မြန်မာ့တပ်မတော် အောက်ခြေအကြပ်တပ်သားတွေကို ပြန်လည်ခြေမှုန်းခိုင်းမယ့် နအဖဗိုလ်ချူပ်ကြီးများရဲ့  မတရားလုပ်ရပ်။
ဘဏ်စုငွေတွေကို ထုတ်မပေးလို့ မကျေမနပ်ဖြစ်နေတဲ့ ရဲမွန်တပ်မြို့က တပ်ရင်း (၈) ရင်းကို နေပြည်တော် အထူးတပ်အပါအ၀င် အထူးထောက်လှမ်းရေးတပ်နဲ့ ရန်ကုန်တိုင်း တပ်တွေက အပြင်က ၀ိုင်းရံထားတယ် ဆိုတဲ့ ဘီဘီစီက သတင်းလေး တစ်ပုဒ်ကို ဖတ်မိလိုက်တော့ ရင်ထဲမှာ တော်တော်လေးကိုဘဲ စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီသတင်းကို ကြားလိုက်ရတော့ နာကြည်းကြေကွဲတာထက် ရင်ကျိုးမတတ် ခံစားရတာက ပိုဆိုးပါတယ်။ အခုလိုမျိုး ၀ိုင်းရံထားရလောက်အောင် ဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်ဟာ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး၊ ဆန်းတယ် ဆိုပေမယ့် မထူးတော့သလို ဖြစ်နေပါပြီ။
တပ်မတော်ရဲ့ လုပ်ထုံးလုပ်နည်းအရ ပြန်ကြည့်မယ်ဆိုရင် ပြန်တမ်းဝင်မဟုတ်တဲ့ အခြားအဆင့်တွေမှာ အထူးအခွင့်အရေးတွေမရှိလို့ အသက်အာမခံနဲ့ သူတို့ရဲ့ တာဝန်ထမ်းဆောင်ရင်း မတော်တဆ ကျဆုံးရင် (သို့) မိသားစုရဲ့ သာရေး နာရေး တွေမှာဖြစ်စေ၊ ရုတ်တရက် ငွေလိုအပ်လာရင် ဘယ်သူ့ဆီမှာမှ ချေးဖို့ မလိုဘဲ ကိုယ့်ရဲ့ ဘဏ်စုငွေကို ထုတ်ယူသုံးစွဲနိုင်အောင်လို့ ဗိုလ်ချုပ်ကြီး စောမောင်က ချမှတ်ပေးခဲ့တဲ့ မူတစ်ခုဘဲ ဖြစ်ပါတယ်။
ဒီဘဏ်စုငွေနဲ့ ပတ်သက်ရင် သတ်မှတ်ချက် တစ်ခု ထားရှိပြီးသားပါ။ သတ်မှတ်ငွေကြေး ပမာဏကို ပြည့်ရင် မိမိရဲ့ အကြပ်အတည်းရှိရင် တပ်ရေး ဗိုလ်ကြီးကနေတစ်ဆင့် တပ်ရင်းမှူးဆီကို တင်ပြပြီး ထုတ်ယူသုံးစွဲ နိုင်တယ်လို့ ညွှန်ကြားပြီးသားဘဲ ဖြစ်ပါတယ်။ ဒီလို ကန့်သတ်ထားတာကလဲ တပ်မတော်သားတွေ အရက်၊ လောင်းကစားနှင့် မကောင်းတဲ့ နေရာမှာ ပျော်တတ်တဲ့ လူ့သဘာဝလေးတွေကြောင့် သွေး၊ ချွေးနဲ့ ရင်းပြီး ရှာထားတဲ့ ငွေတွေကို အသုံးမ၀င်တဲ့ နေရာမှာ အလဟသ ဖြုန်းတီးမပစ်အောင်လို့ ထိန်းချုပ်ထားတဲ့ သဘောပါဘဲ။
ဒါပေမယ့် ဒီကနေ့ ဖြစ်စဉ်လေးကတော့ ရင်နင့်စရာပါ၊ တပ်မတော်မှာ နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ကြပေမယ့် မိမိ မိသားစုရဲ့ ဘ၀ရပ်တည်ရေး၊ နေစရာအိမ် ၊ စားစရာ အတွက် ခိုင်မာတဲ့ စီးပွားရေး၊ တပ်ကထွက်ရင် မရှိယုံသာမက ဒီကနေ့ တပ်မတော်ထဲမှာ တာဝန်ထမ်းဆောင်နေစဉ်မှာဘဲ စားဝတ်နေရေး ကြပ်တည်းလို့ တပ်မတော် မိသားစုတွေ ရှိနေတဲ့ အခက်အခဲကို ဖြေရှင်းဖို့ ကိုယ့်ဘဏ်စု ငွေလေးကို ထုတ်သုံးရမယ့် အချိန်မှာ သုံးခွင့်မပြုတာဟာ မူမှန်တဲ့ သဘာဝတစ်ရပ်တော့ မဟုတ်ပါဘူး။
တပ်မတော်မှာ အထက်အရာရှိက တရားသဖြင့် ပေးအပ်သော အမိန့်နှင့် တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမယ်လို့ ဆိုပေမယ့် သတ်မှတ်ချက်ကတည်းက တရားသဖြင့် ဆိုတဲ့ စကားစုကို ထည့်သွင်းပြီးသားပါ။ တရားသဖြင့် ဆိုသည်မှာ စစ်ဥပဒေ၊ အရပ်ဥပဒေ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ညီညွတ်တဲ့ တရားဥပဒေနဲ့ ကိုက်ညီသော အမိန့်ကို ဆိုလိုတာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်လစာ ၊ ကိုယ့်ဘဏ်စုငွေကို ထုတ်မသုံးရ ဆိုတာကတော့ တရားသဖြင့် ဆိုတာနဲ့ ဘောင်မ၀င် အကျုံးမ၀င်ပါဘူး။ ဒါကြောင့် ရဲမွန်တပ်နယ်မှ တပ်ရင်းတွေ တပ်မတော်သားတွေဟာ ဥပဒေနဲ့အညီ မိမိတို့ရဲ့ ရပိုင်ခွင့်ကို တင်ပြတောင်းခံခဲ့တာဘဲ ဖြစ်ပါတယ်။ ဒါကို မတရား နှိမ်နှင်းချင်လို့ နေပြည်တော်ရဲ့ အထူးတပ်၊ အထူးထောက်လှမ်းရေး တပ်နဲ့ ရန်ကုန်တိုင်းက တပ်တွေအပြင် အမှတ် (၇၀၅) လို လက်နက်အကန့် အသတ်မရှိ သုံးစွဲနိုင်တဲ့ (ဓါတုဗေဒ၊ ဇီဝဗေဒ၊ အဖျက်စွမ်းအားမြင့် လက်နက်မျိုးစုံ) အကြမ်းဖက် နှိမ်နှင်းရေးနှင့် အထူးအသေခံတိုက်ခိုက်ရေး လေကြောင်းချီ တပ်ရင်းတွေကို ထုတ်နုတ်သုံးစွဲခဲ့တာဟာ အင်မတန်မှ နာကြည်းဖို့ ကောင်းပါတယ်။ ဒီလိုလုပ်တဲ့ လုပ်ရပ်တွေဟာ တပ်မတော်သားအချင်းချင်း ရဲဘော်ရဲဘက်စိတ် မရှိဘဲ အမြစ်ဖြုတ် စစ်ဆင်ရေး ဆင်နွဲဖို့အတွက် လုပ်ခဲ့တာ သိသာလွန်းပါတယ်။ ဗိုလ်ချုပ်ကြီးတွေ အနေနဲ့ တပ်မတော်သားချင်း အပေါ် ထားရှိရမယ့် ကျင့်ဝတ် (၁၀) ပါး ကို မေ့နေလို့လား၊ ဒါမှမဟုတ် အဓိပ္ပာယ်ကိုဘဲ မသိနားမလည် သဘောမပေါက်တာလား ဆိုတာ ကွဲကွဲပြားပြား မစဉ်းစား တတ်အောင် ဖြစ်မိပါတယ်။
စိန်စီလမ်းကို လျှောက်နေတဲ့ ဗိုလ်ချုပ်ကြီးတွေအနေနဲ့ ထမင်းကြမ်းကိုတောင် နပ်မှန်အောင် မစားနိုင်တဲ့ အောက်ခြေရဲဘော်တွေရဲ့ ဘ၀ကို စာနာ နားလည်နိုင်စွမ်း မရှိတာလား။ ဒါပေမယ့် သေချာတာကတော့ ရဲဘော်ရဲဘက်စိတ် မထားဘဲ မတရား နှိမ်နှင်းဖို့ စီမံနေတာဘဲ ဖြစ်ပါကြောင်း ရင်လေးစွာနဲ့ တင်ပြလိုက်ရ ပါတယ်။
(ပြည်သူ့ စေတနာ့ဝန်ထမ်းအသင်း http://pvamas.blogspot.com/2010/07/blog-post_3992.html မှ ရေးသားချက်အား ပြန်လည်ဖေါ်ပြခြင်း ဖြစ်ပါသည်)။
No comments:
Post a Comment