Sunday, August 1, 2010

ကိုယ့်ကိုကိုယ် ငြမ်းအဖြစ် အဖျက်ခံနေကြတာလား၊ အမှောက်ခံရမယ့် ခွက်ဘ၀ ရောက်နေကြပြီလားဆိုတာ သုံးသပ်ဆင်ခြင်ကြဖို့ ပါ။



































“ဘုရားပြီး ငြမ်းဖျက်” ဆိုတဲ့ စကားနဲ့ တော့ မနှိုင်းချင်ပေမယ့် နအဖအာဏာရူးတွေလုပ်နေတဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ (ကောက်ရွေးပွဲ) ကို ၀င်ပြိုင်ကြမယ်ဆိုပြီး လမ်းကြောင်းရွေးကြသူတွေကို သတိပေးစကားတွေ ပြောဆိုကြပေမယ့် ပြောတာလောက်နဲ့ တော့ ကိုယ်သာသိ ကိုယ်သာတတ်ဆိုတဲ့သူတွေအတွက် စေတနာသတိထားပြီး ပြောရတာ အင်မတန်ခက်ခဲလှပါတယ်။

နောက်ဆုံး ဘယ်လောက်ဘဲ ပြောပြ ပြောပြ နားမလည်လက်မခံတဲ့၊ ယုတ်မာသူ ငရမန်ကန်းကိုသာ အဟုတ်ကြီးမှတ်ပြီး ယုံကြည်နေတဲ့ စောလူးမင်းကို ကျန်စစ်မင်းက “ဟယ် သူမိုက်၊ သစ္စာမဲ့သူ၏လက်တွင်းဝယ် ခွေးသေ ၀က်သေ သေရစ်ပေတော့” ဟု ပြောဆိုကာ ရန်သူ့ လက်တွင်းထားခဲ့ရသလိုမျိုး ဖြစ်ရတာမျိုး မဖြစ်ချင်ကြပေမယ့် လက်တွေ့ ခံကြရမှ သိကြမယ့်သူတွေအတွက်တော့ လက်တွေ့ က သင်ခန်းစာတွေ ရရှိကြမှာပါ။

စောစောက မနှိုင်းယှဉ်အပ်တဲ့ စကားအဆိုဖြစ်တဲ့ “ဘုရားပြီး ငြမ်းဖျက်” ဆိုတဲ့စကားမှာ နအဖနဲ့  ပူးပေါင်းပြီး ၂၀၁၀ ခုနှစ်ရွေးကောက်ပွဲမှာ ၀င်ပြိုင်ပြီး ကိုယ်လိုချင်တယ်ဆိုတဲ့ အနေအထားကို ရအောင်ဖန်တီးမယ်လို့  တွေးပြီး လုပ်ဆောင်သူတွေကတော့ ကိုယ့်ကိုကိုယ် ငြမ်းအဖြစ် ကျားပါးစပ်ထဲ ခေါင်းထိုးသွင်းပေးလိုက်တာပါဘဲ။ အဖျက်ခံရမယ့် ငြမ်းအဖြစ် ကိုယ်ကိုတိုင်က အဖြစ်ခံလိုက်တော့ ကိစ္စ၀ိစ္စတောင် မပြီးသေးဖူး စပြီး တစ်ဆင့်ချင်းဆီ အဖျက်ခံရပါပြီ။

နအဖအာဏာရူးတွေက အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ကို ရွေးကောက်ပွဲ မ၀င်ရအောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်အမည်ကို ဆင်တူအသုံးချလို့ ရအောင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ် ပြိုကွဲအောင်ဆိုပြီး လုပ်ကြံဖန်တီးသွေးခွဲတဲ့နေရာမှာ ထောင်ချောက်ဆင်တဲ့လုပ်ရပ် ပြီးစီးသွားတဲ့အခါမှာတော့ ၂၀၁၀ ရွေးကောက်ပွဲတောင် မစရသေးဖူး အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်ထဲက ခွဲထွက်လာသူတွေကို အသနားခံစာတင်ပါတဲ့။ နအဖက ဒီစကားပြောပြီပေါ့၊ ဒီလိုလုပ်ပြီပေါ့။ ကိုယ်က ခေါင်းသွားလျှိုတော့ တစ်ခါတည်း ခေါင်းပြုတ်အောင် မစားလိုက်တာဘဲ လောလောဆယ် အသက်ရှူနိုင်သေးတယ်ပြောရမလို ဖြစ်နေပါပြီ။ သို့ ပေမယ့် အသနားခံစာတင်ပါဆိုတာ အင်မတန် ကိုယ့်ရဲ့  သိက္ခာတရားတွေကို စော်ကားလိုက်တာဘဲဆိုတာ ရှက်တတ် ဆင်ခြင်တတ်ရင်တော့ နအဖနဲ့  ပူးပေါင်းလုပ်ကိုင်လိုသူတွေအတွက် ကြီးမားသော သင်ခန်းစာအစပါဘဲ။ ပိုးဖလံမျိုး မီးကိုတိုးဆိုတာလို မဆင်မခြင်ဘဲ ရှေ့ ဆက်တိုးရင်တော့ ဘ၀ပါဆုံးကြရမှာ ကျိန်းသေပေါက်ပါဘဲ။

နအဖလို အာဏာကို သူသာပိုင်ထားရဖို့  လုပ်နေသူကတော့ “စားပြီး ခွက်မှောက်” ဆိုတာလိုဘဲ သူ့ အတွက် ဗိုက်ဝ အလိုပြည့်ရင်တော့ မလိုအပ်တော့ရင်တော့ စားပြီးခွက်တွေကို မှောက်လိုက်မှာပါဘဲ။ နအဖနဲ့  ပူးပေါင်းလုပ်ကိုင်လိုသူတွေအတွက် နအဖရဲ့  စားခွက်ဘ၀ ရောက်ခံနေတာ ကိုယ့်ကိုကိုယ် သိမြင်ဆင်ခြင်နိုင်ကြဖို့  လိုနေပါပြီ။

ပထမတစ်ခါ အလိမ်အညာခံရရင် လိမ်သူ အပြစ်ပါတဲ့။ နောက်ထပ် အလိမ်အညာခံရရင်တော့ ကိုယ်ညံ့လို့  ကိုယ်ခံရတာပါဘဲတဲ့ဗျာ။ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ကြဖို့  အချိန် နောက်မကျသေးဖူးဆိုပေမယ့် တစ်လှမ်းမက ကျွံ့ နေပြီးဖြစ်တဲ့ ကိုယ့်ရဲ့ ခြေလှမ်းအမှားတွေကို နအဖအာဏာရူးနဲ့  ပေါင်းပြီးလုပ်ကိုင်ရင် ရမလားဆိုတဲ့ စပါးကြီးမြွေကို လင်းမြွေပတ်ကြည့်လို့ ရမလားဆိုတဲ့ အတွေးမှား လမ်းကြောင်းမှားများကို သုံးသပ်ပြီး အမြန်ဆုံး ပြန်လည်တည့်မတ်ကြဖို့  တိုက်တွန်းလိုက်ရပါတယ်ဗျာ။

(နစ်နေမန်း)။

No comments: