ကျားထက်ဆိုးသော ရယကနှင့် ရှင်ကြီးနဲ့တူသော မယက။
နစ်နေမန်းဘလော့တွင်ပါသော လောဘသားရယကနှင့် ဟစ်တိုင်တွင်ပါသော သတင်းဖြစ်သည့် (“ဘုရားဓမ္မာရုံအား အပိုင်စီးလိုကြသော လောဘသား ရယကနှင့် ကြံ့ ဖွတ်တို့ အကြောင်း”) ထိုသတင်း ၏ နောက်ဆက်တွဲတို့ကို ဖတ်ရ၍ ရန်ကုန် သင်္ကန်းကျွန်းမြို့ နယ် ကြီးပွားရေးရပ်ကွက် ရတနာသိဒ္ဓိနှစ်ကျိပ်ရှစ်ဆူ ဓမ္မာရုံအား ဘုရားငွေအား အဓမ္မလာဘ်စားထားသော ရယကဥက္ကဌနှင့်အဖွဲ့မှ သိမ်းယူလိုသည့် ကိစ္စအား သိရှိခဲ့ရပါသည်။
သို့သော် မေ့မေ့ပျောက်ပျောက်ပင် ရှိခဲ့ပါသည်။ တစ်ရက်တွင် ခရီးကြုံ၍ သင်္ကန်းကျွန်းဘက်သို့ အရောက် ကြီးပွားရေးရပ်ကွက်မှ အသိများနှင့် ကြုံဆုံ၍ မေးမြန်းစုံစမ်းကြည့်ရာမှ စိတ်မကောင်းဖွယ်ရာ နောက်ဆက်တွဲသတင်းများကို ဆက်လက်ကြားသိခဲ့ရပါသည်။
ဓမ္မာရုံဂေါပကအဖွဲ့မှ ရယကဥက္ကဌ၏ ငွေကြေးလာဘ်စားမှုများအပေါ် အရေးယူဖော်ထုတ်ပေးရန် မယက၊ ခယကနှင့် တယကတို့အား တိုင်ကြားခဲ့သော်လည်း မယက မှ ရယက၏ လာဘ်စားမှုများကို မည်သို့မျှ အရေးမယူခဲ့ပေ။ ထို့ပြင် ရယကအဖွဲ့မှ ဓမ္မာရုံအား အပိုင်စီးရန် အကြံဖြင့် ဖွဲ့စည်းထားသော ဂေါပကအဖွဲ့သစ်နှင့် ယခင်ဂေါပကအဖွဲ့ဟောင်းတို့အား ပူးပေါင်းအလုပ်လုပ်ကြရန် ဖိအား ပေးပြောကြားခဲ့ကြောင်း သိခဲ့ရပါသည်။
သို့သော် ဓမ္မာရုံ၏ ဂေါပကအဖွဲ့ဝင်များမှ လာဘ်စားသူ ရယကဥက္ကဌကိုယ်တိုင် နာယကအဖြစ် နေရာယူကာ စိတ်ကြိုက်ဖွဲ့စည်းထားသောအဖွဲ့နှင့် ပူးပေါင်းမလုပ်ဆောင်နိုင်ကြောင်း တင်ပြသောအခါ သံဃာတော်အပါး (၇၀) ကျော်တို့အား အပတ်စဉ် ဥပုသ်နေ့တိုင်း လောင်းလှူနေသော သံဃိကဒါနဆွမ်းဝတ်အား မပြုစေတော့ပဲ သာသနာရေးကိစ္စများအားလုံးကို လုံးဝရပ်ဆိုင်းထားရန် တားမြစ်ခဲ့ပါသည်။
ထို့ကြောင့် သံဃာတော် အပါး (၇၀) ကျော်တို့အား လောင်းလှူနေသော သံဃိကဒါနဆွမ်းဝတ်ကို ဥပုသ် (၂) ပတ်သာ လောင်းလှူခဲ့ရပြီး ဆက်လက်လောင်းလှူခွင့် မရတော့ပါ။ ထို့ပြင် သင်္ကန်းကျွန်းမယကသည် ရယကတို့ဘက်လိုက်ကာ ရယကမှ စိတ်ကြိုက်ဖွဲ့စည်းထားသော ဓမ္မာရုံအဖွဲ့အား အတည်ပြု တော့မည်ဟု သိရှိရပါသည်။
ထို့ကြောင့် သံဃာတော်များအား နှစ်ပေါင်း (၂၀) ကျော် သံဃိကဒါန ဆွမ်းလောင်းလှူခြင်းအပြင် အခြားသော သာသနာရေး ကိစ္စများပါ ဆောင်ရွက်ခဲ့သော ဂေါပကအဖွဲ့ဝင်လူကြီးများအနေဖြင့်လည်း ကျားထက်ဆိုးသော ရယကကို ကြောက်၍ ရှင်ကြီးနှင့် တူသော မယကကို အားကိုးမိကာမှ ကျားနှင့်ရှင်ကြီး ပူးပေါင်းပြီး ဓမ္မာရုံပါ အပိတ်ခံရသဖြင့် စိတ် မသက်မသာဖြစ်နေရကြောင်း သိခဲ့ရပါသည်။
(ယခုနောက်ဆက်တွဲသတင်းအား ပေးပို့ လာသော မိတ်ဆွေများအား အထူးကျေးဇူးတင်ရှိပါသည်။ ယခင်ရေးသားခဲ့သော ပို့ စ်အား ပြန်လည်ဖတ်ရှူလိုပါက “ဘုရားဓမ္မာရုံအား အပိုင်စီးလိုကြသော လောဘသား ရယကနှင့် ကြံ့ ဖွတ်တို့ အကြောင်း။ http://www.niknayman-niknayman.co.cc/2010/06/blog-post.html” တွင် ဖတ်ရှူနိုင်ပါကြောင်း အသိပေးအပ်ပါသည်။ လေးစားလျက် - နစ်နေမန်း)။
No comments:
Post a Comment