ကျူရှင်ဆရာ၊ စာရေးဆရာ အယ်ဒီတာ ဆရာအောင်ပြည့် (ခ) ဦးခင်မောင်မြင့်သည် အသက် ၆၅နှစ် အရွယ် ဧပြီလ (၂၆) ရက်နေ့ ၊ ၂၀၀၄ ခုနှစ်တွင် ကွယ်လွန်ခဲ့ပါသည်။ ဆရာအောင်ပြည့်သည် ယခုဖေါ်ပြခဲ့သော “ပြိုမှာလေလား မိုးရဲ့ ” အပါအဝင် လုံးချင်းဝတ္ထုများစွာနှင့် “နေရစ်တော့ မြသီလာ” တက္ကသိုလ်ခံစားမှု ကဗျာပေါင်းချုပ် အပါအဝင် စာအုပ်များ ရေးသားခဲ့သည်။ ကွယ်လွန်ချိန်က ဖတ်စရာ ဂျာနယ်၏ အယ်ဒီတာချုပ်အဖြစ် တာဝန်ထမ်းဆောင် နေဆဲ ဖြစ်ပါသည်။
ဆရာအောင်ပြည့်သည် ပြွန်တန်ဆာသား ဖြစ်ပြီး၊ ပျဉ်းမနားမြို့၊ အဖ ဦးသာအောင်၊ အမိ ဒေါ်စိုးမြင့်တို့မှ ၁၉၄၁ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်၊ ကြာသာပတေးနေ့တွင် မွေးဖွားသည်။ မွေးချင်း ခုနှစ်ယောက်အနက် စတုတ္ထမြောက်သား ဖြစ်သည်။ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာအထက်တန်းကျောင်းမှ ၁၀တန်း အောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်မှ ၀ိဇ္ဇာ (မြန်မာစာ) ဂုဏ်ထူးဘွဲ့ ရခဲ့သည်။ ဘွဲ့ရပြီးနောက် “ဦးဆောက်ပန်း”အမည်ဖြင့် ရန်ကုန်မြို့ လှည်းတန်းတွင် စာအုပ်ဆိုင်ဖွင့်ခဲ့ပြီး စာများ ရေးသားခဲ့သည်။ အထူးသဖြင့် ရှု့မ၀ မဂ္ဂဇင်းတွင် ၀တ္ထုတိုများစွာ ရေးသားခဲ့သည်။ ၀တ္ထုတို၊ လုံးချင်းဝတ္ထုများစွာ ရေးသားခဲ့သည့်အနက် “ပြိုမှာလေလား မိုးရဲ့” ၀တ္ထုသည် အအောင်မြင်ဆုံး၊ အထင်ရှားဆုံး ဖြစ်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ဆရာအထောက်တော်လှအောင် ဦးစီးသော သတင်းဂျာနယ်တွင် တွဲဖက် အယ်ဒီတာအဖြစ် လည်းကောင်း၊ နောက်ပိုင်း တာဝန်ခံ အယ်ဒီတာအဖြစ် လည်းကောင်း တာဝန်ယူ ဆောင်ရွက်သည်။ ၁၉၈၄ ခုနှစ်တွင် ချယ်ရီမဂ္ဂဇင်း၏ တာဝန်ခံအယ်ဒီတာအဖြစ် ၁၉၉၀ပြည့်နှစ်အထိ ဆောင်ရွက်ခဲ့ပြီးနောက် ၀ါနီပြာ မဂ္ဂဇင်း၊ ရာစုဂျာနယ်၊ နှင်းဆီ မဂ္ဂဇင်း၊ ပေါ်ပြူလာဂျာနယ်၊ ဖတ်စရာဂျာနယ်တို့တွင် တာဝန်ခံ အယ်ဒီတာ၊ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။
ဆရာအောင်ပြည့်သည် စာပေ အနုပညာလောကရဲ့ အဖိုးမဖြတ်နိုင်တဲ့ ကြယ်တပွင့်၊ စာနယ်ဇင်း သမားတွေ အားကျခဲ့ရတဲ့ ချယ်ရီ မဂ္ဂဇင်း တခေတ်ကို ထူထောင်ခဲ့သူ တဦးလည်း ဖြစ်ခဲ့ပါသည်။ ထို့ အပြင် မြန်မာစာဆရာ၊ တက္ကသိုလ်ကို သိပ်ချစ်မြတ်နိုးသူ၊ ကံ့ကော်ရွာ ပန်းချီအဖွဲ့တွင် အမြဲတမ်း အဖွဲ့ဝင်တဦးလည်း ဖြစ်ခဲ့ပါသည်။
သူရဲ့ ကနဦး ၀ါသနာက ပန်းချီဗျ။ သူသည် စကားပြေ အရေးအသားသာမက ကဗျာလည်း စပ်သည် ။ စကားပြေ ကဗျာ။ ပန်ချီလည်း ဆွဲသည်။ ဂီတလည်း ၀ါသနာပါသည်။
၁၉၇၄ ခုနှစ်တွင် ဒါရိုက်တာ မောင်ဝဏ္ဏ ရိုက်ကူးသော ခြေဖ၀ါးတော်နုနု ဇာတ်ကားတွင် သရုပ်ဆောင်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။ စာရေးဆရာ၊ အယ်ဒီတာ၊ သရုပ်ဆောင်အဖြစ် ကျင်လည်ဖြတ်သန်း လှုပ်ရှားခဲ့သည့်အပြင် အချိန်ပိုင်း မြန်မာစာနည်းပြအဖြစ်လည်း တာဝန်ယူ ဆောင်ရွက်ခဲ့သည်။
ယခုဖေါ်ပြခဲ့သော ဇူလိုင် ၇ ရက်နေ့  အကြောင်းပါ “ဆရာအောင်ပြည့်” ရဲ့  “ပြိုမှာလေလား မိုးရဲ့ ” စာအုပ်ဟာ အာဏာရူးတို့ ရဲ့  ကင်ပေတိုင် စာပေစီစစ်ရေးကြောင့် ဖေါ်ပြခွင့် မရရှိခဲ့ပါဖူး။
No comments:
Post a Comment